
၂၀၂၆ ခုနှစ်၊ ဇွန်လ (၆) ရက်
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ဇွန်လ ၅ ရက် ၂၀၂၆ တွင် နိုင်ငံတကာ သံတမန်အသိုက်အဝန်းမှ ကိုယ်စားလှယ်များနှင့် သံတမန်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ် အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ရှင်းလင်းပွဲတွင် SCEF ကိုယ်စားလှယ်များက နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ ပေါင်းစည်းညီညွတ်မှု ရရှိရေး၏ အရေးပါပုံနှင့် ရေရှည်တည်တံ့သော ဖက်ဒရယ် ဒီမိုကရေစီအနာဂတ် တည်ဆောက်နိုင်မည့် အခြေအနေများ ပေါ်ထွန်းလာနိုင်ရန် SCEF ၏ လုပ်ဆောင်နေမှု များကို မျှဝေခဲ့ကြသည်။
မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ်သာ သုံးသပ်၍မရကြောင်း အလေးထားပြောကြားခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် နက်ရှိုင်းသော နိုင်ငံရေး အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေသော ကာလဖြစ်ပြီး အုပ်ချုပ်ရေး၊ တရားဝင်မှု၊ ကိုယ်စားပြုမှုနှင့် ရေရှည်တည်ငြိမ်ရေးဆိုင်ရာ မေးခွန်းများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ချဉ်းကပ်အဖြေရှာရန် လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။
အရပ်သားများ ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီ ရရှိရေး၊ နိုင်ငံရေး ပါဝင်မှု၏ အရေးပါပုံများ နှင့် လက်ရှိအနေ အထားအောက်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြသည်။
SCEF သည် စုပေါင်းနိုင်ငံရေး ပူးပေါင်းညှိနှိုင်းမှု၊ အားလုံးပါဝင်နိုင်မှု၊ တာဝန်ယူမှုရှိသော တည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့် မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် မတူကွဲပြားမှုများကို ထင်ဟပ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာနိုင်ရေးအတွက် ထပ်လောင်း ကတိကဝတ်ပြုခဲ့ကြသည်။
ထို့အပြင် ပဋိပက္ခ၏ မူလဇစ်မြစ်ကို မဖြေရှင်းပါက ရေရှည်တည်တံ့သော တည်ငြိမ်ရေးကို မရရှိနိုင်ကြောင်း အလေးထား ပြောကြားခဲ့သည်။ ရေရှည်ငြိမ်းချမ်းရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး အသွင်ကူးပြောင်းမှု၊ ကျယ်ပြန့်သော ပါဝင်မှုနှင့် နိုင်ငံတစ်ဝန်း ပေါ်ပေါက်လာနေသည့် အခြေအနေမှန်များကို အသိအမှတ်ပြုခြင်းတို့ လိုအပ်မည် ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။
ယခုရှင်းလင်းပွဲသည် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံရေး မြှင့်တင်ရန် နှင့် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ တည်ငြိမ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်သို့ ဦးတည်နိုင်မည့် လမ်းကြောင်းများပေါ်တွင် ဆက်လက်ဆွေးနွေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် သံတမန် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိလျက် မြန်မာပြည်သူများနှင့် အနာဂတ်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။
ယင်းရှင်းလင်းတင်ပြပွဲသို့ နိုင်ငံ ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဆက်သွယ်ရန်၁။ ဒေါက်တာဇော်ဝေစိုး – +၃၉၇၇၇၀၁၃၉၃၁၃၂။ ဒေါ်ဇင်မာအောင် – +၆၆၉၄၅၁၅၃၁၇၂
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ ၊ English)

15 July 2026

15 July 2026