ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးမှုများအပေါ် သတင်းထုတ်ပြန်ချက်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံဆွေးနွေးမှုများအပေါ်  သတင်းထုတ်ပြန်ချက်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်အဖွဲ့ အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် မကြာသေးမီက အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်နှင့် ထိုင်းတော်ဝင်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သော တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုများတွင် SCEF အဖွဲ့ဝင်အဖွဲ့အစည်းများသည် စစ်အုပ်စု ကိုယ်စားလှယ်များနှင့်အတူတကွ ASEAN ကိုတွေ့ဆုံခဲ့ခြင်း မဟုတ်ဘဲ သီးသန့် ASEAN နှင့်သာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။ ယင်းတွေ့ဆုံမှုများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုများနှင့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ရန် ဖြစ်ပါသည်။

အထက်ပါတွေ့ဆုံဆွေးနွေးမှုများသည် SCEF နှင့် စစ်အာဏာရှင်များအကြား တရားဝင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်ခြင်းဟု အဓိပ္ပါယ် မကောက်ယူသင့်ပါ။ ဆွေးနွေးပွဲအတွင်း SCEF ကိုယ်စားလှယ်များက အောက်ပါ အဓိကရပ်တည်ချက်များကို ထပ်လောင်း အတည်ပြုခဲ့ကြပါသည်။

၁။ ASEAN   ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အား ထုတ်ပြန်ကြေညာမှု သက်သက်မဟုတ်ဘဲ အကောင်အထည်ဖော်ရမည်၊

ASEAN   ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus)ကို အကောင်အထည်ဖော်မှု တွင် သိသာထင်ရှားသော သို့မဟုတ် လက်တွေ့ကျသော တိုးတက်မှု မရှိသေးကြောင်း ASEAN ကိုယ်တိုင် က အသိအမှတ်ပြုထားပါသည်။ ASEAN အနေဖြင့်  ASEAN   ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်မှု သေချာစေရန် မည်သို့ ဆောင်ရွက်သွားမည် ဆိုတာ အရေးကြီးပါသည်။ အကောင်အထည်ဖော်မှုသည် ခိုင်မာသော အစီအစဉ်များဖြင့် စတင်ရမည်ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများအား ချက်ခြင်းလွတ်ပေးခြင်း၊ အရပ်သားပြည်သူများအား အဓိပ္ပါယ်ပြည့်ဝသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရရှိနိုင်မှုနှင့် အကြမ်းဖက်မှုများလျော့ချရန် လက်တွေ့ကျသော ယန္တရားများ ပါဝင်ရမည်ဖြစ်သည်။  အကောင်အထည်ဖော်မှုမပါရှိဘဲ ASEAN   ဘုံသဘောတူညီချက် (၅) ချက်ကို အကြိမ်ကြိမ် ထပ်လောင်းအတည်ပြုခြင်းသက်သက်ဖြင့် မြေပြင်ရှိ အရှိတရားများကို မည်သည့် ပြောင်းလဲမှုမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။

၂။ နိုင်ငံရေးအသွင်ကူးပြောင်းခြင်းသည် ရည်မှန်းချက်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးသည် နည်းလမ်း ဖြစ်ပါသည်၊

SCEF သည် ရည်မှန်းချက်မပါသော တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိပါ။ တွေ့ဆုံ ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာ့မဋိပက္ခကို ဖြစ်ပေါ်စေသော အကြောင်းရင်းများကို ဖြေရှင်း နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင် စေရန်ဖြစ်ပါသည်။ စစ်တပ်လွမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးသော အာဏာရှင်စနစ်နှင့် အရင်းခံ နိုင်ငံရေးအကျပ်အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကိုလျော့ချရုံသက်သက်သာ ရည်ရွယ်သော တွေ့ဆုံဆွေးနွေးမှုသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေး နိုင်မည် မဟုတ်ပါ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် ကျယ်ပြန့်သော ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။ နိုင်ငံရေး အသွင်ကူးပြောင်းခြင်းအတွက် မည်သည့် အခါမျှ အစားထိုး၍ မရပါ။

၃။ အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲအတွက်  စစ်အာဏာရှင်များသည် ယခုချိန်ထိ နိုင်ငံရေး စိတ်ဆန္ဒပြသခြင်းမရှိပါ၊

စစ်အုပ်စု၏ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးရေးအတွက် ဖိတ်ခေါ်မှုတွင် ၎င်းတို့ကိုယ်တိုင် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုအတွက်  စစ်မှန်သော ကတိကဝတ် သက်သေမရှိပါ။ နိုင်ငံရေးစိတ်ဆန္ဒသည် လက်တွေ့လုပ်ဆောင်ချက်များဖြင့် ပြသရမည်ဖြစ်သည်။ နိုင်ငံရေးစိတ်ဆန္ဒကို သက်သေပြသရမည့် တာဝန်မှာ မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များဖြစ်သည်။ ထိုတာဝန်များကို တော်လှန်ရေး အင်အားစုများ သို့မဟုတ် အခြားနိုင်ငံရေးပါဝင်ပတ်သက်သူများကို လွှဲချ၍ မရပါ။ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအတွက် ယုံကြည်မှုလိုအပ်ပြီး ယုံကြည်မှုအတွက် လက်တွေ့ကျသော ဆောင်ရွက်ချက်များ လိုအပ်ပါသည်။ အနည်းဆုံးအားဖြင့် အောက်ပါဆောင်ရွက်ချက်များရှိရမည် ဖြစ်သည် –

(က) အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် ခွဲခြားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်နေမှုများ ချက်ခြင်း အဆုံးသတ်ခြင်း

(ခ) ဆေးရုံများ၊ ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် အခြားအရပ်သား ပစ်မှတ်များကို တိုက်ခိုက်မှုများ ရပ်စဲခြင်း

(ဂ) နိုင်ငံရေးအကျဉ်းသားများ ချက်ခြင်းလွတ်ပေးခြင်း

(ဃ) လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိခိုက်ခံစားရသူများဆီသို့ သေချာစွာ ရောက်ရှိခြင်း

(င) နိုင်ငံရေးဖြေရှင်းမှုအတွက် စစ်မှန်သောကတိကဝတ်ဖြင့် ဖော်ပြနိုင်သော ယုံကြည်မှု တည်ဆောက်ရေး အစီအစဉ်များ ပြသနိုင်ခြင်း။

အရပ်သားများအပေါ် ကန့်သတ်ချက်မထားဘဲ တိုက်ခိုက်နေပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ဖိတ်ခေါ်ခြင်းသည် အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံနွေးနွေးမှု မဖြစ်နိုင်ပါ။

၄။ မြန်မာ့နိုင်ငံရေးအရှိတရားသည် အခြေခံကျကျပြောင်းလဲသွားပြီဖြစ်သည်၊

ယနေ့မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာဘဲ သီးသန့် မရှိတော့ပါ။ တိုင်းပြည်၏ နေရာအများအပြားတွင် အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများနှင့် ၎င်းတို့သက်ဆိုင်ရာပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု၍ ဆောင်ရွက်နေကြပါသည်။ ထိုပကတိအရှိတရားများက တိုင်းပြည်၏ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီဖြစ်သည်။ မည့်သည့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံရေးအာဏာပိုင်များကို အသိအမှတ်ပြု ပြီး ထိတွေ့ဆက်ဆံမှုပြုရမည် ဖြစ်သည်။ ယခင်ယူဆချက်များကို အခြေခံ၍တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပါ။ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည် ဖြစ်သည်။

၅။ တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ စတင်ရန် အခြေအနေမရောက်သေးပါ၊

SCEF ခေါင်းဆောင်များသည် ASEAN ၏ “မြေပြင်တွင် မြင်သာထင်ရှားသော လက်တွေ့ တိုးတက်မှု မရှိသေး” ဟူသော အကဲဖြတ်သုံးသပ်ချက်ကို သိရှိရပါသည်။ မြန်မာနိုင်ငံသည် တရားဝင် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်နိုင်သည့် အဆင့်သို့ မရောက်သေးကြောင်း SCEF ၏ အကဲဖြတ် သုံးသပ်ချက်ကိုလည်း ယခုအစည်းအဝေးများက ထပ်လောင်းအတည်ပြုနေပါသည်။ လက်ရှိချက်ခြင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မှာ နိုင်ငံရေးဆိုင်ရာကြိုတင်ပြင်ဆင်မှု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholders များသည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ ပါဝင်မှု၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ အဆင့်လိုက်စီစဉ်ဆောင်ရွက်မှု၊ အကောင်အထည်ဖော်မှုနှင့် အာမခံချက်များအပေါ် ဘုံနိုင်ငံရေး နားလည်မှုကို ဦးစွာတည်ဆောက်ရပါမည်။ SCEF အတွင်း၌လည်း ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင်အပါအဝင် မဏ္ဍိုင် (၃) ရပ်လုံးအကြား ထပ်မံ ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်၍ အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ် များတွင် မပါဝင်မီ SCEF ၏ စုပေါင်း နိုင်ငံရေးမူဘောင် ပေါ်ထွက်ရန် လိုအပ်ပါသည်။

၆။ ငြိမ်းချမ်းရေးဖြစ်စဉ်သည် မြန်မာနိုင်ငံပိုင်ဖြစ်ရမည်၊

ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များသည် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို အထောက်အကူ ပြုရန်နှင့် ငြိမ်းချမ်းရေးကို ကူညီပံ့ပိုးရန် အရေးပါသော အခန်းကဏ္ဍတွင်ရှိပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းရေး၏ ဦးတည်ရာ၊ အရှိန်၊ ဖွဲ့စည်းတည်ဆောက်ပုံနှင့် နိုင်ငံရေး ရလဒ်များကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ ထိုဆုံးဖြတ်ချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholder များက ပိုင်ဆိုင်ပါသည်။ SCEF မှ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ASEAN နှင့် အခြားနိုင်ငံတကာ မိတ်ဖက်များ၏   ဆက်လက် ထိတွေ့ဆက်ဆံမှုကို ကြိုဆိုပါသည်။ သို့ရာတွင် နိုင်ငံရေးအခြေအနေများ မပြည့်စုံမီ ပြင်ပမှ လုပ်ငန်းစဉ်ကို အလျင်အမြန် တွန်းအားပေးခြင်း သို့မဟုတ် ရလဒ်များကို ကြိုတင် သတ်မှတ်ခြင်းတို့ မပြုလုပ်သင့်ပါ။ ယင်းလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သော၊ မြန်မာနိုင်ငံသားများ ဦးဆောင်သော၊ မြန်မာနိုင်ငံသားများ ကြိုတင်ပြင်ဆင်ထားသော လုပ်ငန်းစဉ် အဖြစ် ပေါ်ထွက်လာရမည် ဖြစ်သည်။

နိဂုံး

SCEF သည် နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုဖြင့် ရရှိစေရန် ဆက်လက်ကတိကဝတ် ထားရှိပါသည်။ သို့ရာတွင် ဆွေးနွေးညှိနှိုင်းမှုများသည် ၎င်းကိုယ်တိုင်အတွက်ပန်းတိုင် မဟုတ်ပါ။ မိမိတို့၏ ရည်မှန်းချက်မှာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေး မဟုတ်ပါ။ မိမိတို့၏ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်ပါသည်။ SCEF သည် ထိုသို့သော နိုင်ငံရေးအသွင်ကူးပြောင်းရေးအတွက် လိုအပ်သော အခြေအနေများကို ပြင်ဆင် တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး stakeholder များနှင့်အတူ နိုင်ငံတကာ မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)


pdf ဖိုင် ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia