Press Release 1081 Views

ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက် စာတမ်း – မြန်မာနိုင်ငံပြည်သူများမှ မဖြစ်ထွန်းသေးသော ဒီမိုကရေစီအတွက် မဲပေးလိုက်ခြင်းဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို ငြင်းပယ်လိုက်ခြင်း

November 25th, 2020  •  Author:   Progressive Voice  •  1 minute read
Featured image

[၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂ ရက်] နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စီးပွားရေး၊ ဥပဒေကြောင်းနှင့် သံတမန်ရေး ဆိုင်ရာ စသည့်နည်းလမ်းပေါင်းစုံတို့ အသုံးပြုပြီး မြန်မာစစ်တပ်ကို ကန့်သတ်ထားရန် နှင့် ၎င်း၏ နိုင်ငံရေး အခန်းကဏ္ဍကို ငြင်းဆိုရမည်ဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့က ယနေ့ထုတ်ပြန်သော ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင် ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရကို ဒုတိယသက်တမ်းအတွက် ရွေးချယ်လိုက်သည့် ပြတ်သားသော မဲပေးမှုသည် မြန်မာစစ်တပ်အပေါ် အောင်နိုင်လိုသော ပြည်သူများ၏ ဆန္ဒကို ထပ်မံသက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ယင်းစာတမ်းတိုတွင် NLD ဦးဆောင်သော အစိုးရသစ်ကို ၎င်း၏ ဒုတိယသက်တမ်းတွင် ယခင်ပုံမှန်နိုင်ငံရေး လမ်း‌ကြောင်းအတိုင်း သွားခြင်းမဟုတ်ဘဲ လမ်းကြောင်းပြောင်းရန် နှင့် ၎င်းလိုက်နာရမည့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လည်း တောင်းဆိုလိုက်သည်။

Mandate for Democracy? Military Politics Rejected as Myanmar Votes for a yet Unrealized Democracy” ဟု အမည်ရှိသော အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင် မြန်မာစစ်တပ်သည် လူမှုမီဒီယာကို လက်နက်အဖြစ် အသုံးပြုခြင်းအားဖြင့် လူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာများအပေါ် အမုန်းတရားများ ဖြန့်ဝေနေခြင်းကို မီးမောင်းထိုး ဖော်ပြထားသည်။ ထို့အပြင် ယင်းစာတမ်းတိုတွင် မြန်မာစစ်တပ်မှ ကျူးလွန်ထားသော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု  မရှိပါက  NLD မှ ဒုတိယသက်တမ်းအတွက် အနိုင်ရရှိထားသော်လည်း လူမျိုးစုနှင့် ဘာသာရေး လူနည်းစုအသိုင်းအဝိုင်းများအပေါ် ချိုးဖောက်ကျူးလွန်မှုများ ဆက်လက်ဆိုးရွားလာနိုင်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။

“NLD ဦးဆောင်တဲ့ အစိုးရသစ်က လာမယ့် သူ့ရဲ့ဒုတိယသက်တမ်းမှာ စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ချဉ်းကပ်မှုတွေကို အရင်လိုပဲ ဆက်လုပ်နေမယ်ဆိုရင် လက်ခံနိုင်စရာ မရှိပါဘူး။ အဲလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် လုပ်ဆောင်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ခွင့်ပြုထားသလို ဖြစ်နေမယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုကိုလည်း ငြင်းပယ်ရာ ရောက်မယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ကိုလည်း အကြီးအကျယ် ပျက်စီးစေမှာ ဖြစ်တယ်။ အဲဒါကြောင့် NLD ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်ဟာ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ နန်းဇွန်မိုးက ပြောသည်။

ယခုစာတမ်းတိုသည် ရှေ့ပြေးအသံအဖွဲ့၏ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ဒုတိယမြောက် သုံးသပ်ချက်စာတမ်းတို ဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော ပထမစာတမ်းတိုကို “A Vote with No Confidence: Myanmar’s 2020 General Elections and Rights of Ethnic and Religious Minorities” ဟု အမည်ပေးထားပြီး နှစ်ရှည်လများ တည်ရှိနေခဲ့သည့် စနစ်တကျလုပ်ဆောင်ထားသော လူမျိုးရေးခွဲခြားမှုနှင့် ကာလရှည်ကြာ လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုများသည် NLD အစိုးရ၏ ပထမသက်တမ်းအတွင်း ပိုမိုဆိုးရွားလာခဲ့ကြောင်းကို မီးမောင်းထိုးဖော်ပြထားပါသည်။ ထိုမှတစ်ဆင့် အကျိုးဆက်အားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသော မဲပေးပိုင်ခွင့်ရုပ်သိမ်းခြင်းနှင့် ဖယ်ကျဉ်ချန်လှပ်ထားခြင်းများ ဖြစ်ပေါ်စေခဲ့ပြီး လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများထဲမှ လူများစုကို ကျန်ရစ်ခဲ့စေခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နုနယ်နေသေးသော ပါလီမန်ဒီမိုကရေစီသည် လူနည်းစုများ၏ အကျိုးစီးပွားနှင့် ၎င်းတို့၏ဘဝကို တိုးတက်ကောင်းမွန်စေမည်ဟု မျှော်လင့်ရန်အကြောင်းမရှိ ဖြစ်စေခဲ့သည့်အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။

“၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနှင့် ဘာသာရေး လူနည်းစုတွေအပေါ် အစုလိုက် အပြုံလိုက် မဲပေးပိုင်ခွင့် ရုပ်သိမ်းခြင်းနဲ့ ဘေးဖယ်ထားခြင်းက  ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး ဆိုးရွားခဲ့တယ်။ အခုလို တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ နိုင်ငံရေးနယ်ပယ်ကို ထပ်ဆင့် ကန့်သတ်လိုက်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့နဲ့ ဆန့်ကျင်နေတာကြောင့် နောက်ထပ်ပဋိပက္ခတွေကိုပဲ ဖြစ်ပေါ်စေလိမ့်မယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏  စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ Rin Fujimatsu က ပြောသည်။

ယခု စာတမ်းတိုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်နိုင်စွမ်းကို လူသိရှင်ကြား မေးခွန်းထုတ်ခြင်းအပါအဝင်  NLD ဦးဆောင်သော အစိုးရနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် တရားဝင်မှု လျော့နည်းစေရန် မြန်မာစစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်လုံးတွင် အမျိုးသမီးကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုနှင့် ၎င်းတို့အပေါ် ကျား-မ အခြေပြု အမုန်းစကား ပစ်မှတ်ထားတိုက်ခိုက်မှုများကို သုံးသပ်တင်ပြထားသည်။ နောက်ဆုံးအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် အကြမ်းဖက်သည့် စွပ်စွဲချက်များ၊ နှင့် နိုင်ငံရေးပါတီထောက်ခံသူများကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုဖြစ်ရပ်များနှင့် စပ်လျဉ်း၍လည်း မီးမောင်းထိုးဖော်ပြထားသည်။

ထို့အပြင် ၎င်းစာတမ်းတိုတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်ရပ်အများအပြားကို ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ယခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ်များသည် ၂၀၁၅ ထက် ပိုမို၍ တွေ့ရှိရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်သည် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) တွင် ဖော်ြပထားသော အသက်ရှင်နေထိုင်ခွင့်၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးများ အပေါ် အခြေခံထားသည့် အခြေခံမူဖြစ်သော ကြောက်ရွံ့ခြင်းနှင့် ခြိမ်းခြောက်ခံရခြင်းမှ လွတ်ကင်းခြင်းအပါအဝင် အခြေခံအခွင့်အရေးများစွာနှင့် ခွဲထုတ်၍မရနိုင်အောင် ဆက်စပ်နေသည်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် တို့သည်လည်း ရွေးကောက်ပွဲ၏ အဓိကကျသော ဂုဏ်သိက္ခာများ ဖြစ်သည်။ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အရာရှိများ၊ မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ထိခိုက်နစ်နာသူများ၏ ထို အခွင့်အရေးများကို တစ်စုံတစ်ရာ သို့မဟုတ် အားလုံးကို ကန့်သတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့က ပိုမိုကျယ်ပြန့်သော ကြောက်ရွံ့မှုနှင့် ခြိမ်းခြောက်မှု ပတ်ဝန်းကျင်ကိုလည်း ဖြစ်ပေါ်စေသည်။

ထိုအခြေအနေသုံးသပ်ချက်စာတမ်းတိုက ရွေးကောက်ခံ အစိုးရသစ်ကို ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူများ နှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှု ရရှိရေးကို အာမခံပေးရန်၊ နှင့် ထိုသို့လုပ်ဆောင်ရာတွင် လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲဆိုင်ရာ အရာရှိများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များ၏ အခန်းကများကို ထည့်သွင်းစဉ်းစားလျက် ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည့်စုံ လွတ်လပ်သော လူထုစုံစမ်းစစ်ဆေးရေး ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ ရွေးကောက်ပွဲနှင့်ဆက်စပ်သော အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုပိုင်းဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အခိုင်အမာ ဖြစ်ပေါ်လာစေရန်အတွက် အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရဲ နှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းနှင့် ကာကွယ်တားဆီးရေး လုပ်ဆောင်မှုများကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပါသည်။ ထိုအထဲတွင် အွန်လိုင်းရှိ သတင်းအမှားများ၊ အမုန်းစကားများ နှင့်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝန်းကျင်ရှိ အကြမ်းဖက်မှုဖြစ်ရပ်များအကြား ဆက်နွယ်မှုများကို စောင့်ကြည့်လေ့လာခြင်းတို့ ပါဝင်သည်။

ထိုအခြေအနေသုံးသပ်ချက်စာတမ်းတိုတွင် NLD ဦးဆောင်သော ရွေးကောက်ခံ အစိုးရသစ်အနေဖြင့် မြန်မာစစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်ရှိစေရန်၊ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်များမှ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်ထားသော  လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများ နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လက်ရှိလုပ်ဆောင်နေသော နိုင်ငံတကာ တရားမျှတမှု ဖော်ဆောင်ရေး ယန္တရားများ အားကောင်းလာစေရေး လုပ်ဆောင်ရန်၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ICJ မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကြားဖြတ်အစီအမံကို ချက်ချင်းလိုက်နာ လုပ်ဆောင်ရန်သာမက   တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျနှင့် ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ ဖိနှိပ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ နှင့် အဆုံးစွန်းအားဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် ဖြည့်ဆည်းပေးရန် နှင့် အမျိုးသားပြည်လည်ရင်ကြားစေ့ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့အား ဦးစားပေးလုပ်ဆောင်သွားရန် စသည့်အချက်များကို ထည့်သွင်း တိုက်တွန်းတောင်းဆိုထားသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်  

နန်းဇွန်မိုး၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့၊  [email protected]

Rin Fujimatsu၊ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့၊  [email protected]


အယ်ဒီတာ့မှတ်ချက်

အင်္ဂလိပ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်လိုက်သော Mandate for Democracy? Military Politics Rejected as Myanmar Votes for a yet Unrealized Democracy အမည်ရှိ ၂၀၂၀ ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင်ပါရှိသော အကြံပြုတိုက်တွန်းချက်များကို မြန်မာဘာသာ ပြန်ဆိုထားပါသည်။ ထို ပြန်ဆို‌ထားသော အကြံပြုတိုက်တွန်းချက်များ မြန်မာဘာသာကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

အကြံပြုတိုက်တွန်းချက်များ

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ်သို့ 

  • ICCPR နှင့် ICERD အပါအဝင် နိုင်ငံတကာသဘောတူစာချုပ်များကို အမြန်ဆုံး အတည်ပြု လက်မှတ်ရေးထိုးပြီး ပြည်တွင်းဥပဒေများကို နိုင်ငံတကာ သဘောတူစာချုပ်များနှင့်ကိုက်ညီအောင် လုပ်ဆောင်သွားရန်၊
  • ရိုဟင်ဂျာများကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားတစ်ခုအဖြစ် အသိအမှတ်ပြုရန်နှင့် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များမှ ၎င်းတို့ တစ်စုလုံးအပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သော ကြီးမားကျယ်ပြန့်သည့် ချိုးဖောက်ခဲ့မှု များကို အသိအမှတ်ပြုရန်၊
  • ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ အသစ် ရေးဆွဲရန် သို့မဟုတ် ပြင်ဆင်ရေးဆွဲရန်၊ နှင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်မှုကို ပြန်လည်ပေးအပ်ရန်၊
  • မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံးအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ပေါ်ပေါက်စေရေး လုပ်ဆောင်ရန်၊
  • လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများရှိ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခံရသူ ဓားစားခံများနှင့် ရှင်သန်ကျန်ရစ်သူများအတွက် တရားမျှတမှု ရရှိစေရန် ရည်ရွယ်ထားသော နိုင်ငံတကာယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
  • ပြည်တွင်းစစ်၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများ၊ လူမျိုးတုံး သတ်ဖြတ်မှုနှင့် အရပ်သားများအပေါ် ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အားလုံးကို ရပ်တန့်ရန်အတွက် ဖြောင့်မတ်သော ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန်၊
  • ICJ မှ ချမှတ်ထားသော ကြားဖြတ်အစီအမံများကို ချက်ချင်း လေးစားလိုက်နာ လုပ်ဆောင်ရန်၊
  • ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် ဖော်ပြထားသည့်အတိုင်း တိုင်းရင်းသားလူမျိုးစုများအတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခြေခံမူများနှင့်အညီ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး ရှေ့ရှုသော အဓိပ္ပာယ်ပြည့်ဝသည့်အဆင့်များ တက်လှမ်းလုပ်ဆောင်ရန်၊
  • မြန်မာစစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်ရှိစေရန်၊ နှင့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို တည်ထောင်ရန် အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်၊
  • နိုင်ငံရေးကို အခြေခံသော ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုအားလုံးနှင့် အခြားသော လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နှင့် စုဝေးခွင့်အပေါ် ကန့်သတ်မှုများကို အဆုံးသတ်ရန်၊
  • လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်အား ကန့်သတ်ချုပ်ချယ်သော ဥပဒေများကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန်၊ နှင့် အခြေခံလွတ်လပ်ခွင့်ကို ကျင့်သုံးခြင်းအတွက် ပြစ်ဒဏ်ကျခံနေရသူ သို့မဟုတ် ကြားနာမှုကို စောင့်ဆိုင်းနေရသူ အားလုံးအပေါ် တရားမျှတမှု မရှိသည့် စွဲဆိုချက်များအားလုံး ရုပ်သိမ်းရန်၊
  • လူအုပ်စုများအပေါ် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် တောင်းဆိုလှုံ့ဆော်ခဲ့ကြသော အမုန်းစကားများ ဖြန့်ဝေကျူးလွန်သူများကို မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော တရားစီရင်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး အရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အဆင့်များအားလုံး လုပ်ဆောင်ရန်၊ နှင့် ကျား-မကွဲပြားမှု၊ လူမျိုး၊ တိုင်းရင်းသားဖြစ်မှု၊ ဘာသာရေး သို့မဟုတ် အခြား သွင်ပြင်လက္ခဏာသတ်မှတ်ချက်များအပေါ် အခြေခံသော ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေရေး လှုံ့ဆော်သော အမုန်းစကားများကို တိုက်ဖျက်ရန်အတွက် ဖြောင့်မတ်သော ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရန်၊
  • အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှု၊ ခေါင်းဆောင်မှုနှင့် ကျား-မတန်းတူရေးတို့ တိုးမြင့်စေရန်အတွက် လိုအပ်သော မူဝါဒများကို CEDAW အောက်ရှိ နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့်အညီ ပြဌာန်း အကောင်အထည်ဖော်ရန်၊
  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ တားမြစ်ကာကွယ်ပေးခြင်းဆိုင်ရာ အဆိုပြုထားသော ဥပဒေမူကြမ်းကို ပြဌာန်း အကောင်အထည်ဖော်ရန်၊ ထိုသို့လုပ်ဆောင်ရာတွင် ကျား-မအခြေပြု ရာဇဝတ်မှုများအပေါ် သတ်မှတ်ချက်များ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တားမြစ်ချက်များနှင့် အပြစ်ပေးမှုများကို လုံလောက်စွာ ထည့်သွင်းရမည်ဖြစ်ပြီး CEDAW နှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ တို့ အောက်တွင်ရှိသော နိုင်ငံတကာ တာဝန်ဝတ္တရား သတ်မှတ်ချက်များနှင့် ပြည့်မှီစေရေး လုပ်ဆောင်ရန်၊
  • ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှု ရရှိရေးကို အာမခံပေးရန်၊ နှင့် ထိုသို့လုပ်ဆောင်ရာတွင် လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲဆိုင်ရာ အရာရှိများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များ၏ အခန်းကများကို ထည့်သွင်းစဉ်းစားလျက် ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည့်စုံ လွတ်လပ်သော လူထု စုံစမ်းစစ်ဆေးရေး ပြုလုပ်ရန်၊ နှင့်
  • ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပရန်နှင့် ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် မဲဆန္ဒရှင်များ အားလုံး ဘေးကင်းလုံခြုံစွာ ပါဝင်ပြီး လွတ်လပ်တရားမျှတမှုကို အာမခံချက်ပေးနိုင်စေရန်အတွက် အပစ်အခတ်ရပ်စဲရေး အထူးသဖြင့် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး တောင်းဆိုရန်။

နိုင်ငံတကာအသိုင်းအဝိုင်းသို့

  • NLD ဦးဆောင်သောအစိုးရမှ ကျူးလွန်ထားသည့် ဒီမိုကရေစီနည်းကျ မဟုတ်သော လုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နှင့် မြန်မာစစ်တပ်မှ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများဖြစ်ပေါ်နေသည့် အခြေအနေတွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော မူဝါဒများကို ပြန်လည်သုံးသပ်ရန်၊
  • မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်များမှ ကျူးလွန်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုတို့အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ ရှိလာစေရန် လက်ရှိလုပ်ဆောင်နေသော နိုင်ငံတကာ တရားမျှတမှု ဖော်ဆောင်ရေးယန္တရားများ အားကောင်းလာစေရေး ပံ့ပိုးထောက်ခံမှုများ လုပ်ဆောင်ရန်၊
  • မြန်မာစစ်တပ် ခေါင်းဆောင်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ခရိုနီ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်၊
  • NLD ဦးဆောင်သော အစိုးရသစ်အား ၎င်း၏ နိုင်ငံတကာဆိုင်ရာ လူ့အခွင့်အရေး တာဝန်ဝတ္တရားများအပေါ် တာဝန်ခံစေရန်၊ နှင့် ICJ မှ အမိန့်ချမှတ်ထားသော ကြားဖြတ်အစီအမံများကို လိုက်နာလာစေရေး လုပ်ဆောင်ရန်၊
  • ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆွေးနွေးပွဲအစီအစဥ်တွင် မြန်မာနိုင်ငံကို ဆက်လက်ထားရှိရေးနှင့် ICJ မှ အမိန့်ချမှတ်ထားသော ကြားဖြတ်အစီအမံများအပေါ် မြန်မာနိုင်ငံ၏ လိုက်နာဆောင်ရွက်မှုနှင့် ပတ်သက်၍ သုံးသပ်နိုင်ရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ လူထုကြားနာပွဲများ ကျင်းပပေးရေးကို သေချာစေခြင်းဖြင့် ထို ကြားဖြတ်အစီအမံများကို မြန်မာနိုင်ငံမှ လိုက်နာဆောင်ရွက်စေရေး သေချာစွာ လုပ်ဆောင်ရန်၊ နှင့်
  • ရိုဟင်ဂျာလူမျိုးများအပေါ် ရက်စက်စွာ ကျူးလွန်ထားသော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ထိုကျူးလွန်မှုအပေါ် ဆက်လက်ငြင်းပယ်နေမှုများကို လက်ခံခြင်း မပြုရန်။

သတင်းထုတ်ပြန်ချက်ကို ဒေါင်းလုတ်ယူရန်

For English version.