မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ CSO များအလုပ်အဖွဲ့မှ မြန်မာအစိုးရအား လူ့အခွင့်အရေးအခြေအနေ သုံးသပ်ပွဲဆွေးနွေးပွဲအတွင်း ၎င်းကပေးထားခဲ့သော ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ CSO များအလုပ်အဖွဲ့မှ မြန်မာအစိုးရအား လူ့အခွင့်အရေးအခြေအနေ သုံးသပ်ပွဲဆွေးနွေးပွဲအတွင်း ၎င်းကပေးထားခဲ့သော ကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်ရန် တောင်းဆိုခြင်း

[၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၃ ရက်] မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) မှ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးများကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ် ဖြစ်ရန်အတွက်  ဥပဒေပိုင်းဆိုင်ရာ အာမခံချက်များ ရှိစေရေး လုပ်ဆောင်သွားရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (အလုပ်အဖွဲ့) မှ မြန်မာအစိုးရအား ယနေ့တွင် တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အင်ဒရူးစ် (Mr. Tomas Andrews) မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် အစီရင်ခံရာတွင် စိုးရိမ်ပူပန်မှု အမြောက်အများကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုနှင့် ဒီမိုကရေစီ အားကောင်းလာစေရေး ဆက်လက် ဆောင်ရွက်နေသူ များအတွက် မဟာမိတ်သဖွယ် ရှိနေရမည့် ပိုမိုအားကောင်းသော အမျိုးသား လူ့အခွင့်အရေးဌာန (National Human Right Institution – NHRI) တစ်ရပ် လိုအပ်နေကြောင်းကိုလည်း ထောက်ပြပြောဆိုထားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် မိမိတို့ အလုပ်အဖွဲ့မှ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲ (Universal Periodic Review – UPR) သို့ MNHRC နှင့်ဆိုင်သော ပူးတွဲတင်ပြချက် တစ်စောင် တင်သွင်းခဲ့ပါသည်။  ယင်းတင်ပြချက်ထဲတွင် ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံများမှ ဒုတိယအကြိမ် UPR တွင် ပေးထားခဲ့သော အကြံပြုတိုက်တွန်းချက်များနှင့် ဆက်စပ်၍ MNHRC ၏ စွမ်းဆောင်ရည်ဆိုင်ရာ အဓိကကျသောအချက်များကို အလေးပေးထောက်ပြထားသည်။ အထူးသဖြင့် ကော်မရှင်အဖွဲ့ဝင်များအား ရွေးချယ်ရေးနှင့် ခန့်အပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်၊ လက်နက်ကိုင်ပဋိပက္ခနှင့် မတည်ငြိမ်မှုအခြေအနေများတွင် MNHRC ၏ စွမ်းဆောင်ရည်၊ အလွှာစုံပါဝင်မှု၊ လုံလောက်သောရန်ပုံငွေနှင့် ဘဏ္ဍာရေးဆိုင်ရာ အမှီအခိုကင်းမှု၊ နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ လွတ်လပ်ခွင့် ကန့်သတ်ခံထားရသည့် နေရာများကို စောင့်ကြည့်လေ့လာမှုနှင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ (Human Rights Defender – HRD) များအား အကာအကွယ်ပေးမှု စသည့်အကြောင်းအရာများနှင့် ပတ်သက်၍  အလုပ်အဖွဲ့မှ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထိုတင်ပြချက်ထဲတွင် ထည့်သွင်းတင်ပြထားသည်။

“ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အနေအထားမှာ MNHRC အနေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့အပိုင်းမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ တာဝန်ယူဖို့ အရေးကြီးပါတယ်။” ဟု မျိုးဆက်လှိုင်းအဖွဲ့ (GW) မှ ကိုဘိုဘို က ပြောသည်။ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ MNHRC ပြုပြင်ပြောင်းလဲရေးအပါအဝင် အရေးတကြီးလိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို အရေးပေါ် ဖိအားပေးတာတွေ လုပ်ဆောင်သင့်တယ်။”ဟု ၎င်းက ဆက်ပြောသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်သည် လျော့ကျမသွားသည့်အပြင် နောက်ဆုံးလုပ်ဆောင်ခဲ့သည့် ဒုတိယအကြိမ် UPR အပြီး (၅) နှစ်တာ အချိန်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခများသည် အမြင့်မားဆုံးသော အခြေအနေအထိ ပိုမိုဆိုးရွားလာခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကပင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာ (၂) ရွာကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ရရှိသည့်အချက်အလက်များအရ အိမ်ခြေ ၁၉၀ နီးပါးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင် စက်တင်ဘာလ ၈ ရက်နေ့၌ ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ညောင်ကန်ကျေးရွာကို မြန်မာစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အနည်းဆုံး ရွာသား (၄) ဦး သေဆုံးခဲ့ပြီး (၁၁) ဦးမှာ ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်။ သို့သော် MNHRC သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ယင်းကဲ့သို့သော ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးများအပေါ် တစ်စုံတရာ ထုတ်ဖော်ပြောဆို အရေးယူဆောင်ရွက်ခြင်း အလျဉ်းမရှိသည်ကို တွေ့ရှိခဲ့ရသောကြောင့် မိမိတို့ အလုပ်အဖွဲ့ အနေဖြင့် အလွန်အမင်း စိတ်ပျက်မိပါသည်။

“MNHRC က ပဋိပက္ခသက်ရောက်မှုဒဏ် ခံနေရတဲ့နယ်မြေတွေမှာ အထူးသဖြင့် ရခိုင်လိုနေရာမှာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်နေပေမယ့် ဒီအပေါ်မှာ နှုတ်ဆိတ်နေဆဲ ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာရှိနေတဲ့ အရပ်သားပြည်သူတွေဟာ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ မတရားသတ်ဖြတ်မှု၊ ရွာတွေကို မီးရှို့ဖျက်ဆီးမှုနဲ့ အတင်းအဓမ္မ ထွက်ပြေးတိမ်းရှောင်စေမှု စတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို အလွန်အမင်း ခံစားနေကြရတယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်သူတွေက အပြစ်ပေးအရေးယူခံရတာ မရှိဘဲနဲ့ ကင်းလွတ်မှု ရနေတယ်။ သူတို့က ကင်းလွတ်မှုကို အရင်တုန်းကလည်းရခဲ့တယ် အခုလည်း ဆက်နေရဆဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေကို အားပေးမြှင့်တင်နေရုံနဲ့ မရဘဲ ပြည်သူရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးမယ့် မှီခိုအားထားရတဲ့ လွတ်လပ်ပြီး ထိရောက်မှုရှိတဲ့ အမျိုးသား လူ့အခွင့်အရေးဌာန တစ်ခုရှိဖို့ သိပ်ကိုအရေးကြီးပါတယ်။ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ လွေးပိုးကမေဲ့ခြိူဝ်း က ပြောသည်။

နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရာတွင် စွမ်းဆောင်ရည် အားနည်းခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေး သတ်မှတ်ရေး ဆပ်ကော်မတီ (Global Alliance of National Human Rights Institutions Sub-Committee on Accreditation – GANHRI-SCA) က ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် MNHRC ကို “B” အဆင့် သတ်မှတ်ပေးခဲ့သည်။ “မကြာသေးခင်က NLD အစိုးရကနေပြီး ယခင်စစ်အစိုးရနဲ့ ဆက်နွယ်မှုရှိနေတဲ့ အစိုးရဝန်ထမ်းဟောင်းအများစုနဲ့ MNHRC ကို ပြည်လည်ဖွဲ့စည်း လိုက်တာဟာ MNHRC ကို ပိုပြီးအားကောင်းအောင် လုပ်ဆောင်တဲ့နေရာမှာ အစိုးရရဲ့ စိတ်ဝင်စားမှု အားနည်းနေတယ်ဆိုတာကို ဖော်ပြတာဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ သုံးသပ်ဆွေးနွေးပွဲ အတွင်းမှာ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံတွေက ပေးထားတဲ့ အကြံပြုတိုက်တွန်းချက် တွေကိုလည်း ပြောင်ပြောင်တင်းတင်း လစ်လျူရှုလိုက်တာပဲ ဖြစ်တယ်။” ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) မှ ကိုအောင်ဇော်ဦး က ပြောသည်။

“MNHRC ရဲ့ လုပ်ငန်းလည်ပတ်မှု (၁၀) နှစ်လောက် ရှိလာတဲ့အချိန်မှာ MNHRC က NHRI တွေအတွက် သတ်မှတ်ထားတဲ့ နိုင်ငံတကာရဲ့ အနိမ့်ဆုံးစံချိန်စံနှုန်းဖြစ်တဲ့ ပါရီအခြေခံမူထဲက သတ်မှတ်ထားတဲ့ ယုံကြည် စိတ်ချရပြီး တရားဝင် လွတ်လပ် အမှီအခိုကင်းမှုနဲ့ ထိရောက်မှုရှိရမယ် ဆိုတဲ့စံနှုန်းတွေနဲ့ သိသိသာသာ အလှမ်းဝေးနေဆဲ ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရဘဲ တရားဝင်မှု အားနည်းနေတဲ့ အခြေအနေနဲ့ ဆက်လက် ကြုံတွေ့နေရဆဲ ဖြစ်တယ်။” ဟု အနာဂတ်အလင်းတန်းဆုံမှတ် (FLC) မှ မသက်သက်အောင် က ပြောသည်။

“UPR သုံးသပ်ဆွေးနွေးပွဲမှာပါဝင်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ MNHRC ကို ပါရီအခြေခံမူ တွေနဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ချက်ချင်းလုပ်ဖို့အတွက် မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုသင့်တယ်။” ဟု မျိုးဆက်လှိုင်းအဖွဲ့ (GW) မှ ကိုဘိုဘိုက ပြောသည်။

MNHRC အား ပါရီအခြေခံမူများနှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် လွတ်လပ်၍ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော အမျိုးသားလူ့အခွင့်အရေး ဌာနတစ်ခု ဖြစ်လာရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် မိမိတို့အလုပ်အဖွဲ့မှ တိုက်တွန်း တောင်းဆိုမှုများ စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံရှိ ပျက်စီးယိုယွင်းနေသော လူ့အခွင့်အရေးအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် MNHRC အနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန်လည်း မိမိတို့ အလုပ်အဖွဲ့မှ တိုက်တွန်းတောင်းဆို လိုက်သည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်

  • နန်းဇွန်မိုး၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့ (PV)၊ +66 (0)80 027 4515, [email protected]
  • မသက်သက်အောင်၊ ဒါရိုက်တာ၊ အနာဂတ်အလင်းတန်းဆုံမှတ် (FLC)၊ +95 (0)979 493 2344, [email protected]
  • လွေးပိုးကမေဲ့ခြိူဝ်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)၊ +95 (0)925 612 8582, [email protected]
  • ကိုအောင်ဇော်ဦး၊ ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP)၊ +95 (0)942 103 9493, [email protected]
  • ကိုဘိုဘို၊ အမှုဆောင်ဒါရိုက်တာ၊ မျိုးဆက်လှိုင်း (GW)၊ +95 (0) 94 210 87992, [email protected]

————–

အယ်ဒီတာ့မှတ်ချက်

မိမိတို့အလုပ်အဖွဲ့သည် နောက်ခံမတူကွဲပြားသော အနယ်နယ်အရပ်ရပ်မှ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ပေါင်း (၂၂) ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး MNHRC အား ပါရီအခြေခံမူများနှင့်အညီ မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို ကာကွယ်မြှင့်တင်ပေးနိုင်သည့် လွတ်လပ်၍ ထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော အမျိုးသားလူ့အခွင့်အရေးဌာနတစ်ခု ဖြစ်လာစေရေး လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်ရန်အတွက် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ လုပ်ဆောင်နေသောအဖွဲ့ ဖြစ်ပါသည်။

ဒုတိယအကြိမ် UPR တွင် မြန်မာနိုင်ငံမှ လက်ခံခဲ့သော MNHRC နှင့်ပတ်သက်သည့် အကြံပြုတိုက်တွန်း ချက် (၈) ချက် ရှိခဲ့ပါသည်။ ထိုအကြံပြုတိုက်တွန်းချက်များကို UPR အလုပ်အဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေးသို့ တင်သွင်းထားသည့် မိမိတို့အလုပ်အဖွဲ့၏ ပူးတွဲတင်ပြချက်အပြည့်အစုံနှင့်အတူ ဤနေရာတွင် ရယူနိုင်ပါသည်။ ထို့အပြင် ထိုပူးတွဲတင်ပြချက်မှ အဓိကအကြောင်းအရာများကို ဖော်ပြထားသည့် အချက်အလက်အကျဉ်းချုပ် ကိုလည်း ဤနေရာတွင် ရယူနိုင်ပါသည်။


သတင်းထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့် ရယူရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia