26 December 2017
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ပါလောင်းကျေးရွာနှင့် ဒေါတခြားကျေးရွာအကြား(၇)မိုင်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ယာယီစစ်ဆေးရေးဂိတ်တစ်ခုကို လွိုင်ကော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)လက်အောက်ခံတပ်မှ ၀င်ရောက်စီးနင်း၍ တာဝန်ထမ်းဆောင်နေသော KNPP မှ တပ်ဖွဲ့ဝင် (၃) ဦးနှင့်အတူ အရပ်သား(၁)ဦးတို့ကို ဖမ်းဆီးကာ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။ KNPP ၏ အဆိုပါ ယာယီစစ်ဆေးရေးဂိတ်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ပြည်နယ်ဆင့်၊ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ်အရ ပြည်သူလူထု၏ လူမှုဘ၀လုံခြုံရေး၊ မူးယစ်ဆေးဝါး လျော့ချရေးနှင့် တရားမ၀င် သစ်များသယ်ဆောင်ခြင်းတို့ကို စစ်ဆေးရန်အတွက် ၂၀၁၃ ခုနှစ်တွင် KNPP ၏ ပြည်ထဲရေးဌာနမှ လွိုင်ကော်မြို့နယ် တပ်ဖွဲ့အနေဖြင့် လိုအပ်လျှင် လိုအပ်သလို စစ်ဆေးနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အခင်းဖြစ်ပွားပုံမှာ (၁၉-၁၂-၂၀၁၇) ရက်နေ့ ညနေအချိန်တွင် အစိုးရတပ်မတော်မှ နယ်စပ်တပ်စခန်းများသို့ ရိက္ခာပို့ပြီးပြန်လာသော စစ်ကားများကို KNPP ယာယီစစ်ဆေးရေးဂိတ်မှ တာဝန်ကျတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးမှုပြုလုပ်ခဲ့ရာ သစ်မျိုးစုံနှင့် မျောတိုင်များကို ထင်းခြောက်များ ၀ါများဖြင့် ဖုံးအုပ်လျှက် သယ်ဆောင် လာသည်ကို တွေ့ရှိရသော်လည်း ပြန်လည်လွှတ်ပေးခဲ့ပြီးနောက် (ဒကစ)လက်အောက်ခံ ခလရ (၅၄)တပ်ဖွဲ့သည် ညပိုင်းတွင် KNPP ယာယီစစ်ဆေးရေးဂိတ်ကို ၀င်ရောက်စီးနင်းခဲ့သည်။ ဖြစ်စဉ်အတွင်း KNPP တပ်ဖွဲ့ဝင်များမှ ခုခံခြင်း မပြုဘဲ လက်ခံတွေ့ဆုံညှိနှိုင်းသော်လည်း အစိုးရတပ်မတော်မှ အင်အားသုံးစီးနင်းကာ မတရားဖမ်းဆီး ညှင်းပန်း နှိပ်စက်၍ လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ KNPP ၏ တာဝန်ရှိသူများက (ဒကစ)မှ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းရာ ရုပ်အလောင်းများအား အစိုးရတပ်မတော်မှမီးသဂြိုင်္လ်ခဲ့သည်ကို အတည်ပြု၍ (၂၁-၁၂-၂၀၁၇) ရက်နေ့တွင် ၎င်းတို့၏အရိုးအိုးများကို KNPP ၏ တာဝန်ရှိသူများထံ လွှဲအပ်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဤအဖြစ်အပျက်သည် ခိုင်မာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ ဆိုးကျိုးတရားလည်း ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ UNFC မှ DPN ၏ အဆိုပြုချက်(၉)ချက်ဖြင့် လွတ်လပ်ဘက်မလိုက်သော မှန်ကန်သည့်ကြားနေ အပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေးယန္တရားကို ဖန်တီးတည်ဆောက်၍ လက်ရှိအပစ်အခတ်ရပ်စဲရေးခိုင်မာစေရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်ရန် အလေးအနက် အဆိုပြုထားရခြင်းပင် ဖြစ်သည်။
ဤသို့ ဆုံးရှုံးနစ်နာခဲ့ရသော KNPP ၏ တပ်ဖွဲ့ဝင် (၃)ဦးနှင့် အရပ်သား(၁)ဦးတို့အတွက် လွန်စွာစိတ်ထိခိုက် ရပါသည်။ ကျန်ရစ်သူ မိသားစုနှင့်တကွ KNPP ပါတီ၊ ကရင်နီတပ်မတော်တို့နှင့်ထပ်တူ ၀မ်းနည်းကျေကွဲရပါသည်။ KNPP ၏ တပ်ဖွဲ့ဝင် (၃)ဦးမှာ ပါတီမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း တိုင်းပြည်နှင့်လူမျိုး အတွက် အသက်ပေးဆပ်သွားခဲ့ရခြင်းအပေါ် မိမိတို့ UNFC မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
ဤဖြစ်ရပ်သည် လက်ရှိဖော်ဆောင်နေသော ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းကို နှောင့်နှေး ကြံ့ကြာစေနိုင်ပြီး၊ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးမှတဆင့် ရရှိထားသော ယုံကြည်မှုကိုလည်း ထိခိုက်စေနိုင်ပါသည်။
ထို့အတွက်ကြောင့် ပွင့်လင်းမြင်သာမှုရှိသော စုံစမ်းစစ်ဆေးရေးနှင့် တရားမျှတမှုပေါ်ပေါက်ရေးတို့အတွက် အစိုးရတပ်မတော်မှ အမြန်ဆုံး ဖော်ဆောင်ပေးရန် လေးနက်စွာ တောင်းဆိုလိုက်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
ဦးထွန်းဇော် – ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀ င် ဖုန်း +66(0)81 – 6 8 0 – 8 93 4
နိုင်အောင်မငေး – ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀ င် ဖုန်း +66(0)92 – 849 – 7352 , +95(0)9780098159
ထုတ်ပြန်ကြေညာချက်မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
ထုတ်ပြန်ကြေညာချက်အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.