25 March 2026

တရားမဝင် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုသည် ၂၀၂၂ ခုနှစ်တွင် ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူခဲ့ကြောင်း Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှုအသစ်တစ်ရပ် အရသိရသည်။
အဆိုပါအိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ဒုတိယနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်သည် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို အရှိန်အဟုန်မြှင့် ကျူးလွန်နေချိန်ဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးနှိပ်စက်မှုများ၊ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်မှုများနှင့် ထိုင်းနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများသို့ အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးစေမှုများကို ကျူးလွန်နေချိန်ဖြစ်သည်။
ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Company Limited ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းများ၊ မြေယာမှတ်တမ်းများ၊ အများပြည်သူသိရှိနိုင်သော သတင်းအချက်အလက်များနှင့် လျှို့ဝှက်သတင်းရင်းမြစ်များအား ဆန်းစစ်သုံးသပ်မှုများအပေါ် အခြေခံ၍၊ Emerald Princess ကုမ္ပဏီသည် ဝယ်ယူသူ၏ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားနိုင်ရန်တို့အတွက် Charn Issara ၏ ပံ့ပိုးကူညီမှုဖြင့် အိမ်ရာပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တစ်ပတ်အလိုတွင်မှ တည်ထောင်ခဲ့သော မင်းအောင်လှိုင်မိသားစု၏ ကြားခံရုပ်ပြကုမ္ပဏီတစ်ခုဖြစ်ကြောင်း Justice For Myanmar က ကောက်ချက်ချနိုင်ခဲ့သည်။
ထိုဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်ခံထားရခြင်းမရှိသေးသော မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ သူမ၏အမည်အား အသုံးပြုခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်မခံရသေးသော မျိုးရတနာထိုက်နှင့် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှတို့အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ချို့ယွင်းချက်ကယ်ပေါက်များအား ပိတ်ဆို့သင့်သည်။
ထိုအိမ်ရာဝယ်ယူရာတွင် အသုံးပြုခဲ့သော ငွေများသည် အကျင့်ပျက်ခြစားမှုများမှ ရရှိလာသည်ဟု ယူဆရန် အကြောင်းပြချက်များရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျယ်ပြန့်လှသော ပြည်သူ့ပိုင်ဆိုင်မှု ခိုးယူမှုများတွင် ပါဝင်ပတ်သက်နေသော စစ်တပ်ပိုင် ကော်ပိုရေးရှင်းကြီးနှစ်ခုအပေါ် မင်းအောင်လှိုင်၏ ထိန်းချုပ်ထားနိုင်မှုနှင့် နိုင်ငံပိုင်ပစ္စည်းများကို တရားမဝင်သိမ်းပိုက်မှုများ ပါဝင်သည့် ၂၀၂၁ စစ်အာဏာသိမ်းကြိုးပမ်းမှုကို ဦးဆောင်သူမှာ မင်းအောင်လှိုင် ကိုယ်တိုင်ဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်။
အဂတိလိုက်စားမှုလုပ်ရပ်များသည် ပြည်ပတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်စေကာမူ ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ အရ မူလပြစ်မှုအဖြစ် သက်ရောက်မှုရှိပြီး ကြားခံရုပ်ပြကုမ္ပဏီဖြစ်သည့် Emerald Princess ကိုအသုံးပြုခြင်းသည် ထိုင်းနိုင်ငံ၏ မြေယာပိုင်ဆိုင်မှုဥပဒေ (Land Code Act) ပုဒ်မ ၁၁၃ နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ (Foreign Business Act) ပုဒ်မ ၃၆ တို့အရ ရာဇဝတ်ပြစ်မှုများ မြောက်နိုင်သည်။
ထိုင်းအာဏာပိုင်များအနေဖြင့် သက်ဆိုင်ရာ ဥပဒေများအရ လုပ်ပိုင်ခွင့်အာဏာအားလုံးကို အပြည့်အဝအသုံးပြု၍ ဒဏ်ငွေချမှတ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းအပါအဝင် မင်းအောင်လှိုင်နှင့် သူ၏ မိသားစုဝင်များ၊ စစ်အုပ်စုခရိုနီ ထွန်းမင်းလတ်၊ Emerald Princess ကုမ္ပဏီ၊ Charn Issara ကုမ္ပဏီနှင့် ၎င်းတို့၏ စီမံခန့်ခွဲမှုများကို ချက်ချင်း စုံစမ်းစစ်ဆေးရန် Justice For Myanmar က တောင်းဆိုပါသည်။
Charn Issara အိမ်ရာရောင်းချမှုကို မင်းအောင်လှိုင်မိသားစုကိုယ်စား ထွန်းမင်းလတ်က ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၎င်းအား မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် ရာဇဝတ်စီးပွားလုပ်ငန်းများ စုဖွဲ့လုပ်ကိုင်မှုများဖြင့် ဖမ်းဆီးမခံရမီ အချိန်တိုလေးအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (၎င်းအား ၂၀၂၄ ခုနှစ်တွင် တရားသေလွှတ်ပေးခဲ့သည်)
Justice For Myanmar သည် Belle Grand Rama 9 ကွန်ဒိုမီနီယံရှိ ထွန်းမင်းလတ်၏ အိမ်ခြံမြေ ပိုင်ဆိုင်မှုများအကြောင်း အသေးစိတ် အချက်အလက်သစ်များကိုလည်း ဖော်ထုတ်ခဲ့ပြီး၊ ၎င်းအထဲတွင် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းပြီးနောက်ပိုင်း ၎င်းဝယ်ယူခဲ့သော တန်ဖိုးကြီးဇိမ်ခံတိုက်ခန်းတစ်ခန်းလည်း ပါဝင်သည်။ Belle Grand Rama 9 ကို စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ Grand Canal Land Public Company Limited (G Land) မှပိုင်ဆိုင်သည်။
ထွန်းမင်းလတ်သည် ၂၀၁၇ ခုနှစ်တွင် မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံကိုလည်း Belle Grand Rama 9 တွင် တိုက်ခန်းတစ်ခန်းဝယ်ယူနိုင်ရန် ကူညီပေးခဲ့ပြီး၊ ထိုတိုက်ခန်းသည် လက်ရှိတွင် အခွန်မပေးဆောင်ခြင်းကြောင့် ထိန်းချုပ်ပိတ်ပင်ခံထားရသည်။
အဆိုပါ Belle အိမ်ရာဝယ်ယူမှုများကိုလည်း ထိုင်းအာဏာပိုင်များအနေဖြင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအောက်တွင် စုံစမ်းစစ်ဆေးပြီး၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် လိုအပ်ပါသည်။
Justice For Myanmar မှ Charn Issara နှင့် Grand Canal တို့ထံ ယခုတွေ့ရှိချက်များကို မျှဝေခဲ့ပြီး ထပ်လောင်းမေးခွန်းများ မေးမြန်းကာ တုံ့ပြန်ဖြေကြားပေးရန် တောင်းခံခဲ့သော်လည်း ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာ အကြောင်းပြန်ကြားခဲ့ခြင်း မရှိပါ။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်က မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေချိန်မှာ သူ့မိသားစုက သူတို့မတရားရရှိထားတဲ့ ငွေကြေးတွေကို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ခဲ့တာကတော့ အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းပါတယ်။
ဒီလိုဖြစ်ခဲ့တာဟာ စစ်အုပ်စု၊ သူတို့ရဲ့မိသားစုတွေ၊ ခရိုနီတွေဆီကနေ တရားမဝင်ငွေကြေးတွေ ထိုင်းနိုင်ငံတွင်းစီးဝင်လာမှုကို တားဆီးဖို့နဲ့ တရားမဝင် အိမ်ခြံမြေဝယ်ယူမှုတွေကို ပိတ်ပင်ဖို့ ထိုင်းအစိုးရက ပျက်ကွက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီလို တန်ဖိုးကြီးအိမ်ခြံမြေဝယ်ယူမှုတွေက ထိုင်းဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ ထိုင်းအစိုးရအနေနဲ့ မင်းအောင်လှိုင်နဲ့ သူရဲ့မိသားစု အပါအဝင် ပါဝင်ပတ်သက်သူတွေကို အရေးတကြီး အရှိန်မြှင့်တင် စုံစမ်းစစ်ဆေးပြီး၊ တရားစွဲဆိုမှုတွေ လုပ်ဆောင်ဖို့နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေကို မြန်မာနိုင်ငံမှာ တရားဝင် ဖက်ဒရယ်ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ထွန်းလာပြီး ပြန်လည်လွှဲပြောင်းပေးနိုင်တဲ့အချိန်အထိ ထိန်းသိမ်းထားရပါမယ်။
မြန်မာပြည်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရဲရင့်ပြောင်မြောက်စွာနဲ့ ခုခံတွန်းလှန်လာတာဟာ အခုဆိုရင် ခြောက်နှစ်မြောက်ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်၊ အစိုးရတွေအနေနဲ့ ၎င်းတို့နဲ့အတူ ရပ်တည်ပြီး စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ကိရိယာနဲ့ လေယာဉ်ဆီရရှိမှုတွေကို တားဆီးပိတ်ပင်ဖို့ အရေးယူဆောင်ရွက်ကြရပါမယ်” ဟု ပြောကြားခဲ့သည်။
ပိုမိုသိရှိရန်
မင်းအောင်လှိုင် မိသားစု ထိုင်းအိမ်ခြံမြေဝယ်ယူမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှုကို ယခုနေရာတွင် ဖတ်ရှုပါ။
PDF ဖိုင်ကိုရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026

16 June 2026