25 November 2020
[၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်] နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စီးပွားရေး၊ ဥပဒေကြောင်းနှင့် သံတမန်ရေး ဆိုင်ရာ စသည့်နည်းလမ်းပေါင်းစုံတို့ အသုံးပြုပြီး မြန်မာစစ်တပ်ကို ကန့်သတ်ထားရန် နှင့် ၎င်း၏ နိုင်ငံရေး အခန်းကဏ္ဍကို ငြင်းဆိုရမည်ဖြစ်ကြောင်း ရှေ့ပြေးအသံအဖွဲ့က ယနေ့ထုတ်ပြန်သော ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင် ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရကို ဒုတိယသက်တမ်းအတွက် ရွေးချယ်လိုက်သည့် ပြတ်သားသော မဲပေးမှုသည် မြန်မာစစ်တပ်အပေါ် အောင်နိုင်လိုသော ပြည်သူများ၏ ဆန္ဒကို ထပ်မံသက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ယင်းစာတမ်းတိုတွင် NLD ဦးဆောင်သော အစိုးရသစ်ကို ၎င်း၏ ဒုတိယသက်တမ်းတွင် ယခင်ပုံမှန်နိုင်ငံရေး လမ်းကြောင်းအတိုင်း သွားခြင်းမဟုတ်ဘဲ လမ်းကြောင်းပြောင်းရန် နှင့် ၎င်းလိုက်နာရမည့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများအပေါ် တာဝန်ယူမှု တာဝန်ခံမှု ရှိရန်လည်း တောင်းဆိုလိုက်သည်။
“Mandate for Democracy? Military Politics Rejected as Myanmar Votes for a yet Unrealized Democracy” ဟု အမည်ရှိသော အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင် မြန်မာစစ်တပ်သည် လူမှုမီဒီယာကို လက်နက်အဖြစ် အသုံးပြုခြင်းအားဖြင့် လူနည်းစုများ အထူးသဖြင့် ရိုဟင်ဂျာများအပေါ် အမုန်းတရားများ ဖြန့်ဝေနေခြင်းကို မီးမောင်းထိုး ဖော်ပြထားသည်။ ထို့အပြင် ယင်းစာတမ်းတိုတွင် မြန်မာစစ်တပ်မှ ကျူးလွန်ထားသော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှု မရှိပါက NLD မှ ဒုတိယသက်တမ်းအတွက် အနိုင်ရရှိထားသော်လည်း လူမျိုးစုနှင့် ဘာသာရေး လူနည်းစုအသိုင်းအဝိုင်းများအပေါ် ချိုးဖောက်ကျူးလွန်မှုများ ဆက်လက်ဆိုးရွားလာနိုင်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။
“NLD ဦးဆောင်တဲ့ အစိုးရသစ်က လာမယ့် သူ့ရဲ့ဒုတိယသက်တမ်းမှာ စိုးရိမ်ဖွယ်ကောင်းတဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ချဉ်းကပ်မှုတွေကို အရင်လိုပဲ ဆက်လုပ်နေမယ်ဆိုရင် လက်ခံနိုင်စရာ မရှိပါဘူး။ အဲလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေအပေါ် လုပ်ဆောင်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ခွင့်ပြုထားသလို ဖြစ်နေမယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုကိုလည်း ငြင်းပယ်ရာ ရောက်မယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ကိုလည်း အကြီးအကျယ် ပျက်စီးစေမှာ ဖြစ်တယ်။ အဲဒါကြောင့် NLD ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်ဟာ သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ပြောင်းရမှာ ဖြစ်ပါတယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ နန်းဇွန်မိုးက ပြောသည်။
ယခုစာတမ်းတိုသည် ရှေ့ပြေးအသံအဖွဲ့၏ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ဒုတိယမြောက် သုံးသပ်ချက်စာတမ်းတို ဖြစ်ပါသည်။ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော ပထမစာတမ်းတိုကို “A Vote with No Confidence: Myanmar’s 2020 General Elections and Rights of Ethnic and Religious Minorities” ဟု အမည်ပေးထားပြီး နှစ်ရှည်လများ တည်ရှိနေခဲ့သည့် စနစ်တကျလုပ်ဆောင်ထားသော လူမျိုးရေးခွဲခြားမှုနှင့် ကာလရှည်ကြာ လက်နက်ကိုင်ပဋိပက္ခများ၏ သက်ရောက်မှုများသည် NLD အစိုးရ၏ ပထမသက်တမ်းအတွင်း ပိုမိုဆိုးရွားလာခဲ့ကြောင်းကို မီးမောင်းထိုးဖော်ပြထားပါသည်။ ထိုမှတစ်ဆင့် အကျိုးဆက်အားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားသော မဲပေးပိုင်ခွင့်ရုပ်သိမ်းခြင်းနှင့် ဖယ်ကျဉ်ချန်လှပ်ထားခြင်းများ ဖြစ်ပေါ်စေခဲ့ပြီး လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများထဲမှ လူများစုကို ကျန်ရစ်ခဲ့စေခြင်းအားဖြင့် မြန်မာနိုင်ငံ၏ နုနယ်နေသေးသော ပါလီမန်ဒီမိုကရေစီသည် လူနည်းစုများ၏ အကျိုးစီးပွားနှင့် ၎င်းတို့၏ဘဝကို တိုးတက်ကောင်းမွန်စေမည်ဟု မျှော်လင့်ရန်အကြောင်းမရှိ ဖြစ်စေခဲ့သည့်အကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနှင့် ဘာသာရေး လူနည်းစုတွေအပေါ် အစုလိုက် အပြုံလိုက် မဲပေးပိုင်ခွင့် ရုပ်သိမ်းခြင်းနဲ့ ဘေးဖယ်ထားခြင်းက ၂၀၁၅ ရွေးကောက်ပွဲထက် ပိုပြီး ဆိုးရွားခဲ့တယ်။ အခုလို တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ နိုင်ငံရေးနယ်ပယ်ကို ထပ်ဆင့် ကန့်သတ်လိုက်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့နဲ့ ဆန့်ကျင်နေတာကြောင့် နောက်ထပ်ပဋိပက္ခတွေကိုပဲ ဖြစ်ပေါ်စေလိမ့်မယ်။” ဟု ရှေ့ပြေးအသံအဖွဲ့၏ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ Rin Fujimatsu က ပြောသည်။
ယခု စာတမ်းတိုတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်နိုင်စွမ်းကို လူသိရှင်ကြား မေးခွန်းထုတ်ခြင်းအပါအဝင် NLD ဦးဆောင်သော အစိုးရနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် တရားဝင်မှု လျော့နည်းစေရန် မြန်မာစစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတစ်လျှောက်လုံးတွင် အမျိုးသမီးကိုယ်စားလှယ်များ၏ ကိုယ်စားပြုမှုနှင့် ၎င်းတို့အပေါ် ကျား-မ အခြေပြု အမုန်းစကား ပစ်မှတ်ထားတိုက်ခိုက်မှုများကို သုံးသပ်တင်ပြထားသည်။ နောက်ဆုံးအနေဖြင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများအပေါ် အကြမ်းဖက်သည့် စွပ်စွဲချက်များ၊ နှင့် နိုင်ငံရေးပါတီထောက်ခံသူများကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုဖြစ်ရပ်များနှင့် စပ်လျဉ်း၍လည်း မီးမောင်းထိုးဖော်ပြထားသည်။
ထို့အပြင် ၎င်းစာတမ်းတိုတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်ရပ်အများအပြားကို ထည့်သွင်းဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ ယခုနှစ် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ရပ်များသည် ၂၀၁၅ ထက် ပိုမို၍ တွေ့ရှိရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်သည် နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (ICCPR) တွင် ဖော်ြပထားသော အသက်ရှင်နေထိုင်ခွင့်၊ လူပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့်နှင့် လုံခြုံရေးဆိုင်ရာ အခွင့်အရေးများ အပေါ် အခြေခံထားသည့် အခြေခံမူဖြစ်သော ကြောက်ရွံ့ခြင်းနှင့် ခြိမ်းခြောက်ခံရခြင်းမှ လွတ်ကင်းခြင်းအပါအဝင် အခြေခံအခွင့်အရေးများစွာနှင့် ခွဲထုတ်၍မရနိုင်အောင် ဆက်စပ်နေသည်။ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့် တို့သည်လည်း ရွေးကောက်ပွဲ၏ အဓိကကျသော ဂုဏ်သိက္ခာများ ဖြစ်သည်။ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ အရာရှိများ၊ မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်လောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် ထိခိုက်နစ်နာသူများ၏ ထို အခွင့်အရေးများကို တစ်စုံတစ်ရာ သို့မဟုတ် အားလုံးကို ကန့်သတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့က ပိုမိုကျယ်ပြန့်သော ကြောက်ရွံ့မှုနှင့် ခြိမ်းခြောက်မှု ပတ်ဝန်းကျင်ကိုလည်း ဖြစ်ပေါ်စေသည်။
ထိုအခြေအနေသုံးသပ်ချက်စာတမ်းတိုက ရွေးကောက်ခံ အစိုးရသစ်ကို ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူများ နှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှု ရရှိရေးကို အာမခံပေးရန်၊ နှင့် ထိုသို့လုပ်ဆောင်ရာတွင် လုံခြုံရေးတပ်ဖွဲ့များ၊ ရွေးကောက်ပွဲဆိုင်ရာ အရာရှိများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များ၏ အခန်းကများကို ထည့်သွင်းစဉ်းစားလျက် ရွေးကောက်ပွဲနှင့် ဆက်နွယ်သည့် အကြမ်းဖက်မှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို ပြည့်စုံ လွတ်လပ်သော လူထုစုံစမ်းစစ်ဆေးရေး ပြုလုပ်ရန် တောင်းဆိုလိုက်သည်။ ရွေးကောက်ပွဲနှင့်ဆက်စပ်သော အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုပိုင်းဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု အခိုင်အမာ ဖြစ်ပေါ်လာစေရန်အတွက် အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရဲ နှင့် နိုင်ငံရေးပါတီများက ဆောင်ရွက်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းနှင့် ကာကွယ်တားဆီးရေး လုပ်ဆောင်မှုများကို စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပါသည်။ ထိုအထဲတွင် အွန်လိုင်းရှိ သတင်းအမှားများ၊ အမုန်းစကားများ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝန်းကျင်ရှိ အကြမ်းဖက်မှုဖြစ်ရပ်များအကြား ဆက်နွယ်မှုများကို စောင့်ကြည့်လေ့လာခြင်းတို့ ပါဝင်သည်။
ထိုအခြေအနေသုံးသပ်ချက်စာတမ်းတိုတွင် NLD ဦးဆောင်သော ရွေးကောက်ခံ အစိုးရသစ်အနေဖြင့် မြန်မာစစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက် အပြည့်အဝ ရောက်ရှိစေရန်၊ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်များမှ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများအပေါ် ကျူးလွန်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ဆန့်ကျင်သော ရာဇဝတ်မှုများ နှင့် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် လက်ရှိလုပ်ဆောင်နေသော နိုင်ငံတကာ တရားမျှတမှု ဖော်ဆောင်ရေး ယန္တရားများ အားကောင်းလာစေရေး လုပ်ဆောင်ရန်၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ICJ မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကြားဖြတ်အစီအမံကို ချက်ချင်းလိုက်နာ လုပ်ဆောင်ရန်သာမက တိုင်းရင်းသားလူမျိုးများ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးအပေါ် စနစ်တကျနှင့် ဖွဲ့စည်းတည်ဆောက်ပုံပိုင်းဆိုင်ရာ ဖိနှိပ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ နှင့် အဆုံးစွန်းအားဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ် ဖြည့်ဆည်းပေးရန် နှင့် အမျိုးသားပြည်လည်ရင်ကြားစေ့ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့အား ဦးစားပေးလုပ်ဆောင်သွားရန် စသည့်အချက်များကို ထည့်သွင်း တိုက်တွန်းတောင်းဆိုထားသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
နန်းဇွန်မိုး၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
Rin Fujimatsu၊ စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]
အယ်ဒီတာ့မှတ်ချက်
အင်္ဂလိပ်ဘာသာဖြင့် ယနေ့ ထုတ်ပြန်လိုက်သော “Mandate for Democracy? Military Politics Rejected as Myanmar Votes for a yet Unrealized Democracy” အမည်ရှိ ၂၀၂၀ ရွေးကောက်ပွဲအပြီး အခြေအနေသုံးသပ်ချက် စာတမ်းတိုတွင်ပါရှိသော အကြံပြုတိုက်တွန်းချက်များကို မြန်မာဘာသာ ပြန်ဆိုထားပါသည်။ ထို ပြန်ဆိုထားသော အကြံပြုတိုက်တွန်းချက်များ မြန်မာဘာသာကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ်သို့
နိုင်ငံတကာအသိုင်းအဝိုင်းသို့
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.