SAC-M နှင့် ANFREL တို့၏ ပူးတွဲအစီရင်ခံစာသစ် – မြန်မာစစ်အုပ်စု၏ တရားမဝင် ၂၀၂၅–၂၆ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ၏ ရှေ့လားရာ”

SAC-M နှင့် ANFREL တို့၏ ပူးတွဲအစီရင်ခံစာသစ် – မြန်မာစစ်အုပ်စု၏ တရားမဝင် ၂၀၂၅–၂၆ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ၏ ရှေ့လားရာ”

“ဗိုလ်ချုပ်ဟောင်းများ၊ ဝတ်စုံသစ်များ – စစ်အုပ်စု၏ တရားမဝင် ၂၀၂၅-၂၆ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံ၏ ရှေ့လားရာ” ဟု အမည်ပေးထားသော အစီရင်ခံစာတစ်စောင်ကို လွတ်လပ်သောရွေးကောက်ပွဲများအတွက် အာရှကွန်ရက် (ANFREL) နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) တို့က ဧပြီလ (၁၀) ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့သည်။ 

အစီရင်ခံစာထဲတွင် ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်မှ ဇန်နဝါရီလ၊ ၂၀၂၆ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုက ကြိုတင်ဇာတ်တိုက်ကာ အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့သော “ရွေးကောက်ပွဲ” အကြောင်းကို အသေးစိတ် စိစစ်သုံးသပ်ထားပြီး ထိုရွေးကောက်ပွဲသည် နိုင်ငံတကာက သတ်မှတ်ထားသည့် စစ်မှန်သော ရွေးကောက်ပွဲများဆိုင်ရာ စံနှုန်းများနှင့် အဘက်ဘက်မှ မည်သို့မည်ပုံ သွေဖယ်နေကြောင်း ရှင်းလင်းတင်ပြထားသည်။ 

စစ်အုပ်စုက စီစဉ်တဲ့ရွေးကောက်ပွဲတွေကို တရားဝင်မှုရှိတယ်လို့ မှတ်ယူလို့မရနိုင်ပါဘူး။ ဒါဟာ သက်သေအထောက်အထားတွေအပေါ်မှာ အခြေခံတဲ့ ဆန်းစစ်အကဲဖြတ်ချက်တစ်ခုဖြစ်ပြီး မြေပြင်ပေါ်က လက်တွေ့ပကတိအရှိတရားတွေကိုလည်းထင်ဟပ်ပေးတဲ့ကောက်ချက်တစ်ခုဖြစ်ပါတယ် ဟု ANFREL ၏ အမှုဆောင်ဒါရိုက်တာ Brizza Rosales က ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သောအစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

အစီရင်စာထဲမှာပါတဲ့ သက်သေအထောက်အထားတွေအရ ကျွန်မတို့တွေ့ခဲ့ရတာက ပြည်သူ့ဆန္ဒကို ထင်ဟပ်ပေးတဲ့ ရွေးကောက်ပွဲတစ်ခုမဟုတ်ပဲ နိုင်ငံတကာစံနှုန်းတွေနဲ့ ပြည့်မှီမှုမရှိတဲ့ လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနည်းလမ်းအရတရားဝင်မှု မရှိပါဘူး။ 

စစ်အုပ်စုသည် ၎င်း၏တရားမဝင်ရွေးကောက်ပွဲတွင် ၎င်း၏ကိုယ်ပွားပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က အသာစီးရကာ ကြိုတင်စီမံထားသည့်ရလဒ် ထွက်ပေါ်စေရန် ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့မှအစ ရွေးကောက်ပွဲစနစ်၏ပုံစံနှင့် နိုင်ငံရေးပါတီများ ရွေးချယ်ခြင်းအဆုံး အဘက်ဘက်မှ သေချာစွာစနစ်တကျ အကွက်ချစီမံထားခဲ့သည်။ 

ရွေးကောက်ပွဲများကို မြန်မာနိုင်ငံနယ်နမိတ်၏ ၄၂ ရာခိုင်နှုန်းတွင်သာ ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူထုထောက်ခံမှုအများဆုံးနှင့် အောင်မြင်မှုအရှိဆုံး နိုင်ငံရေးပါတီများအပါအဝင် တရားဝင်နိုင်ငံရေး ပြိုင်ဘက်များကို တားဆီးပိတ်ပင်မှုများ ပြုလုပ်ထားသည့် အကန့်အသတ်များသော ဥပဒေမူဘောင် အောက်က ကျင်းပခဲ့ခြင်းဖြစ်သည်။ 

စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မှေးမှိန်သွားစေရန် ဆောင်ရွက်သည့် တစ်နှစ်စာဗျူဟာတစ်ခု၏ နောက်ဆုံးအဆင့်ဖြစ်ပြီး “သမ္မတရာထူး” ကို မရမကရယူလိုသည့် စစ်ရာဇဝတ်သံသယတရားခံ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေးရည်မှန်းချက်က နောက်ကွယ်က အဓိကတွန်းအားတစ်ခုဖြစ်သည်။ 

မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းခဲ့ပြီးနောက် ငါးနှစ်တာကာလအတွင်း ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၊ နိုင်ငံရေးအရ ဖမ်းဆီးထောင်ချမှုများ၊ အဓမ္မနေရပ်စွန့်ခွာ ထွက်ပြေးမှုများ၊ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ နှင့် စီးပွားရေးမတည်ငြိမ်မှုများ စသည့် အကျပ်အတည်းပေါင်းစုံကို ဖန်တီးခဲ့ပြီး ထိုအကျပ်အတည်းများသည် ယနေ့တိုင် ဒေသတွင်း တစ်ခုလုံးကို ထိခိုက်မှုများနှင့် ကွဲလွဲမှုများ ဆက်ဖြစ်စေလျက်ရှိသည်။ 

ကြိုတင်ဇာတ်တိုက်ပြီးလုပ်တဲ့ ဒီရွေးကောက်ပွဲမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ သွေဖယ်နေတဲ့ဖြစ်စဉ်တွေ အများအပြား ရှိနေပါတယ် ဟု ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူနှင့် အစီရင်ခံစာ ဦးဆောင်ရေးသားသူ Amaël Vier ကဆိုသည်။ ဒါက လူထုဆန္ဒကိုဂရုမစိုက်ပဲလွှတ်တော်တစ်ရပ်ကိုဖန်တီးလိုတဲ့ အနှစ်သာရမဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။ 

ကြံ့ခိုင်ရေးပါတီသည် အပြတ်အသတ်အနိုင်ရရန် စနစ်တကျကြိုတင်ကြံစည်ကာ အသာစီးယူခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းလုံးမှ ဆန္ဒမဲစုစုပေါင်း၏ ၄၄-၄၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟု Vier ကပြောသည်။ 

ပြည်သူတွေက မဲပေးဖို့အဓမ္မဖိအားပေးခံခဲ့ရတယ်။ ခြိမ်းခြောက်မှု၊ ဖိအားပေးမှု၊ ထိပါးနှောက်ယှက်မှု စတာတွေ အများကြီးဖြစ်ခဲ့တယ်။ ဒါတောင် သူတို့က ကြံခိုင်ရေးပါတီကို ငြင်းပယ်ခဲ့ကြတယ် ဟု သူက ထပ်ပြောသည်။ 

စစ်အုပ်စုသည် ၎င်း၏ “ရွေးကောက်ပွဲ” အတွက် ကြိုတင်လမ်းရှင်းထားရန် နှင့် ပြိုင်ဘက်ဟုယူဆရသူများကို အပြစ်ပေးအကြမ်းဖက်ခြောက်လှန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းရှေ့မှောက်တွင် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ခဲ့သည်။ အစီရင်ခံစာထဲတွင် စစ်အုပ်စုက ထိုရည်ရွယ်ချက်များအတွက် စနစ်တကျစီမံထားသော အကြမ်းဖက်မှုလုပ်ရပ်များကို မည်သို့အသုံးချခဲ့ကြောင်း၊ ဒီမိုကကရက်တစ်လွတ်လပ်ခွင့်ကို မည်သို့ဖိနှိပ်ခဲ့ကြောင်း၊ လူသားချင်းစာနာမှု အကူအညီများကို မည်သို့ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်းနှင့် ထောက်လှမ်းရေးနည်းစနစ်များကို မည်သို့စစ်ပုံသွင်းခဲ့ကြောင်း ကုလသမဂ္ဂ နှင့် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ လူ့အခွင့်အရေး သုတေသနမှတ်တမ်းအများအပြားကို အခြေခံကာ ရှင်းလင်းတင်ပြထားသည်။ 

ထို့ကြောင့် စစ်အုပ်စု၏ “ရွေးကောက်ပွဲ” သည် ဒီမိုကရေစီတံခါးပွင့်လာသည့် အရိပ်အယောင်တစ်ခု မဟုတ်ပဲ နိုင်ငံတော်ယန္တရားအပေါ် စစ်တပ်၏ထိန်းချုပ်မှု အမြစ်တွယ်သွားအောင် ဆောင်ရွက်သည့် နည်းလမ်းတစ်ခု၊ ၎င်းတို့အသည်းအသန်လိုအပ်နေသော တရားဝင်မှုရရှိရေး နိုင်ငံတကာအသိုင်းအဝိုင်းကို မျက်နှာပြောင်တိုက်သည့် လုပ်ရပ်တစ်ခုသာဖြစ်သည်။ မီးစင်ကြည့်ကလိုသောကြောင့်လည်းကောင်း၊ စိတ်မဝင်စားအလေးမထားသောကြောင့်လည်းကောင်း သို့မဟုတ် နှစ်ခုလုံးကြောင့်လည်းကောင်း နိုင်ငံတကာအစိုးရများက စစ်အုပ်စုနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ခြေရှိခြင်းသည် လက်ရှိ ရင်ဆိုင်နေရသည့် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ 

စစ်အုပ်စုက အကြမ်းဖက်မှုကို မူဝါဒတစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ပြီး ဥပဒေကို ဖိနှိပ်ရေး ကိရိယာတွေအဖြစ်စိတ်ကြိုက်ကြိုးကိုင်အသုံးချလာခဲ့ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့လွှတ်တော်ကို ဥပဒေပြုရေးအာဏာပိုင် တစ်ရပ်အနေနဲ့တစိုးတစိလောက်တောင် အလေးအနက်ထားဖို့ဆိုတာ အဓိပ္ပါယ်မဲ့တာထက်တောင်ပိုဆိုးမယ့် လုပ်ရပ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဟု SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee ကပြောသည်။  

တိုတိုပြောရရင်တော့ စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ ဘယ်နိုင်ငံမဆို သူတို့ရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်သူတွေဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နွေဦးတော်လှန်ရေးလှုပ်ရှားမှုသည် မယုံနိုင်လောက်စရာ ရင်ဆိုင်အံ့တုနိုင်စွမ်း နှင့်အတူ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော စစ်ယန္တရားများကို ဆက်လက်ခုခံတွန်းလှန်နေသည်။ တချိန်တည်းတွင် နွေဦးတော်လှန်ရေးသည် အရပ်သားအုပ်ချုပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူမှုနှင့် တရားမျှတမှုကို အာမခံချက်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခု ပေါ်ပေါက်လာရေးဟူသည့် ဘုံမျှော်မှန်းချက်ကို အခြေခံသည့် ဘုံသဘောတူညီချက်တစ်ခုကို တည်ဆောက်နေပြီး ထိုဖြစ်စဉ်သည် လျှင်မြန်စွာလည်း အားကောင်းလာနေလျက်ရှိသည်။ 

မြန်မာပြည်သူများသည် ဒီမိုကရေစီလမ်းသစ်တစ်ခုကို တက်ကြွစွာ ဆက်ဖောက်နေကြပြီး စစ်အုပ်စု၏ အနှစ်သာရမဲ့သောရွေးကောက်ပွဲကို နေရာအနှံ့အပြားတွင်ငြင်းပယ်ခဲ့သည့် ၎င်းတို့၏ တုန့်ပြန်မှုကလည်း ဤအချက်ကို သက်သေပြနေသည်။ ဤမျှော်မှန်းချက်ဆီသို့ ဦးတည်ကာ ခိုင်မာသော တိုးတက်ပြောင်းလဲများ ရှိနေကြောင်းဖော်ပြနေသည့် ပြည်နယ်နှင့်ပြည်ထောင်စုအဆင့် နှစ်ခုလုံးမှ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများ အကြောင်းကိုလည်း အစီရင်ခံစာထဲတွင် ထည့်သွင်းဆွေးနွေးထားသည်။ 

အစီရင်ခံစာအဆုံးတွင် မြန်မာပြည်သူများ၏ အမြင်များကိုအခြေခံ၍ အာဆီယံနှင့်ကုလသမဂ္ဂ ဖိုရမ်များ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူများ၏ စစ်မှန်သော ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒများနှင့် မျှော်မှန်းချက်များကို အားပေးပံ့ပိုးနိုင်ရန် မဖြစ်မနေဆောင်ရွက်ရမည့် အချက်များကို စာရင်းပြုဖော်ပြထားသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းသည် ထိုအချက်များထဲကတစ်ခုအနေဖြင့် အသစ်ဖွဲစည်းထားသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့် ကောင်စီများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ အသစ်ပေါ်ထွန်းလာသော ဖက်ဒရယ်ယူနစ်များနှင့် မဟာမိတ်အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူနည်းစုလူမှုအသိုင်းအဝိုင်းများ အပါအဝင် တရားဝင်ဒီမိုကရေစီအစုအဖွဲများနှင့် အသစ်ပေါ်ထွန်းလာသော ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျူးရှင်းများ အတွက် နိုင်ငံရေး၊ ငွေကြေး၊ ပစ္စည်းနှင့် လူသားချင်းစာနာမှု အကူအညီများပေးရန် ပြန်လည်ထပ်လောင်း အတည်ပြုရမည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုဖြတ်တောက်ကာ ၎င်းတို့ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ရပ်တန့်နိုင်ရန် စစ်အုပ်စုက ငွေ၊ ခဲယမ်းမီးကျောက်၊ လေယာဉ်ဆီ၊ အရက်ဘက်စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ထောက်လှမ်းရေး နည်းပညာများ မရရှိနိုင်အောင် ပိတ်ပင်ခြင်း၊ စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ခြင်း၊ စစ်အုပ်စုကို လက်ရှိပုံစံတွင်ဖြစ်စေ အနာဂတ်တွင် မည်သည့်ပုံစံမျိုးတွင်မဆိုဖြစ်စေ တရားဝင်မှုပေးရန် ငြင်းဆန်ခြင်း စသည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်။ 

နောက်ဆုံးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် မင်းအောင်လှိုင်နှင့် အခြားစစ်အုပ်စုခေါင်းဆောင်များကို တာဝန်ခံမှုရှိအောင်ဆောင်ရွက်ပြီး အကြမ်းဖက်မှုသံသရာနှင့် နိုင်ငံရေးအကျပ်အတည်းများ အကြိမ်ကြိမ် ပြန်လည်ဖြစ်ပေါ်စေသည့် စစ်တပ်ကဆယ်စုနှစ်ချီ ရရှိခံစားလာခဲ့သော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးသတ် အဆုံးသတ်ရမည်။ 


Original post.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia