မင်းအောင်လှိုင်နှင့် ဆက်နွှယ်နေသည့် ရွှေခဝါချမှုအစီအစဉ်က မြန်မာစစ်ရာဇဝတ်ဂိုဏ်းအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြ

မင်းအောင်လှိုင်နှင့် ဆက်နွှယ်နေသည့် ရွှေခဝါချမှုအစီအစဉ်က မြန်မာစစ်ရာဇဝတ်ဂိုဏ်းအပေါ် ကမ္ဘာလုံးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေကြောင်း ဖော်ပြ

Justice For Myanmar ၏ စုံစမ်းဖော်ထုတ်မှုအသစ်တစ်ရပ်တွင် မအောင်မြင်လိုက်သည့် စစ်အုပ်စုဆက်နွှယ် ရွှေခဝါချမှု အစီအစဉ်ကြီးတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ မြန်မာစစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း လအနည်းငယ်အကြာတွင် စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် ကွန်ရက်တစ်ခုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်ရှိသော ရွှေ ၈၀၀ ကီလိုဂရမ် (၄၉၀ ပိဿာခန့်) ကို ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတစ်ဆင့် ရောင်းချခဝါချရန် ကြိုးပမ်းခဲ့သည်။

အဆိုပါအစီအစဉ်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ကြိုးကိုင်ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဤတွေ့ရှိချက်များသည် Justice For Myanmar က ရရှိထားသော စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာများနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုများအပေါ် အခြေခံထားသည်။

စစ်အုပ်စုကွန်ရက်သည် ယင်းရွှေများကို လာအိုစီးပွားရေးလုပ်ငန်းစုကြီး AIF Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံသို့ ရောင်းချရန်နှင့် ငွေပေးချေမှုများကို တစ်စိတ်တစ်ပိုင်း အစိုးရပိုင်ဖြစ်သော BIC Bank Lao မှတစ်ဆင့် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။

မင်းအောင်လှိုင်မိသားစု၏ အနီးကပ်မိတ်ဖက်နှင့် စစ်လက်နက်ပွဲစားဖြစ်သူ ထွန်းမင်းလတ်သည် ထိုစဉ်က ထိုင်းလွှတ်တော်အမတ်ဖြစ်သူ ၎င်း၏စီးပွားရေးမိတ်ဖက် ဥပကစ်ပါချာရီယန်ကွန်း နှင့်အတူ ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ စာရွက်စာတမ်းများတွင် အပြီးသတ်ရောင်းချသူ အဖြစ် ဖော်ပြထားသည့် ထိုင်းကုမ္ပဏီတစ်ခုမှတဆင့် ရွှေရောင်းချရေးကို စီစဉ်ခဲ့ကြသည်။

၎င်းတို့နှစ်ဦးကြား ဆက်သွယ်ပြောဆိုမှုများတွင် ရွှေ ၂၀၀ ကီလိုဂရမ် (၁၂၂ ပိဿာ) ကို ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုများ ပါဝင်သော်လည်း Justice For Myanmar အနေဖြင့် အဆိုပါရွှေများ အမှန်တကယ် လက်ပြောင်းလက်လွှဲ ဖြစ်ခဲ့ခြင်း ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

AIF Group နှင့် ဆောင်ရွက်ရန် စီစဉ်ထားသော အရောင်းအဝယ်သည် ငွေကြေးအာမခံချက်များနှင့် လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်မှု အစီအစဉ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့သည်။

အဆိုပါအစီအစဉ် မအောင်မြင်ခဲ့သော်လည်း စစ်အုပ်စု၊ ယင်း၏ ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် ခရိုနီများထံမှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ အန္တရာယ်များသည် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

Justice For Myanmar ၏ နောက်ဆုံးထုတ်အစီရင်ခံစာနှင့် ယခင်စုံစမ်းဖော်ထုတ်မှုများအရ မင်းအောင်လှိုင်၊ ၎င်း၏မိသားစုဝင်များနှင့် အနီးကပ်မိတ်ဖက်များသည် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေဝယ်ယူမှုများ အပါအဝင် ငွေကြေးခဝါချမှုနှင့် ပြည်သူပိုင်ပစ္စည်းခိုးယူမှုများတွင် တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း တွေ့ရသည်။ ထို့အပြင် မင်းအောင်လှိုင်သည် ဒဏ်ခတ်ပိတ်ဆို့ခံထား ရသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများက လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ၏ ရွှေသယံဇာတ များကို ခေါင်းပုံဖြတ်ထုတ်ယူခြင်းမှတစ်ဆင့်လည်း ကိုယ်ကျိုးစီးပွား ရှာဖွေလျက်ရှိသည်။

စစ်အုပ်စုသည် ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် လောင်းကစား လုပ်ငန်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်ကြီး၏ ဗဟိုချက်တွင် ရှိနေသည်။ အဆိုပါရာဇဝတ်မှုများသည် မြန်မာပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေပြီး ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။

စစ်အုပ်စုနှင့် ၎င်းတို့ပတ်သက်နေသည့် ခရိုနီများ၏ ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီလမ်းကြောင်းများကို ပိတ်ပင်ဖြတ်တောက်ရန်အတွက် ၎င်းတို့အပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကျူးလွန်မှုများအတွက် အပြည့်အဝအရေးယူတာဝန်ခံစေရန် Justice For Myanmar က တောင်းဆိုသည်။

မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် အတုအယောင် ရွေး ကောက်ပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုသည် တရားဝင်မှုရရှိရန် လိမ်လည်ကြိုးပမ်းလျက်ရှိသည်။ မှားယွင်းသောတရားဝင်မှု ပေးအပ်ခြင်းသည် စစ်အုပ်စု၏ နိုင်ငံဖြတ်ကျော်နှင့် နိုင်ငံတကာရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ရန် အားပေးအားမြှောက် ပြုရာသာ ရောက်စေမည်ဖြစ်သည်။ အစိုးရများအနေဖြင့် စစ်အုပ်စုကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်နှင့် စစ်အုပ်စုကို ငါးနှစ်ကျော်ကြာ ရဲရဲဝံ့ဝံ့ ငြင်းပယ်တော်လှန်လျက်ရှိသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် Justice For Myanmar က တောင်းဆိုပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မင်းအောင်လှိုင်နဲ့ သူ့ရဲ့ တရားမဝင်စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာ ငါးနှစ်ကျော်ရှိလာခဲ့ပါပြီ။

အတုအယောင် ရွေးကောက်ပွဲအပြီးကစလို့ စစ်အုပ်စုက ပစ်မှတ်မခွဲခြားတဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်လာပါတယ်။၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံခြင်း လွတ်ကင်းစွာနဲ့ ကျူးလွန်နေတာလည်းဖြစ်ပါတယ်။

စစ်အုပ်စုက ရာဇဝတ်စီးပွားဂိုဏ်းတစ်ခုဖြစ်ပါတယ်။ JFM က ဖော်ထုတ်မှတ်တမ်းတင်ထားတဲ့ ရွှေခဝါချဖို့ ကြိုးပမ်းမှုအကြံအစည်အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ အဆမတန် မြင့်တက်လာမှု အတွက် တာဝန်ရှိတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စစ်အုပ်စု ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်လုပ်ငန်းတွေက သူတို့ဟာ အစိုးရတစ်ရပ် မဟုတ်ကြောင်း နဲ့ သူတို့ကို မှားယွင်းတဲ့ တရားဝင်မှုကို ပေးအပ်လို့ မရကြောင်းကို ပြသနေပါတယ်။

ယင်းအစား ထိုင်းနိုင်ငံအပါအဝင် အခြားသောဒေသတွင်းအစိုးရတွေအနေနဲ့ စစ်အုပ်စုက ကျူးလွန်နေတဲ့  ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး သေချာစွာလုပ်ဆောင်ပေးဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့အနေနဲ့ စစ်အုပ်စုနဲ့ သူတို့ရဲ့ခရိုနီတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို  တိုးချဲ့ချမှတ်ဖို့ အရေးတကြီး လုပ်ဆောင်ရမှာဖြစ်ပြီး၊ စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ အပေါင်းအပါတွေ ကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တုံ့ပြန်တားဆီးရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


pdf ဖိုင်ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia