မြန်မာနိုင်ငံ၏ သမိုင်းဝင် တော်လှန်ရေးဦးဆောင်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းပံ့ပိုးရမည်

မြန်မာနိုင်ငံ၏ သမိုင်းဝင် တော်လှန်ရေးဦးဆောင်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းပံ့ပိုးရမည်

၁ ရက်၊ ဧပြီလ၊ ၂၀၂၆ ခုနှစ်။ ။ မြန်မာနိုင်ငံ၏ အဓိကတော်လှန်ရေးအစုအဖွဲ့များပါဝင်သည့် အသစ်ဖွဲ့စည်းလိုက်သော မဟာမိတ်အဖွဲ့သည် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်ပြီး ၎င်းတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပံ့ပိုးရမည်ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ကဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက ပြီးခဲ့သောတနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ မဟာမိတ်အဖွဲ့ထဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားတပ်ဦးတို့ပါဝင်ကြသည်။ 

ဦးဆောင်ကောင်စီသည် စစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း သက်တမ်းရင့် တိုင်းရင်သားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ နှင့် ဖက်ဒရယ်ဒီမိုကရေစီ နှင့် လွှတ်တော်ဆိုင်ရာအစုအဖွဲ့များကြား အသိသာဆုံး စနစ်ကျသော တရားဝင်မဟာမိတ်စုဖွဲ့မှုတစ်ခုဟု ဆိုနိုင်သည်။ ဦးဆောင်ကော်စီတွင် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ရှိပြီး နိုင်ငံရေးတွင် စစ်တပ်ပါဝင်မှုကို အဆုံးသတ်ခြင်း၊ စစ်မှန်သော ဒီမိုကရေစီနည်းလမ်းဖြင့် အရပ်သားအစိုးရတစ်ရပ်ကို ရွေးကောက်တင်မြောက်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ စံတန်ဖိုးများပါဝင်သည့် အားလုံးလက်ခံနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြင့် အစားထိုးခြင်း၊ ထွက်ပေါ်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ခြင်း၊ မတရား ကျူးလွန်ခံရသူများ တရားမျှတမှုရရှိရန်နှင့် ကျူးလွန်သူများတာဝန်ခံမှုရှိစေရန် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေးစနစ်တစ်ခု ထူထောင်ခြင်း စသည်တို့ပါဝင်သည်။ 

ကောင်စီဖွဲ့စည်းမှုဟာ အင်မတန်မှ အချိန်အခါသင့်ပြီး ကြီးမားတဲ့ တိုးတက်ဖြစ်ထွန်းမှုတစ်ခုဖြစ်တယ်” ဟု SAC-M အဖွဲ့ဝင် Yanghee Lee ကပြောသည်။ “တိုင်းရင်းသားလူမျိုးစုတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အရပ်ဘက်အာဏာသာလွန်ကြီးစိုးရေး၊ တရားမျှတမှု နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု စတာတွေအပေါ် အခြေခံတဲ့ အနာဂတ်တစ်ခုတည်ဆောက်နိုင်ရေး စစ်မှန်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ခုချိန်မှာ မရှိမဖြစ်လိုအပ်ပြီး အရှိန်လည်းရလာနေပါတယ်။

စစ်အုပ်စုက ဖိနှိပ်အနိုင်ကျင့်ပြီး အတင်းသွတ်သွင်းဖို့ ကြိုစားနေတဲ့ အကြွင်းမဲ့ စစ်အုပ်ချုပ်မှုစနစ်နဲ့ တိုင်းပြည်အပေါ်ထားတဲ့ ပြည်သူတွေရဲ့ အနာဂတ်မျှော်မှန်းချက်နဲ့က မိုးနဲ့မြေလို ကွာခြားပါတယ်” ဟု Yanghee Lee က ဆက်ပြောသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ခြံစည်းရုံးခွထိုင်တာရပ်ပြီး အားလုံးပါဝင်တဲ့ ပြည်ထောင်စုသစ်အတွက် ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ အနာဂတ်မျှော်မှန်းချက်ကို အပြည့်အဝထောက်ခံအားပေးဖို့နဲ့ စစ်အုပ်စုကို လက်ရှိပုံစံမှာရော နောက်ပိုင်း ပုံစံပြောင်းသွားတဲ့အခါမှာရော ဝိုင်းဝန်းဖယ်ကျဉ်ကြဖို့  လိုအပ်ပါတယ်။ 

ပြီးခဲ့သောတနင်္လာနေ့တွင် စစ်ရာဇဝတ်မှုဖြင့်စွဲချက်တင်ခံထားရသူ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စု၏ ကိုယ်ပွားအစိုးရအဖွဲ့က ‘ဒုသမ္မတ’ အဖြစ် ‘ရွေးကောက်တင်မြောက်’ ခဲ့ကြပြီး ဤဖြစ်စဉ်သည် မင်းအောင်လှိုင်က ကာလရှည်ကြာစွဲကိုင်လာခဲ့သော ပုဂ္ဂိုလ်ရေးရည်မှန်းချက်  အကောင်အထည်ပေါ်ရေး ကနဦးခြေလှမ်းတစ်ခုဖြစ်သည်။ မင်းအောင်လှိုင်သည် မြန်မာပြည်သူများနှင့် ရက်ရက်စက်စက် ပြန်လည်စစ်ခင်းနေသည့်တချိန်ထဲတွင် သမ္မတရာထူးမှနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်နိုင်ရန် မျှော်လင့်နေသည်။ 

မင်းအောင်လှိုင်သည် ဒုတိယကာကွယ်ရေးဦးစီးချုပ်အဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏နေရာကို ဆက်ခံသူဖြစ်လာမည်ဟု အများကယူဆထားကြသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုကျော်ကာ ၎င်း၏သစ္စာခံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်ရာထူးဆက်ခံသူအဖြစ် ခန့်အပ်ခဲ့သည်။ ရဲဝင်းဦးသည် ဥရောပသမဂ္ဂအပါအဝင် နိုင်ငံနှင့် အစိုးရအစုအဖွဲ့အချို့၏ ပိတ်ဆို့အရေးယူခြင်းခံထားရသူဖြစ်သည်။

အရပ်ဝတ်လဲလိုက်ရုံနဲ့ မင်းအောင်လှိုင်က သမ္မတဖြစ်သွားမှာမဟုတ်သလို သူရဲ့အတုအယောင်အစိုးရဟာလည်း အရပ်သားအစိုးရ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရ ဖြစ်လာမှာမဟုတ်ပါဘူး ဟု SAC-M ၏ အမှုဆောင်ဒါရိုက်တာ Ben Lee ကပြောသည်။ စစ်အုပ်စုက သူတို့ကိုယ်သူတို့ ဈေးပေါပေါနဲ့ ပြန်လည်ထုတ်ပိုးပြီး ရောင်းနေပေမယ့် သူတို့ကို ဘယ်သူမှမဝယ်ဘူး။ 

စစ်အုပ်စု၏ ကိုယ်ပွားအစိုးရအဖွဲ့သစ်ကိုကြည့်ကာ စစ်အုပ်စုက သဘောထားပျော့ပျောင်းလာသည် သိုမဟုတ် ဦးတည်ရာပြောင်းလဲလာသည်ဟု မရှုမြင်သင့်ချေ။ စစ်အုပ်စုသည် တရားမဝင် “လွှတ်တော်” ပထမဆုံးအကြိမ် ခေါ်ယူပြီးနောက်ပိုင်း လွန်ခဲ့သောနှစ်ပတ်တာတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ မညှာမတာ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပြည်သူများ ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။ 

ငါးနှစ်ကြာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် ပြည်သူများ၏စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ခြင်းမရှိပဲ ဖြိုလှဲရန်မဖြစ်နိုင်သည့်အဖွဲ့အစည်းအဖြစ် ပုံဖော်ထားသည့် စစ်တပ်၏ဟန်ပြပုံရိပ်ကိုသာ ကွာကျလာစေသည်။ နေပြည်တော်ခံတပ်ရှိ စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများက ဖြစ်ပေါ်လာသောအခြေနေများကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေချိန် မြန်မာနိုင်ငံတွင် နိုင်ငံရေးအသွင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ် လာနေလျက်ရှိသည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြည်နယ်အခြေပြုမဟာမိတ်အဖွဲ့များ နှင့် ဒေသအဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာတော်လှန်ရေးအစုအဖွဲ့များကို နည်းပညာ၊ စွမ်းရည်မြှင့်တင်ရေး နှင့် ငွေကြေး အကူအညီများ တိုးမြှင့်ပံ့ပိုးပေးခြင်းအားဖြင့် ဦးဆောင်ကောင်စီနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အခြားသော ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံအားပေးဝန်းရံရမည်။ 

တချိန်ထဲတွင် အာဆီယံ၊ ကုလသမဂ္ဂဖိုရမ်များ နှင့် နိုင်ငံတကာအစိုးရများသည် ဦးဆောင်ကောင်စီအပါအဝင် တရားဝင် မြန်မာနိုင်ငံကိုယ်စားလှယ်များ နှင့် အသစ်ပေါ်ထွက်လာသော ဖက်ဒရယ်ဒီမိုကရေစီအင်စတီကျူးရှင်းများနှင့် တရားဝင်ထိတွေ့ဆက်ဆံမှု ပိုမိုခိုင်မြဲအောင်ဆောင်ရွက်ရမည်။ ထို့ပြင် စစ်အုပ်စုကိုလည်းကောင်း၊ စစ်အုပ်စု၏ ကိုယ်ပွားအစိုးရအဖွဲ့သစ်နှင့်ကိုယ်စားလှယ်များကိုလည်းကောင်း ၎င်းတို့ အသည်းအသန်လိုအပ်နေသော တရားဝင်မှုရစေသည့် မည်သည့်ထိတွေ့ဆက်ဆံမှုမျိုးမှမလုပ်ပဲ ဝိုင်းဝန်းဖယ်ကြဉ်ရမည်။


PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာEnglish)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia