3 May 2026

ကြေညာချက် အမှတ် (၈/၂၀၂၆)
၂၀၂၆ ခုနှစ် မေလ ၃ ရက်။
၁။ ယနေ့ မေလ (၃) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် မြန်မာနိုင်ငံအတွင်းရှိ သတင်းလွတ်လပ်ခွင့် အခြေအနေမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး သတင်းသမားများမှာလည်း ဘက်ပေါင်းစုံမှ ဖိနှိပ်ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) မှ အလေးအနက် ထောက်ပြလိုပါသည်။
၂။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံမှာ ယခုနှစ်၌ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး အလွန်ဆိုးဝါးသည့်အခြေအနေအဖြစ် အနီရောင်အဆင့် ဆက်လက် သတ်မှတ်ထားကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေမှာ နှစ်စဉ်ဆိုးဝါးလာနေပြီး သတင်းထောက်များအား နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားခြင်း၊ သတင်းမီဒီယာလိုင်စင် ပိတ်သိမ်းခြင်းများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ၂၄ ရက်က နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်း သာယာရေးတို့အား ထိခိုက်စေသော အကြောင်းအရာများ ရေးသားလွှင့်တင်ခဲ့သည်ဟု စွပ်စွဲကာ Chin World သတင်းဌာန၊ Khonumthung သတင်းဌာနနှင့် မျက်မှောက်ခေတ် သတင်းဌာနတို့ကို လိုင်စင်ပိတ်သိမ်းကြောင်း အာဏာသိမ်းစစ်အုပ်စုက ကြေညာခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်နေ့တွင်လည်း ရွှေဖီမြေသတင်းဌာနကို လိုင်စင်ပိတ်သိမ်းခဲ့သည်။
စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၆ မေလအထိ မတရားဖမ်းဆီးခံရသူ သတင်း မီဒီယာသမားဦးရေ ၂၀၀ ကျော် ရှိခဲ့သည့်အနက် ၁၈ ဦးမှာ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဆက်လက် ဖမ်းဆီး အကျဉ်းချခံနေရဆဲဖြစ်သည်။ အကျဉ်းကျခံနေရသူ ကိုစိုင်းဇော်သိုက်၏ ကျန်းမာရေးမှာ အရေးပေါ်ဆေးကုသရန် လိုအပ်နေသည်။
၃။ ယင်းသည် အာဏာသိမ်းစစ်အုပ်စုက အရပ်သားအသွင် ယူ၍ အစိုးရသစ်အဖြစ် ဟန်ပြလုပ်ဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းသို့ သွားနေသည်ဟု အယောင်ပြနေသော်လည်း၊ လက်တွေ့တွင် သတင်းမီဒီယာများအပေါ် မည်သည့်အလျှော့အတင်းမျှ မရှိဘဲ ပိုမိုပြင်းထန်စွာ ဖိနှိပ်လျက်ရှိကြောင်း သက်သေပင်ဖြစ်သည်။
၄။ IPCM အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ မီဒီယာလိုင်စင် ပိတ်သိမ်းခြင်း ယန္တရားကို အသိအမှတ်မပြုပါ။ အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့် မီဒီယာဌာနများအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်နေမှုများကို အမြန်ဆုံး ရပ်တန့်ရန် IPCM မှ ပြင်းထန်စွာ တောင်းဆိုပါသည်။
၅။ မည်သည့် ဖိအားများရှိစေကာမူ လွတ်လပ်သည့် မီဒီယာများသည် ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက် တင်ဆက်သွားမည် ဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ တွင် ကျွန်ုပ်တို့ IPCM က ထပ်လောင်း အတည်ပြုလိုက်ပါသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ – IPCM
ဆက်သွယ်ရန်
၁) ကိုကိုဇော် – ဥက္ကဌ (ဆစ်ဂနယ် – +၉၅ ၉၂၅ ၅၈၀ ၃၂၆၂)
၂) တိုးဇော်လတ် – အတွင်းရေးမှူး (ဆစ်ဂနယ် – +၆၆ ၈၀ ၆၈၃ ၄၂၄၀)
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026