25 April 2026

၂၀၂၆ ၊ ဧပြီလ ၂၅။
၁။ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့မှ ဇူလိုင်လ (၃၁) ရက် အတွင်း ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုတရပ် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
၂။ အဆိုပါ ဖိတ်ခေါ်မှုသည် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် NCA လမ်းကြောင်း တို့မှတဆင့် တော်လှန်ရေးအင်အားစု များအား သပ်လျှိုသွေးခွဲရန် ရည်ရွယ်သည့် အတုအယောင်ဖိတ်ခေါ်မှုသာ ဖြစ်သည်။ မတရားအာဏာ လုယူထားသော အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ထိုသို့ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် ၎င်းတို့အတွက် နိုင်ငံရေးအရ တရားဝင်မှု ရရှိရန်နှင့် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရရှိစေရန် ကြိုးပမ်းမှု လည်း ဖြစ်သည်။
၃။ ယင်းဖိတ်ခေါ်ချက်တွင် “ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန်” ဟု ဖော်ပြထားပြီး အမည်ခံ NCA လုပ်ငန်းစဥ်အား အခြေခံ ထားခြင်းဖြင့် ၎င်းတို့စိတ်ကြိုက် ခြယ်လှယ်နိုင်ရန် ကြိုတင်ကန့်သတ်ခြင်းဖြစ်ပြီး ပြည်သူလူထု တရပ်လုံး လိုလားသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအား လုံးဝဖော်ဆောင်နိုင်မည် လည်း မဟုတ်ပါ။
၄။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဥ်း၍ တော်လှန်ရေးအင်အားစုများ အနေဖြင့် အောက်ပါ နိုင်ငံရေး ဦးတည်ချက် (၆) ရပ် အတိုင်း ရပ်တည်ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ကြေညာ ထားကြပြီး ဖြစ်သည်။
(က) စစ်အာဏာသိမ်းထားမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(ဃ) သက်ဆိုင်သူများအားလုံးလက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်
၅။ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ၎င်းတို့၏ အာဏာဆက်လက် ဆုပ်ကိုင်နိုင်ရေး အတွက် အတုအယောင်ဆွေးနွေးပွဲများ၊ ဟန်ပြငြိမ်းချမ်းရေး ဆွေးနွေးပွဲများအား လက်နက် သဖွယ် ကျင့်သုံးခဲ့ပြီး အဆိုပါ ဆွေးနွေးမှုများသည်လည်း စစ်အာဏာသိမ်းမှုများဖြင့်သာ ပြန်လည်၍ နိဂုံးချုပ်ကြရသည်ကို မြန်မာနိုင်ငံ၏ နှစ် (၇၀) သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ ထို့အတွက် အကြမ်းဖက်စစ်အုပ်စု နိုင်ငံရေးဦးဆောင်မှုတွင် ရှိနေသရွေ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ပြည်သူလူထု၏ လိုလားချက်များအား ရရှိနိုင်မည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေမည်သာ ဖြစ်သည်။
၆။ မြန်မာပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခပေါင်းစုံသည် စစ်အာဏာသိမ်းမှု များနှင့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေမှုတို့၏ အကျိုးဆက်သာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပြဿနာများ ဖြေရှင်းပြေလည်နိုင်ရေးမှာ “နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှု မရှိမှသာ” လမ်းစ ပွင့်လာနိုင်မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ က ယုံကြည်သည်။
၇။ သို့ဖြစ်ပါ၍ တော်လှန်ရေးအင်အားစုများ၏ ဦးတည်ချက် (၆) ရပ်ကို အခြေခံသော ဘုံနိုင်ငံရေး သဘောတူညီချက်များ စုစည်းရယူ၍ ရပ်တည်သွားကြရန် နှင့် ဆက်လက် တိုက်ပွဲဝင်သွားကြရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အလေးအနက် တိုက်တွန်းအပ်သည်။
၈။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ အနေဖြင့်လည်း နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြစ်သော စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ပြည်သူလူထုနှင့်အတူ လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်။
တော်လှန်ရေးသစ္စာဖြင့်
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ)
19 May 2026

10 June 2026

09 June 2026