16 March 2026

၁၆ ရက်၊ မတ်လ၊ ၂၀၂၆ ခုနှစ်။ ။ မြန်မာစစ်အုပ်စု၏ အာဏာထိန်းချုပ်ရေးလုပ်ငန်းစဉ် နောက်အဆင့်တစ်ခုသို့ ရောက်လာခဲ့ပြီဖြစ်ပြီး စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ကိုယ်ပွားများက ၎င်းတို့၏ တရားမဝင် “လွှတ်တော်” ကို နေပြည်တော်တွင် ယနေ့ ခေါ်ယူကျင်းပခဲ့သည်။ ဇန်နဝါရီလက အပြီးသတ်ကျင်းပခဲ့သည့် စစ်အုပ်စု၏ အလိမ်အညာရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ထိုသို့ စည်းဝေးကြခြင်းဖြစ်သည်။
လာမည့်နှစ်ပါတ်အတွင်း ဒါဇင်နှင့်ချီသော ထိပ်တန်းစစ်ဗိုလ်ချုပ်များသည် အရေခွံလဲသည့်အနေဖြင့် စစ်ယူနီဖောင်းကိုစွန့်ကာ အရပ်ဝတ်လဲကြမည်ဖြစ်သည်။ ဤမလိမ့်တပတ်လုပ်ရပ်ကို ဧပြီလအစောပိုင်းတွင် အပြီးသတ်ဆောင်ရွက်ပြီး စစ်အုပ်စုခေါင်းဆောင် စစ်ရာဇဝတ်သားဟုစွပ်စွဲခံထားရသူ မင်းအောင်လှိုင်၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်မည့် ရုပ်သေး “အစိုးရ” သစ်ကို ဖွဲ့စည်းသွားမည်ဟု သိရသည်။
“တစ်ကိုယ်ကောင်းသမား မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတင်နိုင်ဖို့အတွက် သောင်းနှင့်ချီသော အရပ်သားပြည်သူများအားသတ်ဖြတ်ကာ တိုင်းပြည်ကို မီးလောင်တိုက်သွင်းလာခဲ့ရုံသာမက ဒေသတွင်းမတည်မငြိမ်ဖြစ်အောင်လည်း လုပ်လာခဲ့သူဖြစ်တယ်”ဟု မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် Yanghee Lee ကပြောသည်။ “ဟန်ပြရာထူးဂုဏ်ပုဒ်တွေတပ်ပြီး အရပ်ဝတ်လဲလိုက်ရုံနဲ့ မြန်မာပြည်သူတွေကို ဒါမှမဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားလို့ရမှာမဟုတ်သလို သူရဲ့ရာဇဝတ်မှုတွေကိုလည်း ဖျောက်ဖျက်လို့ရမှာမဟုတ်ပါဘူး။ နောက်ဆုံးမှာ သူဟာ အညံ့ခံပြီး တရားမျှတမှုကို ရင်ဆိုင်ရမှာဖြစ်တယ်။”
စစ်အုပ်စုသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အသိအမှတ်ပြုမှုရရှိနိုင်ရန် အလိမ်အညာရွေးကောက်ပွဲကို ပြီးခဲ့သောဒီဇင်ဘာလက ကလေးကလားဆန်ဆန် မရမက ပြီးအောင်ပြုလုပ်ခဲ့သည်။ ထိုအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအတည်ပြုပေးမည်မဟုတ်ကြောင်း အာဆီယံက အတည်ပြုပြောကြားခဲ့ပြီး အခြားသောနိုင်ငံအများအပြားကလည်း အလားတူရပ်တည်ခဲ့ကြသည်။
စစ်အုပ်စုသည် နိုင်ငံအတွင်းရှိ နေရာအများစုတွင် မဲပေးပွဲများ မကျင်းပနိုင်ခဲ့ပါ။ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် ခန့်မှန်းခြေအရ မြန်မာနိုင်ငံနယ်နမိတ်၏ ၄၂ % တွင်သာ မဲပေးပွဲများ ပြုလုပ်နိုင်ခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံ၏ လူထုအားပေးထောက်ခံမှု အများဆုံးနှင့် အောင်မြင်မှုအရှိဆုံး နိုင်ငံရေးပါတီများက ရွေးကောက်ပွဲတွင်မပါဝင်နိုင်အောင် ပိတ်ပင်ခံထားရပြီး တိုင်းပြည်၏ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံခေါင်းဆောင်များသည်လည်း နိုင်ငံရေးအရ အကျဉ်းချ ထိန်းသိမ်းခြင်းခံထားရသောကြောင့် မဲပြားပေါ်က ကိုယ်စားလှယ်လောင်း အားလုံးနည်းပါးသည်လည်း စစ်အုပ်စုက လက်တန်းရွေးထားသူများသာ ဖြစ်နေခဲ့သည်။ မဲပေးသူအရေအတွက် ရုပ်ပျက်ဆင်းပျက် နည်းပါးနေခဲ့သည်မှာလည်း အံ့ဩစရာ မရှိလှချေ။
အတုအယောင်ရွေးကောက်ပွဲကာလတလျှောက်တွင် စစ်အုပ်စုသည် အတိုက်အခံဟုယူဆသူများကို ပစ်မှတ်ထားကာ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ အတုအယောင်ရွေးကောက်ပွဲပြီးဆုံးပြီးနောက် ရက်သတ္တပါတ်များအတွင်းတွင်လည်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကြောင့် ပြည်သူအများအပြား ထပ်မံသေဆုံးခဲ့ရသည်။
“အတုအယောင်ရွေးကောက်ပွဲပြီးရင် နိုင်ငံတကာအသိုင်းအဝိုင်းက အလွယ်တကူ အသိအမှတ်ပြုတဲ့ တရားဝင်လွှတ်တော်တစ်ခုကို တိတ်တဆိတ်ဖွဲ့စည်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့စစ်အုပ်စုဟာ တကယ်တော့စိတ်ကူးယဉ်နေတာပါ” ဟု SAC-M အဖွဲ့ဝင် Marzuki Darusman ပြောသည်။
“စစ်အုပ်စုရဲ့ ဟန်ပြအစီအစဉ်အတိုင်း ရေလိုက်ငါးလိုက်လုပ်သွားမယ်ဆိုရင် အာဆီယံရဲ့ ‘လူထုဗဟိုပြု’ အခြေခံမူဟာ အဖတ်ဆယ်မရလောက်အောင် ပျက်စီးသွားနိုင်ပါတယ်။
နောက်ပြီး အာဆီယံဗဟိုပြုရေးမူဝါဒ (ASEAN’s centrality) ကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေနိုင်သလို ခိုင်မာပြီးပဓာနကျတဲ့ ဒေသတွင်းအစုအဖွဲ့တစ်ခုဆိုတဲ့ အာဆီယံရဲ့အခန်းကဏ္ဍကိုလည်း အကျုံးဝင်မှု ပျောက်သွားစေနိုင်ပါတယ်” ဟုလည်း Darusman က ဆိုသည်။
၎င်းနှင့်ပုလင်းတူဘူးဆို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိစစ်ဗိုလ်ချုပ်များကို အဓိကကျသော နေရာများတွင် ခန့်အပ်လိုက်ခြင်းဖြင့် မင်းအောင်လှိုင်သည် စစ်အုပ်စု “အစိုးရ” အပေါ်လည်းကောင်း၊ စစ်တပ် အပေါ်လည်းကောင်း အလုံးစုံထိန်းချုပ်နိုင်စွမ်း အမြစ်တွယ်သွားအောင်လုပ်ရန် ကြိုးစားနေသည်။
သို့သော် ဤသို့သောအကွက်ချဆောင်ရွက်မှုများသည် ၎င်းအသည်းအသန်လိုအပ်နေသော တရားဝင်မှုနှင့် ပုံမှန်အခြေအနေတို့နှင့် နီးစပ်လာစေမည်မဟုတ်ပါ။ စစ်အုပ်စုသည် လူထုတံတွေးခွက်ထဲတွင် မျောနေသူပြီး ကိုယ်တိုင်ဖန်တီးထားသော အကျပ်အတည်းထဲတွင် ပိတ်မိနေသူဖြစ်သည်။
“ပုံပြောင်းလိုက်ရင် ထွက်ပေါက်ရသွားလိမ့်မယ်လို့ မင်းအောင်လှိုင်က ထင်နေတယ်။ သူ့တွက်ချက်မှု လုံးဝမှားနေတယ်” ဟု SAC-M အဖွဲ့ဝင် Chris Sidoti ကပြောသည်။ “နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ရုပ်သေးအစိုးရကို ငြင်းပယ်ပြီး သူတို့နဲ့ ထိတွေ့ဆက်ဆံဖို့လည်း ငြင်းပယ်ရပါမယ်။”
လူထုဦးဆောင်သောနွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်လူမှုရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲစေခဲ့ပြီဖြစ်သည်။ အသစ်ထွက်ပေါ်လာသော အစားထိုး ဒီမိုကရေစီ အင်စတီကျူးရှင်းများနှင့် အုပ်ချုပ်ရေးယန္တရားများသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို အောက်ခြေမှ စတင်တည်ဆောက်ပေးနေပြီဖြစ်သည်။ နွေဦးတော်လှန်ရေးသည် ဖွံ့ဖြိုးစအဆင့်တွင်သာ ရှိနေသေးသော်လည်း တည်ငြိမ်မှုနှင့် အများပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ လျှောက်လှမ်းနိုင်ရန် လက်တွေ့ကျသည့်တစ်ခုတည်းသော တရားဝင်လမ်းကြောင်းဖြစ်သည်။
နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအပါအဝင် အခြားသော နိုင်ငံတကာအသိုင်းအဝိုင်းအစုအဖွဲ့များ အနေဖြင့်လည်း တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများနှင့်ကောင်စီများ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အသစ်ထွက်ပေါ်လာသော ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် မဟာမိတ်အဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကဲ့သို့သော တရားဝင်လူထုကိုယ်စားလှယ်များကို ငွေကြေး၊ ပစ္စည်းနှင့် စွမ်းရည်မြှင့်တင်ရေး အကူအညီများ တိုးမြှင့်ပံ့ပိုးပေးခြင်းအားဖြင့် ဤစစ်မှန်သော တိုင်းပြည်တည်ဆောက်ရေးကြိုးပမ်းမှုများကို ထောက်ခံအားပေးသွားရန် SAC-M က တိုက်တွန်းပါသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဂျနီဗာတွင် ပုံမှန်အစည်းအဝေးကျင်းပ၍ မြန်မာနိုင်ငံအကြောင်း ဆွေးနွေးနေသည့်တချိန်ထဲတွင် အရပ်သားပြည်သူများကို စစ်အုပ်စု၏ ညှာတာမှုကင်းမဲ့သော လေကြောင်း တိုက်ခိုက်မှုများမှ အကာအကွယ်ပေးနိုင်ရန် အရေးပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေသည်။ နိုင်ငံတကာအစိုးရများအနေဖြင့် ထိပ်တန်းစစ်တပ်အရာရှိများနှင့် စစ်တပ်၊ ခရိုနီနှင့် ၎င်းတို့၏လက်ဝေခံများ ပိုင်ဆိုင်သောကုမ္ပဏီများအပေါ် ပိတ်ပင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုတင်းကျပ်စွာ ချမှတ်ဆောင်ရွက်ခြင်းဖြင့် စစ်အုပ်စုထံ လက်နက်ခဲယမ်း၊ ငွေကြေးနှင့် လေယာဉ်ဆီများ မစီးဆင်းနိုင်အောင် ဖြတ်တောက်ရမည်။
တချိန်တည်းတွင် အစိုးရများသည် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ၎င်းတို့ကျူးလွန်ထားသော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရေး ပိုမိုတိုးမြှင့်အားစိုက်ဆောင်ရွက်ခြင်းဖြင့် မြန်မာစစ်တပ်က ဆယ်စုနှစ်များစွာကြာ တရားသေရပိုင်ခွင့်တစ်ခုလို စွဲကိုင်လာခဲ့သော ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးသတ် အဆုံးသတ်ရမည်။
မူရင်း original post.
19 May 2026

19 June 2026