18 July 2026

သတင်းထုတ်ပြန်ချက်
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁၈ ရက်နေ့
ယနေ့တွင် အရပ်ဘက်အဖွဲ့အစည်း (၁၂၃) အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည့် (၃၇) ကြိမ်မြောက် အာဆီယံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေး (37th Meeting of ASEAN Senior Officials on Environment – ASOEN) နှင့် ဆက်စပ်အစည်းအဝေးများကို စစ်အုပ်စုမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းအား တားဆီးပေးရန် အာဆီယံသို့ တောင်းဆိုလိုက်သည်။
လက်ရှိ အာဆီယံနှင့် ASOEN ၏ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ရာသီဥတု၊ ဇီဝမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေး (၇) ခုကို ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ကျင်းပရန် တိုက်တွန်းထားသည်။ ASOEN အဖွဲ့ဝင်များနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သော ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံများ ထံသို့လည်း ပေးပို့ထားသည့် အဆိုပါစာတွင် စစ်အုပ်စုအား နောင်လာမည့် ASOEN အစည်းအဝေးများနှင့် လှုပ်ရှားမှုအားလုံးမှ ဖယ်ထုတ်ရန် တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အလွတ်သဘော အစည်းအဝေးတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယခုစာကို ထုတ်ပြန် ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပလက်ဖောင်းများမှတစ်ဆင့် စစ်အုပ်စုနှင့် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းမှုမှန်သမျှကို အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သောအဖွဲ့များက ကန့်ကွက်သည်။
Defend Myanmar Democracy မှ ကိုမိုက်(ခ်) က “မြန်မာစစ်အုပ်စုဟာ မြန်မာပြည်သူပြည်သားတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေ မဟုတ်ပါဘူး။ စစ်အုပ်စုဟာ သူတို့ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ပိုက်ဆံရှာဖို့ တောတွေ၊ တောင်တွေ၊ မြစ်ချောင်း တွေနဲ့ သတ္တုသယံဇာတတွေကို လုယက်ဖျက်ဆီး အမြတ်ထုတ်နေတာဖြစ်ပါတယ်။ ဒီလို လူတွေကို အာဆီယံရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစည်းအဝေးတွေရဲ့ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် လုံးဝပေးလို့မရပါဘူး”
“ASOEN အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးတာဟာ မြန်မာနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုတွေရဲ့ အဓိကတရားခံ စစ်အုပ်စုကို ဆုချလိုက်တာနဲ့ တူပါတယ်။ ဒါဟာ စစ်ဘီလူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုပြီး အယောင်ပြ ဖုံးကွယ်ဖို့ နဲ့ တရားဝင်မှု ရှိနေတဲ့ပုံစံအဖြစ် လုပ်ကြံဖန်တီးဖို့အတွက် စစ်အုပ်စုက အသည်းအသန် ရှာဖွေနေတဲ့ ပလက်ဖောင်းတစ်ခုကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးများကို စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားပြီး မြန်မာနိုင်ငံ၏ ကျောက်မျက်၊ ပုလဲ၊ သတ္တုနှင့် သစ်တော စသော သဘာဝသယံဇာတများ ထုတ်ယူ၊ ရောင်းဝယ်မှုများကို စီမံခန့်ခွဲနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) က ဦးဆောင်ကာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြေရှိကြောင်း ထိုအိတ်ဖွင့်ပေးစာတွင် သတိ ပေးထားသည်။ ၎င်းဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်လုပ်ငန်း ၅ ခုသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများအတွက် ငွေကြေးရှာဖွေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ခံထား ရသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့သည် MONREC လက်အောက်ရှိ အဓိကကျသော နိုင်ငံပိုင်လုပ်ငန်းများကို ပိတ်ဆို့အရေးယူထားသည်။ သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂတို့သည် ASOEN အစည်းအဝေးအပြီးတွင် စစ်အုပ်စုက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် စီစဉ်ထားဆဲဖြစ်သည်။ ထို့အပြင် MONREC ၏ စစ်အုပ်စုခန့်ဝန်ကြီးဖြစ်သူ ဆန်းဦးသည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုခံထားရသော စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်အုပ်စု (MEHL) ၏ ဥက္ကဌဟောင်းတစ်ဦး ဖြစ်နေခြင်းဖြစ်ပြီး၊ ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံ တို့အနေဖြင့် ၎င်းတို့ကိုယ်တိုင် ပိတ်ဆို့အရေးယူထားသည့် စီးပွားရေးလုပ်ငန်းများကို ထိန်းချုပ် ထားသော စစ်အုပ်စုဝန်ကြီးဌာနက အိမ်ရှင်အဖြစ်ကျင်းပသည့် အစည်းအဝေးသို့ တက်ရောက် ခြင်းသည် ရှေ့နောက်မညီသောလုပ်ရပ်ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက ထောက်ပြထားသည်။ အလားတူ ဂျပန်နှင့် ကိုရီးယားအပါအဝင် ဆွေးနွေးဖက်နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စုက အိမ်ရှင်အဖြစ်ကျင်းပသော မည်သည့်အစည်းအဝေးကိုမဆို တက်ရောက်မည်မဟုတ်ကြောင်း လူသိရှင်ကြား ငြင်းဆိုရန် အိတ်ဖွင့်ပေးစာတွင် တိုက်တွန်းတောင်းဆိုထားသည်။
ငါးနှစ်ကျော်ကြာသည်အထိ မြန်မာပြည်သူများသည် စစ်တပ်၏ အာဏာသိမ်းမှုနှင့် အတုအယောင် ရွေးကောက်ပွဲများကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြပြီး ဖက်ဒရယ် ဒီမိုကရေစီ အနာဂတ်ကို တည်ဆောက်ရန် မယိမ်းမယိုင် ဆုံးဖြတ်ထားကြသည်။ ၂၀၂၁ ခုနှစ်မှ စ၍ လူပေါင်း ၃.၈ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရန် လုပ်ဆောင်ခဲ့သော စစ်အုပ်စုသည် ပြည်သူလုထုကို ပစ်မှတ်ထားသော စစ်ပွဲအတွက် ငွေကြေးရှာဖွေရန် တော၊တောင်နှင့် သတ္တုများ ကို အဓမ္မခေါင်းပုံဖြတ်လုယူခြင်း၊ လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသော မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်အသက်သွင်းရန် တွန်းအား ပေးခြင်း၊ မိုခါမုန်တိုင်းကဲ့သို့သော ရာသီဥတုဘေးအန္တရာယ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိတ်ဆို့ခြင်းနှင့် အကူ အညီများကို လမ်းကြောင်းများ လွှဲ ပစ်ခြင်းများပြုလုပ်ကာ ဘေးအန္တရာယ်များကို လက်နက် သဖွယ် အသုံးချခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ စောင့်ရှောက်နေသော သဘာဝ ထိန်းသိမ်းရေး နယ်မြေများကို ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ လက်ရှိတွင် တရားမဝင် သတ္တု တူးဖော်မှုများကြောင့် ဒေသတွင်း အားကိုးနေရသော ရေအရင်းအမြစ်များ ညစ်ညမ်း လျက်ရှိသည်။
၂၀၂၃ ခုနှစ်တွင် ကုလသမဂ္ဂ ကျွမ်းကျင်သူများက စစ်အုပ်စုနှင့် တရားဝင် ထိတွေ့ ဆက်ဆံမှုများကို ရှောင်ကြဉ်ရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းခဲ့ပြီး မည်သည့် ထိတွေ့ဆက်ဆံမှုကိုမဆို စစ်အုပ်စုက ဝါဒဖြန့်ရန် အသုံးချလိမ့်မည်ဖြစ်ကြောင်း သတိပေး ခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကို အမှန်တကယ် စောင့်ရှောက်သူများသည် အဆိုပါ တော၊တောင်နှင့်မြစ်ချောင်းများကို ကာကွယ်ရန် အသက်စွန့်လုပ်ကိုင်နေကြသော ဌာနေတိုင်းရင်းသားလူမျိုးများနှင့် အခြေခံလူတန်းစားများသာ ဖြစ်သည်။ ယခုအစည်းအဝေး များသည် ရှက်ဖွယ်ကောင်းလောက်အောင် အဆိုပါပြည်သူများကို ဖယ်ကျဥ်ထားရာ ရောက်မည် ဖြစ်သည်။
အိတ်ဖွင့်ပေးစာပါ အဖွဲ့များက ဖိလစ်ပိုင်နိုင်ငံနှင့် ASOEN အဖွဲ့ဝင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သော အစည်းအဝေးများကို နေရာပြောင်းရွှေ့ကျင်းပ ရန်နှင့် စစ်အုပ်စုအား နောင်လာမည့် ASOEN နှင့် ပတ်သက်သောလှုပ် ရှားမှုအားလုံးမှ ဖယ်ထုတ်ရန်၊ ဆွေးနွေးဖက် နိုင်ငံများအနေဖြင့်လည်း စစ်အုပ်စု အိမ်ရှင်အဖြစ် ကျင်းပသော မည်သည့် အစည်းအဝေးသို့မဆို ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းကို လူသိရှင်ကြား ငြင်းဆိုရန်နှင့် တက်ရောက်သူအားလုံးအနေဖြင့် စစ်အုပ်စု သို့မဟုတ် MONREC ထံသို့ မည်သည့် ငွေကြေးနှင့် နည်းပညာ အကူအညီများကိုမဆို မထောက်ပံ့မိစေရေး အသေအချာ လုပ်ဆောင်ရန် တောင်းဆို လိုက်သည်။ ထို့အပြင် အာဆီယံ၏ နှစ်စဉ် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (COP31) သို့ တင်ပြမည့် အာဆီယံ၏ ပူးတွဲကြေညာချက် (ASEAN Joint Statement on Climate Change) ကို စစ်အုပ်စု အိမ်ရှင်အဖြစ် လက်ခံကျင်းပသော အစည်းအဝေးတွင် ညှို့နှိုင်းဆွေးနွေးခြင်းမျိုး မပြုလုပ်ရန်လည်း သတိပေးထား သည်။
အိတ်ဖွင့်ပေးစာအပြည့်အစုံနှင့် ပါဝင်သော အဖွဲ့အစည်းစာရင်းကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါ သည်။
ပိုမိုသိရှိလိုပါက သို့မဟုတ် သတင်းမီဒီယာနှင့်ဆိုင်သော မေးခွန်းများ မေးမြန်းလိုပါက အောက်ပါလိပ်စာများသို့ ဆက်သွယ်နိုင်ပါသည် –
အီးမေးလ် – communication@defendmyanmardemocracy.org
Signal – @Sawlmhu_official.123321
ထုတ်ပြန်ချက်ကို PDF ဖိုင်ဖြင့်ရယူရန် (မြန်မာဘာသာ ၊ English)