မြန်မာစစ်လက်နက်ပွဲစားကွန်ရက်က ထိုင်း စတော့အိတ်ချိန်းဝင်ကုမ္ပဏီ ရှယ်ယာများကို နောက်ဖေးပေါက်မှတဆင့် ဝယ်ယူပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းနေ

24 April 2026

မြန်မာစစ်လက်နက်ပွဲစားကွန်ရက်က ထိုင်း စတော့အိတ်ချိန်းဝင်ကုမ္ပဏီ ရှယ်ယာများကို နောက်ဖေးပေါက်မှတဆင့် ဝယ်ယူပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းနေ

၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် Advanced Connection Corporation Public Company Limited (ACC) ၏ အစုရှယ်ယာရှင်များသည် ဒဏ်ခတ်အရေးယူခံထားရသည့် မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွှယ်နေသော ကုမ္ပဏီများအား ACC တွင် အစုရှယ်ယာအများဆုံး ပိုင်ဆိုင်သောအုပ်စုတစ်ခုဖြစ်လာစေမည့် သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုတစ်ရပ်အပေါ် မဲခွဲဆုံးဖြတ်ရန် စီစဥ်ထားသည်။

ကျော်မင်းဦးသည် မြန်မာလေတပ်၏ ရုရှားလေယာဉ်များ ဝယ်ယူရာတွင် အဓိကပွဲစားတစ်ဦးဖြစ်ပြီး၊ ဝယ်ယူမှုများကို ၎င်း၏  Sky Aviator ကုမ္ပဏီကွန်ရက်မှတစ်ဆင့် လုပ်ဆောင်သည်။ ယင်းကုမ္ပဏီကွန်ရက်တွင် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အတွင်းမှ စီးပွားရေးလုပ်ငန်းများ ပါဝင်သည်။

တရားမဝင်မြန်မာစစ်အုပ်စုသည် နိုင်ငံတကာရာဇဝတ်မှုမြောက်သည့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသော မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်နေရာတွင် ရုရှားလေယာဉ်များကို အသုံးပြုသည်။ Sky Aviator ကွန်ရက်မှတစ်ဆင့် ကျော်မင်းဦးနှင့် ၎င်း၏စီးပွားဘက်များသည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။

ကျော်မင်းဦးသည် ငွေကြေးဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်မှတ်တမ်းများလည်း ရှိထားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်းသည် မြန်မာနိုင်ငံသားကြံရာပါနှစ်ဦးနှင့်အတူ စင်ကာပူနိုင်ငံအတွင်းမှ စင်ကာပူဒေါ်လာ ၅၀၀,၀၀၀ ကျော်ကို သက်ဆိုင်ရာဌာနထံ အစီရင်ခံ ကြေညာခြင်းမရှိဘဲ သယ်ယူရွှေ့ပြောင်းရန် ကြိုးပမ်းခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ကျော်မင်းဦးအား စစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုများတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခြင်းအတွက် အမေရိကန် ပြည်ထောင်စု၊ အီးယူ၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

Justice For Myanmar သည် အဆိုပါ သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုများနှင့်စပ်လျင်း၍ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ACC ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့ထံသို့လည်းကောင်း၊ မတ်လ ၄ ရက်နေ့တွင် ထိုင်းနိုင်ငံ ငွေချေးသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)၊ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) နှင့် ထိုင်းစတော့အိတ်ချိန်း (SET) တို့ထံသို့လည်းကောင်း ပေးပို့တင်ပြခဲ့သည်။ ထို့အပြင် မြန်မာစစ်တပ်အတွက် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်စည်များ ရောင်းဝယ်မှုနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်နေ့တွင် စင်ကာပူ အကောက်ခွန်ဌာနထံသို့လည်း တင်ပြခဲ့သည်။

မတ်လ ၂၃ ရက်နှင့် ဧပြီလ ၂၀ ရက်နေ့များတွင် SEC သည် အဆိုပါ သီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုများနှင့် ပတ်သက် သည့် နောက်ထပ်အချက်အလက်များကို တင်ပြရန် ACC ကုမ္ပဏီကို ညွှန်ကြားခဲ့ပြီး၊ ထိုသို့ မတင်ပြပါက ယင်းရှယ်ယာလွှဲ ပြောင်းရောင်းချမှုများကို အတည်ပြုခြင်းမရှိဟု သတ်မှတ်နိုင်ကြောင်း သတိပေးခဲ့သည်။

အဆိုပါသီးသန့်ရှယ်ယာ လွှဲပြောင်းရောင်းချမှုအဖြစ် ACC ကုမ္ပဏီ၏ စုစုပေါင်း ၂၃.၂၅% အစုရှယ်ယာကို ထိုင်းနိုင်ငံရှိ အမည်ခံဟန်ပြကုမ္ပဏီနှစ်ခုဖြစ်သော Sky Avia Trading Co., Ltd. နှင့် Heli Asia Trading Co., Ltd. တို့ထံသို့ ဘတ် ၃၀၀ သန်း (အမေရိကန် ဒေါ်လာ ၉.၃ သန်း) ဖြင့်ရောင်းချမည်ဖြစ်သည်။ ယင်းလွှဲပြောင်းရောင်းချမှုသည် ထိုင်းနိုင်ငံသား တစ်သီးပုဂ္ဂလ ရင်းနှီးမြှုပ်နှံသူတစ်ဦးလည်း ပါဝင်သည့် စုစုပေါင်း ဘတ် ၃၅၀ သန်း (အမေရိကန် ဒေါ်လာ ၁၀.၈ သန်း) တန်ဖိုးရှိသော လွှဲပြောင်းရောင်းချမှု၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

အဆိုပါ ထိုင်း ဟန်ပြကုမ္ပဏီများကို ၂၀၂၄ ခုနှစ်တွင် စင်ကာပူနိုင်ငံရှိ Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့၏ လက်အောက်ခံကုမ္ပဏီများအဖြစ် တည်ထောင်ထားခဲ့ခြင်းဖြစ်သည်။ ယင်းစင်ကာပူကုမ္ပဏီများကို ၂၀၁၅ ခုနှစ်တွင် ကျော်မင်းဦးက တည်ထောင်ခဲ့ပြီး “ရဟတ်ယာဉ်နှင့် လေယာဉ်အပိုပစ္စည်းများ ရောင်းဝယ်ရေး” လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

Sky Aviator ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ငန်းအကြောင်းကို Justice For Myanmar မှ ဖော်ထုတ်ခဲ့ပြီးနောက်၊ ၂၀၂၂ ခုနှစ် ဧပြီလတွင် Sky Avia Trading Pte. Ltd. နှင့် Heli Asia Trading Pte. Ltd. တို့၏ တစ်ဦးတည်းပိုင်ရှင်ဖြစ်သူ ကျော်မင်းဦးသည် ၎င်း၏အစုရှယ်ယာများကို သူ၏ကာလရှည်ကြာ အမည်ခံဒါရိုက်တာဖြစ်သူ စင်ကာပူနိုင်ငံသား Wee Lee Lian ထံသို့ လွှဲပြောင်းခဲ့သည်။ Wee Lee Lian ထံသို့ မလွှဲပြောင်းမီအချိန်ထိ ကျော်မင်းဦးသည် ယင်းစင်ကာပူကုမ္ပဏီများ၏ တည်ထောင်သူနှင့် တစ်ဦးတည်းပိုင်ရှင် ဖြစ်ခဲ့ကြောင်းကို စင်ကာပူကုမ္ပဏီမှတ်ပုံတင်စာရင်းများတွင် မှတ်တမ်းဝင်ထားပြီး၊ ACC ကုမ္ပဏီ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေး၏ အစီရင်ခံစာတွင်လည်း အသိအမှတ်ပြုဖော်ပြထားသည်။

ကျော်မင်းဦး၏ အစုရှယ်ယာများ လွှဲပြောင်းပြီး တစ်နှစ်ကျော်အကြာ၊ ၎င်း၏ စင်ကာပူကွန်ရက်အား Wee Lee Lian ၏ စီမံမှုအောက်တွင်ရှိသည်ဟု ဆိုထားချိန်ဖြစ်သော ၂၀၂၃ ခုနှစ် ဇွန်လအတွင်း၊ ယူကရိန်းအခြေစိုက် အင်ဂျင်ထုတ်လုပ်ရေးကုမ္ပဏီ Motor Sich သည် အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် တန်ဖိုးရှိသော Turboprop အင်ဂျင် တစ်လုံးကို Sky Avia Trading Pte. Ltd. ထံသို့ တိုက်ရိုက်ပို့ဆောင်ခဲ့သည်။

Motor Sich ကုမ္ပဏီက မြန်မာစစ်တပ် လက်ဝယ်အသုံးပြုမည့် အင်ဂျင်များကို Sky Aviator ကုမ္ပဏီထံ ရောင်းချပေးခဲ့ ကြောင်း ၂၀၂၁ ခုနှစ်တွင် Justice For Myanmar က ပထမဆုံး ဖော်ထုတ်ခဲ့သည်။ ယခု Sky Avia Trading သို့ ပို့ဆောင်မှု သည်လည်း ယခင်ပုံစံအတိုင်း လုပ်ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။

Justice For Myanmar ထံတွင် မှတ်တမ်းရှိသည့် ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံကုမ္ပဏီမှတ်တမ်းများအရ ထိုင်းကုမ္ပဏီများ ဖြစ်သော Sky Avia Trading နှင့် Heli Asia Trading တို့၏ ကုမ္ပဏီတံဆိပ်များသည် ကျော်မင်းဦးမှ ရုရှားလက်နက်များ ဝယ်ယူရန် လက်ရှိလည်ပတ်နေဆဲဖြစ်သော မြန်မာကုမ္ပဏီ Sky Aviator ၏ ကုမ္ပဏီတံဆိပ်နှင့် ထပ်တူနီးပါး တူညီနေသည်ကိုလည်း တွေ့ရှိရသည်။

ACC ကုမ္ပဏီရှိ Sky Avia Trading နှင့် Heli Asia Trading တို့၏ ပူးတွဲပိုင်ဆိုင်မှု ရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်းသည် ကျန်ရှိနေသော ရှယ်ယာများအတွက် မဖြစ်မနေ အိတ်ဖွင့်တင်ဒါခေါ်ယူရန် နှင့် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်  တို့ကို ထုတ်ဖော်ကြေညာရန်လိုအပ်မည့် သတ်မှတ်ချက်ဖြစ်သော ၂၅ ရာခိုင်နှုန်း၏ အောက်တွင်ကပ်လျက်ရှိနေသည်။ ထိုပိုင်ဆိုင်မှုပမာဏသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ အဆိုပြုလွှာ၌ ကျော်မင်းဦးနှင့် ဆက်နွှယ်သည့် ကုမ္ပဏီများအား ACC ကုမ္ပဏီတွင် ၂၇.၀၂ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ပေးထားမည့်အစီအစဉ်မှ လျှော့ချပြင်ဆင်ထားခြင်းဖြစ်ပြီး၊ ထိုသို့ပြင်ဆင်ခြင်းသည် အမှန်တကယ်အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်အစစ်အမှန်များအား ထုတ်ဖော်ရမည့်တာဝန်များကို ရှောင်ရှားခြင်းလည်းဖြစ်သည်။

ACC ကုမ္ပဏီသည် ဆက်တိုက် အရှုံးများနှင့်ကြုံတွေ့နေရပြီး၊ နေရောင်ခြည်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ရန်အတွက် ငွေကြေးရှာဖွေရန် ကြိုးပမ်းနေသည်။ သို့သော် ထိုကဏ္ဍတွင် Sky Aviator ကုမ္ပဏီများ၊ ကျော်မင်းဦးနှင့် Wee Lee Lian တို့တွင် အတွေ့အကြုံရှိကြောင်း ထုတ်ဖော်ထားခြင်း မရှိပေ။

ထို့ပြင် ACC သည် ဆက်လက်ဖြစ်ပေါ်နေသော အရှုံးများကြောင့် ဘဏ်ချေးငွေ ရယူနိုင်ခြင်းမရှိတော့ဘဲ၊ ယင်းအစား Sky Avia Trading နှင့် Heli Asia Trading တို့ထံသို့လှည့်ကာ ငွေကြေးရယူရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ACC မှ ထုတ်ဖော်ပြောဆိုထားသည်။

ACC ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးဖြစ်သည့် Welcap Advisory က ဧပြီလ ၁ ရက်နေ့ အစီရင်ခံစာတွင် “ဤအရောင်းအဝယ်ကို ဆက်လက်လုပ်ဆောင်ရန် မသင့်လျော်ကြောင်း” ကောက်ချက်ချထားပြီး၊ “ငွေကြေးရင်းမြစ်အပေါ် အာဏာပိုင်များက နောက်ပိုင်းတွင် စုံစမ်းစစ်ဆေးနိုင်ခြေရှိပြီး၊ ထိုသို့ဖြစ်ပါက ACC နှင့် ၎င်း၏ အစုရှယ်ယာရှင်များအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း” မှတ်ချက်ပြုထားသော်လည်း၊ ACC စီမံခန့်ခွဲမှုအဖွဲ့သည် တနင်္လာနေ့ မဲခွဲဆုံးဖြတ်ချက်များဖြင့် ဆက်လက်ဆောင်ရွက်ရန်ရှိနေသည်။  Welcap Advisory သည် “ငွေကြေးရင်းမြစ်နှင့် အမှန်တကယ် အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်များနှင့်ပတ်သက်၍ မသေချာမရေရာမှုများ” ကို တွေ့ရှိခဲ့ပြီး၊ “(သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှု) ရင်းနှီးမြှုပ်နှံသူများ၏ အရည်အချင်းနှင့် ပတ်သက်သော အန္တရာယ်ရှိနိုင်သည့် အချက်အလက်များ ရှိနေကြောင်း၊ အထူးသဖြင့် ၎င်းတို့သည် အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ကိုယ်စားပြု ဆောင်ရွက်နေခြင်း ရှိ၊ မရှိ ဆိုသည့် စိုးရိမ်ပူပန်မှုများသည် ကြီးမားသော မသေချာမရေရာမှုကို ဖြစ်စေကြောင်း” သတိပေးထားသည်။

သို့ရာတွင် ACC ၏ ဘုတ်အဖွဲ့သည် မည်သို့ပင်ဖြစ်စေ လက်ခံအတည်ပြုရေးအတွက် အကြံပြုရန် ဆုံးဖြတ်ခဲ့ကြပြီး၊ စာရင်းစစ်ကော်မတီဥက္ကဌဖြစ်သူ Weerachai Amornrat ကမူ မဲပေးခြင်း မပြုခဲ့ပေ။ Weerachai ၏ အမြင်တွင် “ဘဏ္ဍာရေး ထိန်းချုပ်မှုသည် စိန်ခေါ်မှုအလွန်မြင့်မားနေကြောင်း”၊ ဘဏ္ဍာရေးအကြံပေးနှင့် လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးတို့သည်လည်း “လက်တွေ့ပြုမူလုပ်ဆောင်မှုအပေါ် အခြေခံသည့် ကိစ္စရပ်များကို အပြည့်အဝ အတည်ပြုနိုင်ခြင်း မရှိကြောင်း”  သုံးသပ်ထားသည်။

ACC ၏ လုပ်ငန်းပိုင်းဆိုင်ရာ တင်ကြိုစိစစ်မှုများသည် ကုမ္ပဏီမှတ်ပုံတင်စာရင်းများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းများအား စစ်ဆေးချက်များကိုသာ အများအားဖြင့် အခြေခံထားခဲ့ပုံရပြီး၊ ထိုနည်းနာသည် ဒီဇိုင်းအားဖြင့်ဖြစ်စေ၊ ဖော်ပြထားချက်အရဖြစ်စေ အမည်ခံပိုင်ဆိုင်မှုများကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပေ။

ထိုင်းအာဏာပိုင်များအနေဖြင့် ACC ၏ အရောင်းအဝယ်သည် လက်နက်ရောင်းဝယ်ခြင်း၊ ပိတ်ဆို့အရေးယူမှုများအား ရှောင်လွှဲခြင်းနှင့် နယ်စပ်ဖြတ်ကျော် ဂိုဏ်းဖွဲ့ရာဇဝတ်မှုများမှ ရရှိသော အကျိုးအမြတ်များ အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ငွေကြေးခဝါချမှုမြောက်ခြင်း ရှိ၊ မရှိအပေါ် အပြည့်အဝ စုံစမ်းစစ်ဆေးရန် Justice For Myanmar က တိုက်တွန်းပါသည်။

စင်ကာပူအာဏာပိုင်များအနေဖြင့်လည်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်း Motor Sich ကုမ္ပဏီမှ turboprop အင်ဂျင်တစ်လုံး တင်ပို့ခဲ့မှုသည် မဟာဗျူဟာကုန်စည် (ထိန်းချုပ်မှု) အက်ဥပဒေအား ချိုးဖောက်နိုင်ခြေရှိသည့်အတွက် Wee Lee Lian၊ Sky Avia Trading နှင့် ဆက်စပ်လူပုဂ္ဂိုလ်များအား စုံစမ်းစစ်ဆေးသင့်ပါသည်။

Sky Aviator ကွန်ရက်၏ နိုင်ငံတကာတွင် ဆက်လက်လည်ပတ်လှုပ်ရှားနိုင်မှုသည် တစ်စိတ်တစ်ပိုင်းအားဖြင့် Sky Aviator ကွန်ရက်ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအကြား လစ်ဟာမှုများက ဖန်တီးလိုက်သည့် ဟာကွက်များကြောင့် ဖြစ်သည်။ ကျော်မင်းဦးအား နိုင်ငံအချို့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း Wee Lee Lian အပါအဝင် ၎င်း၏ မိတ်ဖက်များအများစုသည် ယနေ့ထိ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံရခြင်း မရှိသေးပေ။

Justice For Myanmar အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံများအား Sky Aviator ကွန်ယက်တစ်ခုလုံးအပေါ် ပစ်မှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် နှင့် စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများကို အားပေးကူညီနေသည့် အခြားသော စစ်လက်နက်ပွဲစားကွန်ရက်များကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုများ အရေးတကြီး တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ACC ဟာ ထိုင်း စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုရဲ့ အစုရှယ်ယာ လေးပုံတစ်ပုံနီးပါးကို အရပ်သားပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့အတွက် တရားမဝင်မြန်မာစစ်အုပ်စုကို စစ်လက်နက်တွေ ရောင်းချထောက်ပံ့နေတဲ့ စစ်လက်နက်ပွဲစားကွန်ရက်မှာ ပါဝင်နေတဲ့ကုမ္ပဏီတွေထံ လွှဲပြောင်းပေးအပ်ဖို့ ကြိုးပမ်းနေပါတယ်။

ACC ရဲ့ လွတ်လပ်တဲ့ ဘဏ္ဍာရေးအကြံပေးကိုယ်တိုင်က အစုရှယ်ယာရှင်တွေကို မဲပေးရာမှာ ကန့်ကွက်မဲပေးဖို့ အကြံပြုထားပြီး၊ စာရင်းစစ်ကော်မတီဥက္ကဌကလည်း မဲမပေးဘဲ နေခဲ့ပါတယ်။ ဒါ့အပြင် ထိုင်း SEC ကလည်း အခြားအချက်အလက်တွေ ထုတ်ဖော်တင်ပြဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ACC စီမံခန့်ခွဲမှုအဖွဲ့ကတော့ မြန်မာနိုင်ငံရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လက်နက်ပွဲစားကွန်ရက်တွေထဲက တစ်ခုကို ထိုင်းအများပိုင်ကုမ္ပဏီတစ်ခုမှာ အရေးပါတဲ့နေရာတစ်ခု ပေးအပ်ဖို့အတွက် မဲခွဲဆုံးဖြတ်မှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။

ထိုင်းအာဏာပိုင်တွေအနေနဲ့ ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုကို နိုင်ငံတကာရာဇဝတ်မှုတွေကနေ ရရှိလာတဲ့ငွေကြေးတွေ ငွေကြေးခဝါချရာလမ်းကြောင်းတစ်ခုအဖြစ် ရောက်ရှိသွားခြင်းကနေ ကာကွယ်ဖို့အတွက် ဟန့်တားဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


မြန်မာဘာသာဖြင့် ဒေါင်းလုတ်ရယူရန်  

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia