KDDI နှင့် Sumitomo တို့အနေဖြင့် စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုများအတွက် တာဝန်ရှိသော မြန်မာစစ်အုပ်စု ဆက်သွယ်ရေးကုမ္ပဏီနှင့် တာဝန်မဲ့ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ရမည်

KDDI နှင့် Sumitomo တို့အနေဖြင့် စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုများအတွက် တာဝန်ရှိသော မြန်မာစစ်အုပ်စု ဆက်သွယ်ရေးကုမ္ပဏီနှင့် တာဝန်မဲ့ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ရမည်
Justice For Myanmar
Mekong Watch
ayus:Network of Buddhists Volunteers on International Cooperation
Pacific Asia Resource Center (PARC)
Friends of the Earth Japan
Japan International Volunteer Center (JVC)
Network Against Japan Arms Trade (NAJAT)
ဂျပန် နိုင်ငံစုံကုမ္ပဏီကြီးများဖြစ်သည့် KDDI Corporation နှင့် Sumitomo Corporation တို့၏ စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နေမှုများကြောင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နေစေသည့်အပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အခြေစိုက် အဖွဲ့အစည်း ၅ ဖွဲ့တို့က ထုတ်ဖော်ပြောကြားလိုက်သည်။
KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် တာဝန်မဲ့ပူးပေါင်းဆောင်ရွက်‌နေမှုကို အဆုံးသတ်ပြီး၊ မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် မိမိတို့အဖွဲ့အစည်းများက တိုက်တွန်းလိုက်သည်။
မြန်မာစစ်တပ်က အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီး ငါးနှစ်အကြာတွင် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုမှုသည် ကမ္ဘာပေါ်တွင် ကန့်သတ်ပိတ်ပင်မှု အများဆုံးစာရင်း၌ ပါဝင်လာသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ဟန်ပြရွေးကောက်ပွဲနှင့်အတူ စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုများသည် မကြုံစဖူးအဆင့်အထိ တိုးမြင့်လာခဲ့သည်။ ထို့ပြင် တရားမဝင်စစ်အုပ်စုသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီး၊ အွန်လိုင်းရေးသားပြောဆို မှုများကြောင့် အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို စနစ်တကျပစ်မှတ်ထား၍ တရားစွဲဆိုခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် မိမိတို့အဖွဲ့အစည်းများသည် ကုမ္ပဏီများထံ စာရေးသားပေးပို့ခဲ့ ပြီး၊ စစ်အုပ်စု၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေးစနစ်အပေါ် Justice For Myanmar ၏ စုံစမ်းဖော်ထုတ်သုတေသနမှ ပေါ်ထွက်လာသော စိုးရိမ်ဖွယ်ရာ အချက်အလက်များကို ထောက်ပြခဲ့သည်။ အဆိုပါ စုံစမ်းဖော်ထုတ်ချက်တွင် စစ်အုပ်စုနှင့် တရုတ်ကုမ္ပဏီ Geedge Networks တို့အကြား သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် တရုတ်နိုင်ငံ၏ အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ် “Great Firewall” စီးပွားဖြစ်ဗားရှင်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ဖော်ထုတ်ထားသည်။ ထိုစနစ်ကြောင့် စစ်အုပ်စုသည် အရပ်သားပြည်သူများကို ခြေရာခံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နိုင်သည့် အလွန်မြင့်မားသော စွမ်းရည်များကို ရရှိခဲ့သည်။
ထိုအစီရင်ခံစာအရ MPT သည် စစ်အုပ်စုအတွက် သက်ရောက်မှု ကြီးမားကျယ်ပြန့်သော အဆိုပါ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာနည်းပညာကို ပထမဆုံး အကောင်အထည်ဖော်ခဲ့သည့် ဆက်သွယ်ရေး အော်ပရေတာများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။(*1)
ထို့အပြင် MPT သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ၎င်းတို့၏ ဝါဒဖြန့်ချိရေး ဝဘ်ဆိုက်များဖြစ်သော Infosheet နှင့် မြဝတီသတင်း (Myawaddy News) တို့အပါအဝင် ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်များအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုများကိုလည်း ဆက်လက်ပံ့ပိုးလျက်ရှိသည်။
MPT သည် လက်ရှိ စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိနေသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) နှင့် Sumitomo Corporation၊ KDDI Corporation တို့အကြား ဖက်စပ်ကုမ္ပဏီဖြစ်သည့်် KDDI Summit Global Myanmar Co., Ltd. (KSGM) မှတစ်ဆင့် ပူးတွဲလည်ပတ် လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။
KDDI နှင့် Sumitomo ကုမ္ပဏီများထံ ပေးပို့သောစာများတွင် အဆိုပါကုမ္ပဏီများအနေဖြင့် အများပြည်သူအပေါ် ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများ အကောင်အထည်ဖော်ရာတွင် MPT ၏ ပါဝင်ပတ်သက်မှုကို သိရှိထားခြင်းရှိ မရှိ၊ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်များ ပိုမိုမြင့်တက်လာနေသဖြင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများကို ရုပ်သိမ်းရန် ရည်ရွယ်ချက်ရှိ မရှိ၊ စစ်အုပ်စုအတွက် ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုများ ပံ့ပိုးပေးနေခြင်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ ပြုလုပ်ထားခြင်း ရှိ မရှိတို့ကို မိမိတို့အဖွဲ့အစည်းများက မေးမြန်းစုံစမ်းခဲ့သည်။
၎င်းတို့၏ အကြောင်းပြန်စာများတွင် ကုမ္ပဏီများက ၎င်းတို့အနေဖြင့် KSGM နှင့် MPT အကြား ချုပ်ဆိုထားသော သဘောတူညီချက်ကို ပြင်ဆင်ခဲ့ပြီး၊ KSGM ၏ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် MPT သည် ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် တိုက်ရိုက်တာဝန်ရှိနေသည့်ကြားမှပင် ကုမ္ပဏီများက MPT နှင့် စီးပွားရေး ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။
ကုမ္ပဏီများက ၎င်းတို့အနေဖြင့် MPT ၏ ဆက်သွယ်ရေးလုပ်ငန်းများ လည်ပတ်နေမှုများကို ဆက်လက်ပံ့ပိုးပေးသည့် အခန်းကဏ္ဍတွင် ရှိနေဆဲဖြစ်ကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။ သို့သော် KSGM အနေဖြင့် MPT နှင့် ပူးတွဲဆောင်ရွက်ရေးသဘောတူညီချက် ရှိနေသော်လည်း မတည်ငွေရင်းဆိုင်ရာ ဆက်နွယ်မှုမရှိကြောင်း နှင့် MPT ၏ ပူးတွဲလုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် လူကြီးမင်းတို့ မေးမြန်းစုံစမ်းမှုတွင် ရည်ညွှန်းထားသည့် စောင့်ကြည့်ထောက်လှမ်းရေး ထုတ်ကုန်များနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသေးစိတ် လုပ်ဆောင်ချက်များကို သိရှိထားခြင်း မရှိသလို၊ သိရှိရန် သို့မဟုတ် မှတ်ချက်ပေးရန် အနေအထားတွင်လည်း မရှိကြောင်း ဆိုခဲ့သည်။
မိမိတို့အဖွဲ့အစည်းများက ယင်းအကြောင်းပြချက်များသည် လုံလောက်မှုမရှိကြောင်း ဝေဖန်ခဲ့သည်။ တရားဝင် မတည်ငွေရင်းဆိုင်ရာ ဆက်နွှယ်မှု မရှိလျှင်ပင် KSGM မှ MPT နှင့် ၎င်း၏ လုပ်ငန်းများအပေါ် ဆက်လက်ပံ့ပိုးနေမှုသည် လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေရန် အထောက်အကူပြုနိုင်သည်။ MPT ၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံသည် စစ်အုပ်စု၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာစနစ်များကို အားပေးပံ့ပိုးနေပြီး၊ KSGM ၏ ဆက်လက်ပံ့ပိုးမှုသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အားပေးကူညီရာရောက်နိုင်သည့် အန္တရာယ်ရှိနေသည်။
ကုမ္ပဏီများ၏ အကြောင်းပြချက်ဖြစ်သော မြန်မာပြည်သူများအတွက် ဆက်သွယ်ရေး နည်းပညာ ကွန်ရက်များနှင့် “ဝန်ဆောင်မှုပေးသူများကို နှိုင်းယှဉ်ရွေးချယ်နိုင်သည့် မိုဘိုင်းဖုန်းဂေဟစနစ်” ကို ပံ့ပိုးပေးလိုသည့်အတွက် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဆက်လက်ထိန်းသိမ်းထားပါသည် ဆိုသည့် အချက်ကိုလည်း မိမိတို့အဖွဲ့အစည်းများက ဝေဖန်ခဲ့သည်။ MPT နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်နေ ခြင်းသည် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာတွင် အသုံးပြုနေသည့် အခြေခံအဆောက်အအုံကို ပိုမိုသက်ဆိုးရှည်စေနိုင်သည့် အန္တရာယ်ရှိသည်။ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ MPT အား ချဉ်းကပ်ဆွေးနွေးရန် ကြိုးပမ်းမှုမှန်သမျှသည် ကျရှုံးခဲ့ပုံရကြောင်းကို စစ်အုပ်စု၏ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖိနှိပ်မှုများတွင် MPT သည် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေခြင်းက သက်သေပြလျက်ရှိသည်။
ထို့ကြောင့် KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို တာဝန်ယူမှုရှိစွာဖြင့် ချက်ချင်းအဆုံးသတ်ရန်၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အထောက်အကူ မပြုစေရန် သို့မဟုတ် အားပေးမှု မဖြစ်စေရန် အတွက် သေချာစွာလုပ်ဆောင်ကြရန် မိမိတို့အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
🎙️ Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
🎙️ Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီက “ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေးနေတာကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး” ဟု ပြောကြားသည်။
✅ အင်္ဂလိပ်၊ မြန်မာနှင့် ဂျပန်ဘာသာများဖြင့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ဖတ်ရှုရန် နှင့် Sumitomo Corporation နှင့် KDDI တို့နှင့် ဆက်သွယ်မှုများကို ဖတ်ရှုရန် 👉🏽 https://buff.ly/POGRNZ

pdf ဖိုင် ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia