လွတ်ငြိမ်းချမ်းသာခွင့်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်အထောက်အကူမပြု

လွတ်ငြိမ်းချမ်းသာခွင့်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်အထောက်အကူမပြု

ရက်စွဲ။  ။ ဧပြီလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်

စစ်အုပ်စု၏ မတရားဖမ်းဆီးထောင်ချခြင်းခံထားရသော ပြည်သူလူထုက တရားဝင် ရွေးကောက်တင်မြှောက်ထား သည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီနှင့် နိုင်ငံရေးအကျဉ်းသားအချို့ မြန်မာ နှစ်ဆန်း(၁)ရက်နေ့တွင် ၎င်းတို့၏မိသားစုများနှင့် ပြန်လည်ဆုံစည်းခွင့်ရသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဝမ်းမြောက်လှိုက်လှဲစွာ ကြိုဆိုပါသည်။

ထိုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့သော်လည်း စစ်အုပ်စု၏ နိုင်ငံအနှံ့တွင် ယခုထက်တိုင် ကျူးလွန် နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို မည်သို့မှမေ့ဖျောက်၍ ရနိုင်မည်မဟုတ်ပါ။ မြန်မာတို့၏ရက်မြတ်နှစ်ကူးအတာသင်္ကြန်ကာလအတွင်းမှာပင် အရပ်သားများအပေါ် လေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းနှင့် ကျေးရွာများစွာကိုမီးရှို့ခြင်းများကဲ့သို့ လုပ်ရပ် များအား တရားမဲ့ဆက်လက်ကျူးလွန်နေသည်ကို တွေ့မြင်နေရသည်။ ယခုကြေညာလိုက်သည့် အကျဉ်းထောင် လွှတ်ပေးမှုသည် စစ်အုပ်စုနှင့်၎င်းတို့၏လက်ပါးစေများ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ဖုံးကွယ်ရန်ကြိုးစားနေ ခြင်း သက်သက်သာဖြစ်သည်။

ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးကို အမှန်တကယ်လိုလားသည်ဆိုလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန်အတွက် ပထမဦးဆုံး ဆောင်ရွက်ရန်လိုအပ်သည်။ ထို့အပြင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများ၏ လွတ်လပ် သောစိတ်ဆန္ဒဖြင့် မဲပေးရွေးချယ်ခဲ့ပြီး တာဝန်ပေးအပ်ထားသော ပြည်သူ့ကိုယ်စားလှယ်များ၏ မူလတာဝန်များကို ပြန်လည်ပေးအပ်ရန်လည်း လိုအပ်သည်။ ထိုကဲ့သို့သော လုပ်ဆောင်မှုများမပါဘဲနှင့် ယခုလို ခြွင်းချက်ဖြင့် အကျဉ်း ထောင်မှလွှတ်ပေးလိုက်ခြင်းသည် စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မည်သို့မျှ သက်ရောက်ပုံဖော် နိုင်မည်မဟုတ်ပါ။

ယခုကဲ့သို့ ခြွင်းချက်ထားပြီး နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် အကျဉ်းမှ အကျယ်သို့ ပြောင်းလဲ၍ ထိန်းချုပ်ကန့်သတ်မှုများကို ဆက်လက်ပြုလုပ်သည့် သဘောသဘာဝသာဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် လွတ်မြောက်လာပြီးနောက်ပိုင်းတွင်လည်း အန္တရာယ်များနှင့် စိန်ခေါ်မှုများစွာကို ဆက်လက် ကြုံတွေ့ရင်ဆိုင်ရပါလိမ့်မည်။

အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူများအနေဖြင့် ချက်ချင်းကြုံတွေ့ရမည့် အခက်အခဲမှာ နေရပ်ပြန်ရေး ပင် ဖြစ်သည်။ တချို့သော နိုင်ငံရေးအကျဉ်းသားများသည် ၎င်းတို့နေရပ်နှင့် ဝေးကွာသောထောင်များသို့ စစ်အုပ်စုမှ ပြောင်းရွှေ့ထားခြင်းကြောင့် အိမ်ပြန်ရန်အခက်အခဲများစွာ ကြုံတွေ့ရမည်။ ထို့အပြင် လွတ်မြောက်လာသူအများစု၏ နေရပ်များသည် ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသများ ဖြစ်နေသောကြောင့် မိသားစုနှင့်တွေ့ဆုံရန် အိမ်အပြန်ခရီး ခက်ခဲမည်မှာ သေချာနေသည်။

ယခု အကျဉ်းသားလွှတ်ပေးမှုမှ လွတ်မြောက်လာသော လူငယ်နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားလူငယ် အကျဉ်းသားများစွာသည် အတင်းအဓမ္မဆောင်ရွက်နေသော စစ်မှုထမ်းဥပဒေကြောင့် လွတ်မြောက်လာသော်လည်း ၎င်းတို့ ပြင်ပဘဝသည် စိုးရိမ်ကြောက်ရွံ့မှုများစွာနှင့် မသေချာမရေရာသည့် အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထိုအခြေအနေများကိုရင်ဆိုင်ကျော်ဖြတ်ရန်မှာ တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာဖြင့် မိမိတို့ရည်ရွယ်ရာ ပန်းတိုင်ရောက်ရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း


PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာEnglish)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia