စစ်တပ်အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သတ်သည့် သမ္မတရုံးကြေညာချက်အပေါ် Justice For Myanmar ၏ တုန့်ပြန်မှု၊ လွတ်လပ်သည့် ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုနှင့် ခိုင်လုံသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆို

စစ်တပ်အကျိုးစီးပွားပဋိပက္ခနှင့် ပတ်သတ်သည့် သမ္မတရုံးကြေညာချက်အပေါ်  Justice For Myanmar ၏ တုန့်ပြန်မှု၊ လွတ်လပ်သည့် ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးမှုနှင့် ခိုင်လုံသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆို

ဇူလိုင် ၂၀၊ ၂၀၂၀၊ မြန်မာနိုင်ငံ

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစု မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာများဖြစ်ကြသည့် ဗိုလ်မှူးချုပ်ကျော်ထင် (အငြိမ်းစား)နှင့် ဗိုလ်မှူးနီအောင် (အငြိမ်းစား) တို့နှင့် ပတ်သတ်၍ ဥပဒေနှင့် မညီသော အကျိုးစီးပွားပဋိပက္ခများရှိနေသည်ဆိုသည့် ရှေ့နေချုပ်ရုံး၏ တွေ့ရှိချက်ကို Justice For Myanmar မှ သိရှိရပါသည်။ အဆိုပါနှစ်ဦးသည် မြန်မာ့အကောက်ခွန်ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့ကို အသီးသီး ဦးဆောင်နေကြသည်။ နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင်တို့သည် မြန်မာ့စီးပွားရေးဦးပိုင် ဒါရိုက်တာဘုတ်အဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်ထားကြောင်း ၂၀၂၀ ဇူလိုင် ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲအရ သိရပါသည်။ သို့ရာတွင် ၎င်းတို့၏ အစိုးရအဖွဲ့ရာထူးများကို ဆက်လက်ထားရှိပြီး ရာဇဝတ်ကြောင်းအရ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးမှု မပြုလုပ်ခြင်းသည် အဲန်အယ်ဒီဦးဆောင်အစိုးရအနေဖြင့် အစိုးရ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အထိအခိုက်ခံပြီး မြန်မာစစ်တပ်နှင့် ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်းပင် ဖြစ်ပေသည်။ မှန်ကန်သည့် တရားစီရင်ရေးလမ်းကြောင်းအတိုင်း ဆောင်ရွက်မှုမရှိခြင်းသည် စစ်တပ်အနေဖြင့် စီးပွားရေးအခွင့်ထူးခံမှုနှင့် ပြစ်မှုပြစ်ဒါဏ်များမှ ကင်းလွတ်ခွင့်များ ရရှိမြဲရရှိနေသည်ဆိုသည့် စိုးရိမ်ဖွယ် လက္ခဏာတစ်ရပ်အဖြစ် Justice For Myanmar က ရှုမြင် ပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဗိုလ်မှူးချုပ်ကျော်ထင်၊ ဗိုလ်မှူး နီအောင်နဲ့အတူ ဦးပိုင်နဲ့ MEC တို့မှာ အလားတူ အကျိုးစီးပွားပဋိပက္ခရှိနေတဲ့ အခြားအဖွဲ့ဝင်များအားလုံးကိုလည်း လွတ်လပ်ပြီး စေ့စပ်ပြည့်စုံတဲ့ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးတွေလုပ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။ ၎င်းတို့ကို အစိုးရ အဖွဲ့ဝင်ရာထူးတွေကနေ ချက်ချင်းထုတ်ပယ် ရပါမယ်။ အဲန်အယ်ဒီဦးဆောင်အစိုးရအဖွဲ့အနေနဲ့ စစ်တပ်ရာဇဝတ်ဂိုဏ်းကလူတွေကို ကာကွယ်ပေးမှုတွေ ဆက်လုပ်နေတာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဦးပိုင်ဘုတ်အဖွဲ့ကနေ ဗိုလ်မှူးချုပ်ကျော်ထင်နဲ့ ဗိုလ်မှူးနီအောင်တို့ နှုတ်ထွက်လိုက်ရုံနဲ့ မြန်မာအစိုးရအဖွဲ့တွင်း ကပ်ရောဂါဖြစ်နေတဲ့ အကျိုးစီးပွား ပဋိပက္ခပြသနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဗိုလ်မှူးချုပ်ကျော်ထင်နဲ့ ဗိုလ်မှူးနီအောင်တို့က ဦးပိုင်မှာ အစုရှယ်ယာတွေ ဆက်လက် ပိုင်ဆိုင်ထားပြီးတော့
ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေအနေနဲ့ အစိုးရရဲ့ အရပ်ဘက်ဌာနတွေမှာ အာဏာနဲ့ လွှမ်းမိုးမှုတွေ အများအပြား ရရှိနေအောင် ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတော်ရဲ့အစိတ်အပိုင်းအားလုံးမှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်ထိန်းချုပ်မှုကွန်ယက်ရဲ့ အစိတ်အပိုင်းတွေအနေနဲ့ သူတို့က ဆက်လက် ရှိနေတာပါပဲ။ တကယ်တော့ သူတို့ နှစ်ယောက်ဟာ ပင်လယ်ထဲမြုပ်နေတဲ့ ရေခဲတောင်ရဲ့ ထိပ်ပိုင်းလေးသာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အစိုးရအရာရှိအားလုံး၏ အစုရှယ်ယာပိုင်ဆိုင်မှုများအပါအဝင် စီးပွားရေးအကျိုးစီးပွားများအားလုံးကို ထုတ်ပြန်ကြေငြာပေးဖို့ Justice For Myanmar မှ တောင်းဆိုလိုက်သည်။ ဥပဒေနှင့်မညီဘဲ လုပ်ဆောင်သည့် မည်သည့် အစိုးရအရာရှိမဆို တာဝန်ခံမှု ရှိစေရမည် ဖြစ်ပါသည်။

ဦးပိုင်၏ ဒါရိုက်တာအများစုသည် စစ်တပ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်မှာပင် အစိုးရရာထူးနေရာများတွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ကို Justice For Myanmar မှ တွေ့ရှိရသည်။ ၎င်းတို့အနေဖြင့် အကျိုးစီးပွား ပဋိပက္ခများရှိနေပြီး ၎င်းတို့ကိုပေးအပ်ထားသော အစိုးရရာထူးများကို အလွဲသုံးစားပြုကာ စစ်ဥပဒေအောက်တွင် ပြစ်ဒဏ်ပေးခံရခြင်းမရှိဘဲ အကာအကွယ်ရရှိနေပါသည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ ဘုတ်ဒါရိုက်တာအဖွဲ့တစ်ခုတည်းတွင်ပင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင် တို့ကဲ့သို့သော အလားတူ တရားမဝင်အကျိုးစီးပွား ပဋိပက္ခများ ရှိနေပါသည်။ ၎င်းတို့အားလုံးကို ရာထူးမှ ဖယ်ရှားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရပါမည်။

၁။ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း
၂။ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး
၃။ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး
၄။ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်
၅။ ဗိုလ်ချုပ် ခင်မောင်သန်း
၆။ ဗိုလ်ချုပ် မိုးမြင့်ထွန်း
၇။ ဗိုလ်ချုပ် မိုးအောင် (ရေ)

ရှေ့နေချုပ်ရုံးတွင်လည်း စစ်တပ်၏ ခြယ်လှယ်မှုများ ရှိနေသည်ကို Justice For Myanmar မှ တွေ့ရှိရသည်။ ရှေ့နေချုပ် ကိုယ်တိုင်အပါအဝင် ဝန်ထမ်းအဖွဲ့အကြီးတန်းအရာရှိများသည် စစ်တပ်အရာရှိဟောင်းများ ဖြစ်ကြပြီး မြန်မာ့စီးပွားရေးဦးပိုင်တွင် အစုရှယ်ယာ ပိုင်ဆိုင်မှုများ ရှိ မရှိကို ထုတ်ဖော်ပြောကြားရန် ပျက်ကွက်နေခဲ့ကြသည်။ ထို့အပြင် ရှေ့နေချုပ်ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည့် ဦးကျော်ကျော်နိုင်သည် တချိန်တည်းမှာပင် စစ်တပ်ပိုင် အင်းဝဘဏ်တွင် ဒါရိုက်တာအဖြစ် ဆောင်ရွက်နေသည်ဖြစ်ရာ ၎င်းအား ချက်ချင်းထုတ်ပယ်ပြီး ၎င်း၏ အမှန်တကယ် အကျိုးစီးပွားပဋိပက္ခကို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရပါမည်။

မရတနာမောင်က “စစ်တပ်က သူတို့ရဲ့ အကျိုးအမြတ်တွေကို ကာကွယ်ဖို့နဲ့ သူတို့ရရှိနေတဲ့ ပြစ်ဒဏ် ကင်းလွတ်ခွင့်တွေကို ဆက်လက်ထိန်းသိမ်းထားဖို့ မြန်မာ့တရားစီရင်ရေးစနစ်ကို အကြီးအကျယ် အလွဲသုံးစားပြု ဖျက်ဆီးထားပါတယ်။ အမည်ခံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနောက်ကွယ်မှာ စစ်တပ် ရဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းစုတွေ အစစ်အဆေးမရှိ လုပ်ကိုင်လည်ပတ်ခွင့် ရနေသ၍၊ မြန်မာ့ပြည်သူတွေရဲ့ ကြွယ်ဝမှုတွေကို ခိုးယူနေသ၍၊ ပြည်သူ့ဘဝတွေကို ဖျက်ဆီးနေသ၍ တရားမျှတမှုဆိုတာ ရှိနိုင်မှာ မဟုတ်ပါဘူး။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖျက်သိမ်းပစ်ဖို့၊ စစ်တပ်ကို အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့အတွက် အားကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ကိုလုပ်ရပါမယ်။ စစ်တပ်ရဲ့ ဘဏ်လုပ်ငန်းရှင် ဦးကျော်ကျော်နိုင်နဲ့ အစိုးရအဖွဲ့တွင်းမှာ ရှိနေတဲ့ အခြားသော စစ်တပ်ရာဇဝတ်ဂိုဏ်း အဖွဲ့ဝင်အားလုံးကို ချက်ချင်းဖယ်ရှားပြီး သူတို့ရဲ့ အကျိုးစီးပွားပဋိပက္ခနဲ့ အကျင့်ပျက်ခြစားမှုတွေကို ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရပါမယ်” ဟု ပြောကြားသည်။

မြန်မာ့အကောက်ခွန်ဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့ပါဝင်နေသည့် Ever Flow River နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့၏ ဖက်စပ်စီမံကိန်းတစ်ခုဖြစ်သော Hlaing Inland Terminal and Logistics Hub စီမံကိန်းတွင် ဗိုလ်မှူးချုပ်ကျော်ထင်နှင့် ဗိုလ်မှူးနီအောင်တို့၏ ပါဝင်ပတ်သတ် နေမှု အခန်းကဏ္ဍကို Justice For Myanmar အဖွဲ့က ဖော်ထုတ်ခဲ့ပြီးနောက် ၎င်းတို့၏ အကျိုးစီးပွား ပဋိပက္ခပြဿနာသည် ပြည်သူလူထု၏ စိတ်ဝင်စားမှုကိစ္စရပ် ဖြစ်လာခဲ့သည်။

အယ်ဒီတာများသို့ မှတ်ချက်
Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရေးအတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူတစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် စစ်တပ်စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။

လှိုင်ကုန်တွင်းဆိပ်ကမ်းစီမံကိန်းနှင့် စစ်တပ်၏စနစ်တကျအကျင့်ပြတ်ချစားမှုများ နှင့် ပတ်သတ်၍ Justice For Myanmar ၏ ဆောင်းပါးများကို ဖတ်ရှုရန်

ထပ်မံသိရှိလိုပါက –
ရတနာမောင်
အီးမေးလ် – media@justiceformyanmar.org
ဝဘ်ဆိုဒ် – https://www.justiceformyanmar.org/
တွစ်တာ – @justicemyanmar
ဖေ့ဘုတ် – https://www.facebook.com/justiceformyanmar.org/

PDF ဖိုင်ဖြင့်ယူဖတ်ရန်။

အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia