မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်သွားရန် တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်သွားရန် တောင်းဆိုသော ထုတ်ပြန်ကြေညာချက်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အနေဖြင့် စစ်အုပ်စု၏ အဓမ္မအာဏာသိမ်းမှုကို ရှုတ်ချပြီး ပြည်သူလူထုနှင့်အတူ တစ်သားတည်း ရပ်တည်သွားရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) မှတိုက်တွန်းသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အုပ်စုမှ အာဏာသိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ တက်သစ်စ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အညွန့်ချိုးလိုက်ခြင်းပင် ဖြစ်သည်။ ယင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုများသည် လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါ၀င်ခြင်းအပါအ၀င် နည်းမျိုးစုံဖြင့် ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြထုတ်ဖော်မှုများ လုပ်ဆောင်ခြင်းဖြင့် စစ်အာဏာသိမ်းမှုအပေါ် ၎င်းတို့၏ အာခံမှုကို ပြသနေလျက်ရှိသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ပါဝင်ဆင်နွှဲနေကြသည့် တိုင်းရင်းသားဒေသများရှိ ပြည်သူများ၊ ဘုန်းကြီးများ၊ ရုပ်ရှင်ဖန်တီးသူများ၊ အနုပညာရှင်များ၊ အလုပ်သမားများ၊ ကျောင်းသူကျောင်းသားများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူများမှာ ၎င်းတို့၏ အခြေခံကျသော လူ့အခွင့်အ‌ရေးများ ချိုးဖောက်ခြင်း ခံနေကြရသည်။ ထိုချိုးဖောက်မှုများထဲတွင် မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကြမ်းဖက် ဖြိုခွဲခြင်း၊ ရိုက်နှက်ခြင်း၊ တရားစွဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူအုပ်အတွင်း ပစ်ခတ်မှုကဲ့သို့ အရမ်းကာရော အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်း၊ ရာဘာကျည်များနှင့် ရေထိုးပိုက်ကြီးများ အသုံးပြုခြင်း၊ နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ချုပ်ချယ်ခြင်းများ ပါဝင်သည်။ ထိုကဲ့သို့ အလွန်အကျွံ အင်အားသုံးမှုများကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်၌ ရဲများ၏ အကြမ်းဖက် ဖြိုခွဲမှုအတွင်း ကျောင်းသူတစ်ဦး၏ ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်သဖြင့် ဦးနှောက်သေဆုံးသွားရပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့သည်။

MNHRC အနေဖြင့် ထိုအကြမ်းဖက်မှုများကို တုံ့ပြန်ရာတွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေး ဌာနများမဟာမိတ်အဖွဲ့ (GANHRI) ၏ အထွေထွေသုံးသပ်ချက်တွင် ချမှတ်ပေးထားသည့် လမ်းညွှန်မူများကို လိုက်နာကျင့်သုံးရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။ ၎င်းသုံးသပ်ချက်တွင် NHRI များအနေဖြင့် နိုင်ငံအတွင်း စစ်အာဏာသိမ်းမှု သို့မဟုတ် နိုင်ငံအရေးပေါ်အခြေအနေ ကြေညာလိုက်သည့် အခြေအနေမျိုးတွင် ပါရီအခြေခံမူများပါ ၎င်း၏ လုပ်ပိုင်ခွင့်အတိုင်း လိုက်နာရန်နှင့် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လိုက်နာလုပ်ဆောင် နိုင်သည့် လမ်းညွှန်ချက်များကို ဖော်ပြထားသည်။

လက်ရှိ MNHRC ၏ ဖွဲ့စည်းမှုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သောအစိုးရမှ အနာအဆာများသည့် တည်ဆဲဥပဒနှင့်အညီ ဖွဲ့စည်းထားမှုအပေါ် အခြေခံသည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြိးမင်းအောင်လှိုင်မှ MNHRC ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များအားလုံးကို နဂိုအတိုင်း ဆက်လက်တာဝန်ထမ်းစေဆောင်ရန် ထုတ်ပြန်ခဲ့သည့်အမိန့်စာသည် ဥပဒေနှင့် မညီသည့်အပြင် တရားမဝင် စစ်အာဏာသိမ်းထားမှုဖြစ်ခြင်းကြောင့် တရားမဝင်ပေ။ ထို့ကြောင့် MNHRC အနေဖြင့် ၎င်းတို့သည် စစ်အာဏာရှင်နှင့် မပူးပေါင်းဘဲ စစ်အုပ်စု၏ အာဏာသိမ်းမှုကို ရှုတ်ချရန်နှင့် ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း ပြသရန်အတွက် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။

အကယ်၍ MNHRC အနေဖြင့် အထက်ပါ တောင်းဆိုချက်များအား လိုက်နာလုပ်ဆောင်ခြင်း မရှိခဲ့ပါက ၎င်းသည် အဓမ္မအာဏာသိမ်းထားသော စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်နေသေည့် ကော်မရှင်တစ်ရပ် အဖြစ်သာ တည်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် စစ်အုပ်စု၏ လုပ်ရပ်များအပေါ် ကန့်ကွက်ရှုတ်ချရန် MNHRC အား မိမိတို့အလုပ်အဖွဲ့မှ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်သည်။ မြန်မာပြည်သူလူ၏ အခွင့်အရေးများကို ကာကွယ်ပေး ခြင်းထက် စစ်အာဏာရှင်ကို ကာကွယ်ပေးနေသော MNHRC နှင့် မိမိတို့အလုပ်အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ စစ်အာဏာရှင် ရှုတ်ချရေး နှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ လုပ်ဆောင်ရန် MNHRC အား တိုက်တွန်းရာတွင် UN၊ INGO များ၊ နိုင်ငံတကာအစိုးရများနှင့် MNHRC နှင့်ပူးပေါင်းလုပ်ဆောင်‌နေသူများအားလုံးမှ မိမိတို့အလုပ်အဖွဲ့၏ တောင်းဆိုချက်များအား ထင်ဟပ်တိုက်တွန်းရန် မိမိတို့မှ အလေးအနက် တိုက်တွန်းတောင်းဆိုသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • နိုင်အဲမွန်၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ auemon@gmail.com
  • နန်းဇွန်မိုး၊ ရှေ့ပြေးအသံအဖွဲ့၊ info@progressive-voice.org

အယ်ဒီတာမှတ်ချက်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တစ်ကယ် ကာကွယ်မြှင့်တင် ပေးနိုင်သော ကော်မရှင်တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (အလုပ်အဖွဲ့) ကို ၂၀၁၉ ခုနှစ် ဇန္နဝါရီလတွင် ဖွဲ့စည်းခဲ့ပါသည်။ အလုပ်အဖွဲ့ကို နောက်ခံစုံလင်သော အနယ်နယ်အရပ်ရပ်မှ အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း (၂၂) ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။

Please contact: reformMNHRC@gmail.com

Facebook: https://www.facebook.com/ReformMNHRC


ထုတ်ပြန်ချက် PDF ကို မြန်မာဘာသာ သို့ အင်္ဂလိပ်ဘာသာ ဖြင့်ရယူရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia