အာဇာနည်နေ့ နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

အာဇာနည်နေ့ နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

စာအမှတ် ။      ။၀ ၁ ၃/ အ သ ပ အ / ၂ ၀ ၂ ၆

ရက်စွဲ ။       ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်  

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ခေါင်းဆောင် အာဇာနည် (၉) ဦးနှင့်တကွ ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ တန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော အာဇာနည်အပေါင်းအား ဂုဏ်ပြုအောက်မေ့သောအားဖြင့် လာမည့် ဇူလိုင်လ (၁၉) ရက်နေ့တွင် “အာဇာနည်တိုင်း သမိုင်းမသေ” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်သွားမည် ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ရုပ်တုများကို ဖြိုချဖျက်ဆီးနိုင်သော်လည်း ပြည်သူတို့၏ ရင်ထဲရှိ အာဇာနည်စိတ်ဓာတ်ကိုမူ မည်သည့်အခါမျှ ဖျက်ဆီးဖြိုချနိုင်မည် မဟုတ်ကြောင်း ဤလှုပ်ရှားမှုက သက်သေပြမည် ဖြစ်သည်။

လှုပ်ရှားမှုတွင် ပါဝင်မည့် နည်းနာ (၃) ရပ်

ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အောက်ပါလှုပ်ရှားမှုများတွင် တစ်ခဲနက် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည် –

(၁) စုဝေးချီတက်ဂုဏ်ပြုခြင်း။ ။ ဗိုလ်ချုပ်ရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်၊ လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲကဏ္ဍအသီးသီးမှ ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများ၏ ဂူဗိမာန်များဆီသို့ စုဝေးချီတက်ခြင်းနှင့် ဂုဏ်ပြုအထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်း။

(၂) ငြိမ်သက်အလေးပြုခြင်း။ ။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင်လ (၁၉) ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တိတိတွင် ရောက်ရာအရပ်၌ ငြိမ်သက်အလေးပြုခြင်း၊ ဥဩဆွဲခြင်း၊ ဟွန်းတီးခြင်းများ ပြုလုပ်ခြင်း။

(၃) အနက်ရောင်လှုပ်ရှားမှု (Black Movement)။ ။ အာဇာနည်များကို ဝမ်းနည်း အောက်မေ့သောအားဖြင့် အနက်ရောင် အဝတ်အစားများ၊ ဖဲကြိုးများ၊ ဦးထုပ်များ စသည်တို့ကို ဝတ်ဆင်ခြင်း။

လှုပ်ရှားမှု၏ အဓိက တောင်းဆိုချက် (၃) ရပ်

(၁) လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည်။

(၂) အဓမ္မပြဋ္ဌာန်းထားသော စစ်မှုထမ်းဥပဒေ (ပေါ်တာဆွဲဥပဒေ) ကို ချက်ချင်းဖျက်သိမ်းပေးရန် တောင်းဆိုသည်။

(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည်သာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ဖော်ပြသည်။

လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်များ

စစ်အုပ်စုသည် မျိုးဆက်သစ်လူငယ်များအတွင်း စစ်ဝါဒမှိုင်းတိုက်ခြင်း၊ သမိုင်းအတုအယောင်များ ဖြန့်ဖြူးခြင်းနှင့် လွတ်လပ်ရေးသမိုင်းကြောင်းများကို ပုံဖျက်ဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည်။ စစ်အုပ်စုအဆက်ဆက်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လူမျိုးစုခေါင်းဆောင်များ အရယူခဲ့သည့်လွတ်လပ်ရေး၊ တိုင်းပြည်နှင့် လူထုကို ကာကွယ်မည့် စစ်တပ်တည်ဆောက်ခဲ့သည့် သမိုင်းကြောင်းကို ဖျောက်ဖျက်၍ နေဝင်း၊ သန်းရွှေ၊ စောမောင်တို့သာလျှင် တပ်၏ ဖခင်သဖွယ် ဝါဒမှိုင်းသွင်းသည်။ လူထု၏ လေးစားကြည်ညိုမှုကို အခွင့်အရေးယူကာ ၄င်းတို့၏ စစ်အုပ်စုအကျိုးစီးပွားအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့၏ သမိုင်းပုံရိပ်တို့ကို ဝါဒဖြန့်ချိရေး တခုအတွက်သာ အသုံးချနေခြင်းဖြစ်သည်။

ယနေ့အချိန်အခါတွင် လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုများကို အမြို့မြို့အနယ်နယ်တွင် ဖျက်ဆီးဖယ်ရှားခြင်းဖြင့် အောင်ဆန်းစိတ်ဓာတ်၊ အာဇာနည် စိတ်ဓာတ်များကို ချိုးနှိမ်ရန် လုပ်ဆောင်နေရုံသာမက၊ တန်းတူရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင် ပေးဆပ်ခဲ့သော အာဇာနည်များနှင့် နွေဦးတော်လှန်ရေးတွင် ပေးဆပ်ခဲ့သော အာဇာနည်များ၏ အထိမ်းအမှတ် သရုပ်လက္ခဏာများကိုပါ ပျောက်ပျက်အောင် ဖျက်ဆီးလျက် ရှိသည်။

ဤနိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုကြီးသည် စစ်အုပ်စု၏ သမိုင်းတု၊ သမိုင်းလိမ်များဖြင့် ဝါဒမှိုင်းသွင်းနေမှုများနှင့် အာဇာနည်ဗိမာန်များကို ဖျက်ဆီးနေမှုများကို ပြတ်သားစွာ အံတုမည့် နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်သည်။ လူမျိုးစုံ၊ မျိုးဆက်စုံသော အာဇာနည်များ၏ ကျေးဇူးဂုဏ်နှင့် သတ္တိဂုဏ်တို့သည် ကမ္ဘာတည်သရွေ့ ဥဒါန်းတွင်နေမည်ဖြစ်ပြီး ခေတ်အဆက်ဆက် လူထုရင်ထဲတွင် အစဉ်အောက်မေ့ လေးစားလျက်ရှိကြောင်းကို ပြသသွားမည်ဖြစ်သည်။

ထို့ပြင် အထက်ပါနည်းနာများသာမက ဇူလိုင် (၁၉) ရက်နေ့မှစတင်၍ ပြည်သူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ ကျဆုံးအာဇာနည်မိသားစုဝင်များကို အားပေးစကားပြောကြားခြင်း၊ အသိအမှတ်ပြု ဖေးမပံ့ပိုးပေးခြင်းစသည့် လက်တွေ့ကျသော ကူညီပံ့ပိုးမှု လှုပ်ရှားမှုများကိုပါ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်စုံစမ်းရန်:

မလင်းလက်ဆူး – @LinLattSue.36

မဖောင်ရိုး – k.tinzaraye@gmail.com

Email  – gscb.strike@pm.me

“အရေးတော်ပုံ မုချအောင်ရမည်။”

“အာဏာရှင်စနစ် ဟူသမျှ မုချ ကျရှုံးရမည်။”

“ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ တည်ဆောက်နိုင်ရမည်။”

တော်လှန်ရေးသစ္စာဖြင့်

အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)⁩⁩⁩


pdf ဖိုင် ဒေါင်းလုတ်ရယူရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia