အစီရင်ခံစာအကျဥ်းချုပ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု မစတင်မီ နာရီအနည်းငယ်အလိုတွင် စစ်တပ်သည် ဆက်သွယ်ရေးကုမ္ပဏီများ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး အင်တာနက်လိုင်းများအားလုံးကို ဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ဘက်စုံဒစ်ဂျစ်တယ်နည်းပညာသုံး ပိတ်ဆို့မှုများကို အလုံးစုံ ဆောင်ရွက်ပြီးစီးမှသာ အင်တာနက်ကို ပြန်လည်ဖွင့်ပေးရန် ညွှန်ကြားခဲ့သည်။ စစ်တပ်၏ ပစ်မှတ်ထား ပိတ်ဆို့မှုများထဲတွင် လူမှုကွန်ရက်များနှင့် နိုင်ငံအတွင်းရှိ လွတ်လပ်သော သတင်းမီဒီယာဌာန အများအပြား ပါဝင်ခဲ့သည်။ ငါးနှစ်ကြာပြီးနောက် စစ်ကောင်စီ၏ ၂၀၂၅-၂၆ ခုနှစ် အတုအယောင်ရွေးကောက်ပွဲ ကျင်းပချိန်တွင် ထိုပိတ်ဆို့ဖြတ်တောက်မှုများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ်ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ၏ အဓိကဒေါက်တိုင်များ ဖြစ်လာခဲ့သည်။
ဤအစီရင်ခံစာသည် အဆိုပါ ပိတ်ဆို့ဖြတ်တောက်မှုများ၏ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာပုံနှင့် ရွေးကောက်ပွဲကာလအတွင်း ၎င်းတို့ မည်သို့ ပိုမိုပြင်းထန်လာသည်ကို ဖော်ထုတ်တင်ပြထားပါသည်။ စုံစမ်း စစ်ဆေးမှုအပိုင်းဆက်များ၏ ကနဦးအဖြစ် ဤအစီရင်ခံစာသည် မီဒီယာများကို စနစ်တကျ ဆင်ဆာဖြတ်ရန် နှင့် ပြည်သူတို့၏ အခြေခံသတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရန်အတွက် စစ်တပ်က အင်တာနက် အခြေခံ အဆောက်အအုံများကို လက်နက်သဖွယ် မည်သို့အသုံးချခဲ့ကြောင်း ဖော်ထုတ်အစီရင်ခံတင်ပြထားပါသည်။ နောက်ထပ်လာမည့် အစီရင်ခံစာအတွဲများတွင် သတင်းထောက်များ၏ ကိုယ်တွေ့အတွေ့အကြုံများကိုပါ ဆက်လက်ဖော်ပြသွားမည် ဖြစ်သည်။
အဓိကလေ့လာတွေ့ရှိချက်များ
- စစ်တပ်သည် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သည့် မီဒီယာကြီးများ၏ ဝက်ဘ်ဆိုက်တွင် ပြည်သူများဝင်ရောက်သတင်းဖတ်ရှုရန် ကြိုးပမ်းမှု ၉၃ % ကို ပိတ်ဆို့ဟန့်တားခဲ့ပြီး၊ ဝက်ဘ်ဆိုက် ပိတ်ဆို့မှုများကို သိသိသာသာ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
- မီဒီယာတခုချင်းစီ၏ စစ်တပ်အား ဝေဖန်ထောက်ပြမှုအပေါ် မူတည်၍ ပိတ်ဆို့မှုများမှာလည်း ကွာခြားသွားသည်။ စစ်တပ်ကို အပြင်းထန်ဆုံး ဝေဖန်သည့် မီဒီယာများသည် ၉၀ % ကျော်အထိ ပိတ်ဆို့ဟန့်တားမှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း၊ စစ်တပ်၏ ဝါဒဖြန့်ချိမှုများအတိုင်း လိုက်ပါရေးသား သည့် မီဒီယာများမှာမူ လုံးဝ (၀%) ပိတ်ဆို့ခြင်း မခံခဲ့ရပေ။
- ဒစ်ဂျစ်တယ်ပိတ်ဆို့မှုကို ပြည်သူများ ကျော်လွှားခြင်းမပြုနိုင်စေရန် စစ်တပ်သည် လျှို့ဝှက်ကုဒ်သုံး နည်းပညာ (Encryption) နှင့် ဒစ်ဂျစ်တယ်အတားအဆီးများကို ကျော်လွှားအသုံးပြုနိုင်သည့် နည်းပညာသုံးကိရိယာ (Circumvention tools) များအား ပိတ်ဆို့မှုကိုလည်း ၉၇ % နှင့် ၉၃% အထိ အသီးသီး တိုးမြှင့်ခဲ့သည်။ တချိန်တည်းမှာပင် ၎င်းတို့သည် လျှို့ဝှက်ကုဒ်နည်းပညာမသုံးထားသော ပလက်ဖောင်းများကို ပြန်ဖွင့်ပေးခြင်းဖြင့် ပြည်သူလူထုကို ပိုမိုပြင်းထန်စွာ စောင့်ကြည့်နိုင်သည့် ဒစ်ဂျစ်တယ်နယ်ပယ်အတွင်းသို့ သွတ်သွင်းရန် ကြိုးပမ်းခဲ့ကြသည်။
- စစ်တပ်သည် ပိတ်ဆို့ဖြတ်တောက်မှုများကို နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခြင်း၊ သတင်း ပေါက်ကြားမှုများအတွက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီများကို ပြင်းထန်သော ထောင်ဒဏ်များ ဖြင့် ခြိမ်းခြောက်ခြင်းနှင့် ပိတ်ဆို့မှု ၉၈ % ခန့်ကို နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများအဖြစ် ဖုံးကွယ် ခြင်းတို့ဖြင့် ပြည်သူလူထုအား အခြေအနေမှန်ကို ဝေခွဲမရဖြစ်အောင် လှည့်ဖျားရန် ကြိုးပမ်းခဲ့သည်။
- ဆက်သွယ်ရေးနည်းပညာကုမ္ပဏီများအားလုံးသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရမည့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ကြပြီး၊ စစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်ရေး ယန္တရား တွင် တက်ကြွစွာ ပါဝင်အားဖြည့်ပေးသူများ ဖြစ်လာခဲ့ကြသည်။ အထူးသဖြင့် နိုင်ငံပိုင်ဆက်သွယ် ရေးနည်းပညာကုမ္ပဏီများဖြစ်သည့် MPT နှင့် Mytel တို့သည် သတင်းမီဒီယာများကို ၁၀၀ % နီးပါး ပိတ်ဆို့ဖြတ်တောက်ခြင်းဖြင့် ဤဒစ်ဂျစ်တယ်နှိပ်ကွပ်မှုကို ရှေ့တန်းမှ အကောင်အထည်ဖော် ခဲ့ကြသည်။
အစီရင်ခံစာအပြည့်အစုံဖတ်ရန် (မြန်မာဘာသာ ၊ English)