အရပ်သားပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရေး စင်ကာပူအနေဖြင့် ယခုထက်ပိုမို လုပ်ဆောင်ရမည်

အရပ်သားပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် မြန်မာစစ်တပ်၏  ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်နိုင်ရေး စင်ကာပူအနေဖြင့် ယခုထက်ပိုမို လုပ်ဆောင်ရမည်
မြန်မာစစ်တပ်ထံ စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များနှင့် နည်းပညာများ ထောက်ပံ့ပေးနေသည့် စင်ကာပူတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ၃၃ ခုကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး လေးနှစ်နီးပါးအကြာတွင် ၎င်းကုမ္ပဏီများ၏ ၆၁ ရာခိုင်နှုန်းသည် လုပ်ငန်းလည်ပတ်နေမှု မရှိတော့ပေ။ စင်ကာပူ၏ နိုင်ငံအဆင့် စီးပွားရေးလုပ်ငန်းမှတ်ပုံတင်စာရင်းကို လေ့လာသုံးသပ်ချက်အရ ကုမ္ပဏီ ၂၀ ခုမှာ စာရင်းမှ ပယ်ဖျက်ခံထားရပြီး ၁၃ ခုမှာ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။
ယင်းမှာ မြန်မာစစ်အုပ်စု၏ စစ်လက်နက်များနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်စည်များ ရရှိနိုင်မှုကို တားဆီးပိတ်ပင်ရန် စင်ကာပူအစိုးရအား တိုက်တွန်းခဲ့သည့် Justice For Myanmar ၏ ၂၀၂၂ ခုနှစ် စုံစမ်းဖော်ထုတ်မှုသုတေသနနှင့် လှုပ်ရှားတောင်းဆိုမှု #DoMoreSingapore ကြောင့်လည်း ကောင်း၊ စင်ကာပူနိုင်ငံသည် စစ်အုပ်စုအတွက် အရေးပါသော စစ်လက်နက်ရင်းမြစ်တစ်ခုအဖြစ် ရှိနေ ကြောင်း ဖော်ထုတ်ခဲ့သည့် ၂၀၂၃ ခုနှစ် သုတေသနအစီရင်ခံစာကို ရေးသားထုတ်ဝေခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ကြိုးပမ်းအားထုတ်မှုများကြောင့်လည်းကောင်း ဖြစ်ပေါ်လာ ခြင်းဖြစ်သည်။
စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသည့် ကုမ္ပဏီများတွင် အစ္စရေးနိုင်ငံမှ Super Dvora Mk III အမြန်တိုက်ခိုက်ရေးရေယာဉ်များနှင့် Skylark မောင်းသူမဲ့လေယာဉ် (UAV) များအပါအဝင် လက်နက်ဝယ်ယူရေးတွင် ပါဝင်ပတ်သက်ခဲ့သည့် Star Sapphire Group ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု၊ ဂျာမန်ကုမ္ပဏီ ND Satcom ၏ ရွေ့လျားဆက်သွယ်ရေးစနစ်များ (COTM) ကို စစ်တပ်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးသို့ ရောင်းချထောက်ပံ့ပေးခဲ့သည့် A1 Group ကုမ္ပဏီများအုပ်စု၏ လက်အောက်ခံဖြစ်သော Bright Sky Group Pte. Ltd နှင့် မြန်မာရေတပ်၏ ဖရီးဂိတ် စစ်ရေယာဉ် တည်ဆောက်ရေးစီမံကိန်းအတွက် စက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည့် Atland Services Pte Ltd နှင့် General Machinery Trading Pte. Ltd တို့ ပါဝင်သည်။
သို့သော် မြန်မာစစ်တပ်၏ နာမည်အဆိုးဆုံးသော လက်နက်ပွဲစားကွန်ရက်အချို့တွင် စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားဆဲဖြစ်သော ကုမ္ပဏီများ ရှိနေသေးသည်။ ၎င်းတို့တွင်
• Dynasty Group – စင်ကာပူတွင် Dynasty Excellency Pte. Ltd အမည်ဖြင့် လက်အောက်ခံ ကုမ္ပဏီတစ်ခုကို လုပ်ကိုင်လျက်ရှိသည်။ Dynasty Excellency ၏ တစ်ဦးတည်းသော ရှယ်ယာပိုင်ရှင်မှာ ဒေါက်တာအောင်မိုးမြင့် ဖြစ်သည်။ Dynasty Group သည် ဘီလာရုစ်နိုင်ငံမှ မြန်မာစစ်တပ်အတွက် စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို ကြားခံဝယ်ယူပေးခြင်းနှင့် လက်နက်အရောင်းအဝယ်များအတွက် စစ်အုပ်စု၏ ငွေပေးချေမှုများကို စီမံဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။ အောင်မိုးမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ အောင်မိုးမြင့်နှင့် Dynasty Group ကို အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
• Myanmar Chemical & Machinery (MCM) Group – စင်ကာပူတွင် MCM Pacific Pte. Ltd အမည်ဖြင့် လက်အောက်ခံကုမ္ပဏီတစ်ခုရှိသည်။ MCM Group သည် လေတပ်အတွက် Mi-2 နှင့် Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်းများ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် ရေတပ်အတွက် တွန်းကန်မောင်းနှင်စနစ်များနှင့် သင်္ဘောပဲ့ပိုင်းတည်ဆောက်မှုဆိုင်ရာ အစိတ်အပိုင်းများအပါအဝင် ရေယာဥ်အစိတ်အပိုင်း များကို ထောက်ပံ့ပေးခဲ့သည်။ အောင်လှိုင်ဦးအား ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ထားပြီး၊ Myanmar Chemical and Machinery Co., Ltd. အား ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
• KT Group နှင့် Ky-Tha Group – စင်ကာပူတွင် Ky-Tha Trading Pte. Ltd အမည်ဖြင့် လက်အောက်ခံ ကုမ္ပဏီတစ်ခုရှိပြီး၊ ၎င်းကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေးရေဒါစနစ်များ ဝယ်ယူပေးရာတွင် ပါဝင်ပတ်သက် ခဲ့သည်။ KT Group နှင့် Ky-Tha Group တို့သည် မြန်မာလေတပ်အတွက် ATR နှင့် Fokker လေယာဉ်များကိုလည်း ဝယ်ယူပေးခဲ့သည်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေခဲ့ကြပြီး၊ မြန်မာစစ်တပ်ထံ စစ်လက်နက်နှင့် ပစ္စည်းများ ရောင်းချရာတွင် ပွဲစားအဖြစ်လည်းကောင်း၊ သင်တန်းများပံ့ပိုးပေးခြင်းဖြင့်လည်းကောင်း ဆောင်ရွက်ပေးနေခဲ့သည့် ကုမ္ပဏီများအနက် စင်ကာပူတွင် မှတ်ပုံတင်ဆဲဖြစ်သည့် ကုမ္ပဏီများလည်းရှိသေးသည်။ အဆိုပါ ကုမ္ပဏီများတွင် Air Mandalay ၏ အမှုဆောင်အရာရှိချုပ်ဟောင်း စိုင်းခမ်းပါ့ခ်ဖ (Sai Kham Park Hpa) က ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် Asia Trading Group Pte. Ltd လည်း ပါဝင်သည်။ အဆိုပါ Asia Trading Group ကုမ္ပဏီသည် ၎င်းနှင့် ဆက်စပ် မြန်မာကုမ္ပဏီဖြစ်သည့် Aero Sofi Co., Ltd. ၏ မြန်မာလေတပ်နှင့် ပြုလုပ်ခဲ့သည့် အရောင်းအဝယ် ကိစ္စရပ်များကို ကူညီပံ့ပိုးခဲ့သည်။ ထိုအထဲတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်ဖိုးရှိသော Airbus A319-112 လေယာဉ်တစ်စင်းကို အဆင့်မြင့်ဇိမ်ခံပုံစံဖြင့် ပြန်လည်ပြုပြင်မွမ်းမံရန် အဆိုပြုလွှာလည်း ပါဝင်ခဲ့ပြီး၊ ထိုစီမံကိန်းကို Justice For Myanmar နှင့် Organised Crime and Corruption Reporting Project (OCCRP) တို့က ဖော်ထုတ်အသိပေးခဲ့ပြီးနောက် ပြန်လည်ဖျက်သိမ်းခဲ့သည်။
ထို့အပြင် ၂၀၂၂ ခုနှစ်တွင် Justice For Myanmar ၏ သုတေသနပံ့ပိုးမှုဖြင့် Amnesty International မှ ထုတ်ပြန်သော အစီရင်ခံစာအရ စစ်အုပ်စုနှင့် လေယာဉ်ဆီ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် စင်ကာပူကုမ္ပဏီ အနည်းဆုံး တစ်ခုသည် လုပ်ငန်းလည်ပတ်နေသေးကြောင်း တွေ့ရှိရသည်။
PEIA Pte. Ltd. သည် Shoon Group (ယခင် Asia Sun Group) ၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး၊ စင်ကာပူတွင် မှတ်ပုံတင်ထားဆဲ ဖြစ်သည်။ PEIA သည် စစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နှင့် ပူးပေါင်းကာ National Energy Prime Aviation Services Company Limited (NEPAS) (ယခင်အမည် National Energy Puma Aviation Services Company Limited) ကုမ္ပဏီကို ဖက်စပ်လည်ပတ်လုပ်ကိုင်ခဲ့သည်။
စင်ကာပူ ဆက်စပ်ကုမ္ပဏီ Shoon Energy Pte. Ltd သည် မကြာသေးမီက စင်ကာပူ ကုမ္ပဏီမှတ်တမ်းမှ ပယ်ဖျက်ပြီးဖြစ်သည်။ အဆိုပါကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး၊ Shoon Group ၏ ခေါင်းဆောင်များကိုလည်း အမေရိကန် ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။
အဆိုပါကုမ္ပဏီများကို ပထမဆုံးဖော်ထုတ်ခဲ့သည့်နှစ်များမှစ၍ စစ်အုပ်စုသည် အရပ်သားပြည် သူများအပေါ် ၎င်း၏ အကြမ်းဖက်စစ်ဆင်ရေးကို ပိုမိုချဲ့ထွင်လုပ်ဆောင်ခဲ့ပြီး၊ ထိုအထဲတွင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်းအပြင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးသည့် နိုင်ငံလုံးအနှံ့ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများလည်း ပါဝင်သည်။ စစ်အုပ်စုတပ်ဖွဲ့များသည် အများပြည်သူနေထိုင်ရာဒေသများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လူအများအပြားကို အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်း များကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ကလေးသူငယ်အများအပြား အပါအဝင် အနည်းဆုံး အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကာလဖြစ်သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ နှစ်လတာကာလအတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၉၉ ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ စစ်အုပ်စုက ၎င်းတို့၏အမည်ကို မကြာသေးမီက အသစ်ပြောင်းလဲဖွဲ့စည်းလိုက်ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်တိုက်ဆင်နွှဲလျက်ရှိသည်။
စစ်အုပ်စု၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်ပြီး၊ ယင်းရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ခြင်းမှာ စစ်အုပ်စုအနေဖြင့် စစ်လက်နက်များ၊ စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များ၊ နည်းပညာများနှင့် လေယာဉ်ဆီများကို ဆက်လက် ရရှိနေခြင်းကြောင့် ဖြစ်သည်။
Justice For Myanmar အနေဖြင့် မိမိတို့၏ ၂၀၂၂ ခုနှစ် အစီရင်ခံစာတွင် ဖော်ထုတ်ထားသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပြင်၊ ထို့နောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် ဖော်ထုတ်ထားသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပေါ် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် စင်ကာပူအစိုးရအား တောင်းဆိုပါသည်။ ထို့အပြင် စင်ကာပူနိုင်ငံအတွင်းရှိ မည်သည့်ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်မျှ စစ်အုပ်စု၏ အကြမ်းဖက်ထောက်ပံ့ရေးကွင်းဆက်အတွက် ပွဲစား သို့မဟုတ် ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးရန်လည်း တောင်းဆိုပါသည်။
ယင်းဆောင်ရွက်မှုများတွင် တစ်ဆင့်ပြန်လည်တင်ပို့ခြင်းဖြင့်ဖြစ်စေ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ကြားခံအဖြစ် ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ မြန်မာစစ်တပ်ထံသို့ စစ်လက်နက်များနှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံး ကုန်စည်များ လွှဲပြောင်းပေးပို့မှုများတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးခြင်း နှင့် စင်ကာပူပိုင်နက်အတွင်း ဥပဒေချိုးဖောက်နေသည့် မည်သည့်ကုမ္ပဏီ သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို အရေးယူဆောင်ရွက်ခြင်း များပါဝင်ရမည်ဖြစ်သည်။
စင်ကာပူဘဏ်များအနေဖြင့်လည်း စစ်အုပ်စုအတွက် စစ်လက်နက်များ၊ စစ်သုံးစက်ပစ္စည်းများ၊ နည်းပညာများနှင့် လေယာဉ်ဆီများ ဝယ်ယူပေးနေကြောင်း ဖော်ထုတ်ခံထားသည့် ကုမ္ပဏီများအား ဘဏ်ဝန်ဆောင်မှုများ ပေးအပ်ခြင်းကို ရပ်တန့်ရမည်ဖြစ်ပြီး၊ ဘဏ်ဝန်ဆောင်မှုများမှတစ်ဆင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါပတ်သက်နေခြင်း မရှိစေရန် တင်ကြိုစိစစ်မှုများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ရမည်ဖြစ်သည်။
၂၀၂၇ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည့် စင်ကာပူနိုင်ငံအနေဖြင့် မြန်မာ ပြည်သူများအပေါ် စစ်အုပ်စုက ကျူးလွန်နေသည့် ဆိုးရွားလှသောရာဇဝတ်မှုများကို ရပ်တန့်နိုင်ရန် အတွက် အလေးအနက် ကြိုးပမ်းအားထုတ်မှုများနှင့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး၊ စစ်အုပ်စုထံ စစ်လက်နက်များနှင့် စစ်ဘက်-အရပ်ဘက်နှစ်မျိုးသုံးကုန်စည်များ စီးဆင်းမှုကို တားဆီးမည်ဟု လူသိရှင်ကြား ထုတ်ဖော်ကတိပြုထားသည့် ၎င်း၏ကတိကဝတ်ကိုလည်း လေးစားလိုက်နာရမည် ဖြစ်သည်။
🎙️ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ လေးနှစ်နီးပါးရှိလာခဲ့ပေမဲ့၊ ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက်လည်ပတ်နေတာက‌တော့ လက်ခံနိုင်စရာ မရှိပါဘူး။
အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမဲ့၊ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
စင်ကာပူအခြေစိုက် စီးပွားရေးလုပ်ငန်းတွေက မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်စည်တွေနဲ့ လေယာဉ်ဆီတွေ လွှဲပြောင်းပေးပို့မှုတွေမှာ ပါဝင်ပတ်သက်နေတာဟာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပေါ် စင်ကာပူရဲ့ ကတိကဝတ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။
၂၀၂၇ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့် စင်ကာပူအနေနဲ့ ၎င်းတို့ နယ်မြေအတွင်းရှိ ကုမ္ပဏီတွေ နဲ့ လူပုဂ္ဂိုလ်တွေက ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေတွေကို လိုက်နာနေကြောင်း၊ ကုလသမဂ္ဂ စီးပွားရေးနဲ့လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို လေးစားလိုက်နာနေကြောင်း၊ မြန်မာစစ်အုပ်စုရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီအားပေးခြင်း မရှိကြောင်း အာမခံနိုင်ဖို့အတွက် ထပ်ပိုးတာဝန်တစ်ရပ်လည်း ရှိနေပါတယ်။
စင်ကာပူအနေနဲ့ ၎င်းတို့ရဲ့ နိုင်ငံတကာတာဝန်ဝတ္တရားတွေကို လေးစားလိုက်နာပြီး၊ စစ်အုပ်စုရဲ့ စစ်လက်နက်တွေ၊ စက်အသုံးအဆောင်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေ ရရှိနိုင်မှုတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့အတွက် ခိုင်မာလက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမယ့် အချိန်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Announcements


Read Next

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia