လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်

UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) သည် NLD အစိုးရ တက်လာပြီးနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဆပ်ကော်မတီနှင့်လည်းကောင်း၊ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်လည်းကောင်း ၂၀၁၆ ခုနှစ် အစောပိုင်းကာလမှစတင်၍ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပိုမိုအဆင်ပြေမည်ဟု ယုံကြည်ထားသည့် NCA လမ်းကြောင်းပေါ်တွင် တွေ့ဆုံဆွေးနွေး လာခဲ့သည်မှာ (၁၇)လထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲသို့ တက်လှမ်းနိုင်ရန်အတွက် DPN မှ အဆိုပြုထားသော အဆိုပြုချက်(၉)ချက်ကို DPN-PC တို့အကြား ဆွေးနွေးညှိနှိုင်း အဖြေရှာနေသည်မှာ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးထိတိုင် တရားဝင်ဆွေးနွေးပြီးလည်း ဖြစ်ပါသည်။

နောက်ဆုံးအဖြေရရှိရေးအတွက် ထပ်မံဆွေးနွေးရန် ကျန်ရှိနေသေးသောအချက်များကို န၀မအကြိမ်မြောက် DPN-PC အစည်းအဝေးကို လွန်ခဲ့သော ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ရန်ကုန်မြို့ NRPC ရုံး၌ ကျင်းပပြုလုပ်ကာ ညှိနှိုင်းအဖြေရှာကြရန် နှစ်ဘက်သဘောတူ ကြိုတင်ပြင်ဆင်ခဲ့ကြပါသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် တရားဝင် န၀မအကြိမ်မြောက်အစည်း အဝေးအစားကြိုတင်ညှိနှိုင်းအစည်းအဝေးပုံစံကို ရန်ကုန်မြို့တစ်နေရာ၌ ကျင်းပပြုလုပ်၍ နည်းလမ်းရှာခဲ့ကြပါသည်။

အဆိုပါအကြိုညှိနှိုင်းအစည်းအဝေး၏ ရလဒ်အနေဖြင့် နှစ်ဘက်တာဝန်ရှိသူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ ကျန်ရှိနေသော ဆွေးနွေးရန်အချက်များကို နှစ်ဘက်မှ ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် မိမိတို့ DPN မှ ကြိုးပမ်းလျှက်ရှိပါသည်။

ပြည်တွင်းငြိမ်းချမ်းရေး၏အဓိက အရင်းခံပြဿနာမှာ နိုင်ငံရေးပြဿနာပင် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာနိုင်ရေး UNFC အနေဖြင့် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)

ဆက်သွယ်ရန်

ခူဦးရယ် – အထွေထွေအတွင်းရေးမှူး
ဖုန်း +66(0)84-805-1344
နိုင်အောင်မငေး – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
ဖုန်း +66(0)96-970-2721

 

ထုတ်ပြန်ကြေညာချက်ကို ဤနေရာတွင် ရယူနိုင်သည်။

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia