10 March 2026

ကနေဒါနိုင်ငံက ပိတ်ဆို့အရေးယူထားသော မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) နှင့် စီးပွားရေးလုပ်ဆောင်နေသည့် ကနေဒါနိုင်ငံသားများအပေါ် အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ရန် ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) ကို Justice For Myanmar က တောင်းဆိုလိုက်သည်။
၂၀၂၄ ခုနှစ်၊ ဧပြီလတွင် Justice For Myanmar ကိုယ်စားပြု ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ထိပ်တန်းကနေဒါ ရှေ့နေများက ကနေဒါနိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်သည်ဟု သံသယရှိသည့် အထောက်အထားများကို ကနေဒါရဲတပ်ဖွဲ့ထံသို့ တိုင်ကြားစာ တင်သွင်းပေးပို့ခဲ့သည်။ ယင်းအထောက်အထားများတွင် လျှို့ဝှက်ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် ကုမ္ပဏီမှတ်ပုံတင်ဆိုင်ရာ အချက်အလက်များလည်း ပါဝင်သည်။
အဆိုပါကနေဒါနိုင်ငံသား လေးဦးမှာ Pierre Hajjar၊ Marie Rose Jarmakli Hajjar၊ Sarkis Hajjar နှင့် Michael Pierre Hajjar တို့ဖြစ်ပြီး၊ ၎င်းတို့သည် ပုလဲမွေးမြူခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ လေလံတင်ရောင်းချခြင်းနှင့် ပုလဲကုန်သွယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီကွန်ရက်တစ်ခုဖြစ်သည့် Belpearl နောက်ကွယ်ရှိ မိသားစုဖြစ်သည်။ ကနေဒါကုမ္ပဏီ Belpearl Toronto Inc သည် ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ (RCMP) သို့လည်း အစီရင်ခံခဲ့သည်။
Belpearl သည် မြန်မာနိုင်ငံ၊ တနင်္သာရီတောင်ပိုင်းကမ်းလွန်ရှိ ရွှေကျွန်း (Russel Island) တွင် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး၊ ၎င်းလုပ်ငန်းကို စင်ကာပူအခြေစိုက် Belpearl (S) Pte Ltd. ကုမ္ပဏီ၏ လက်အောက်ခံ မြန်မာကုမ္ပဏီ Belpearl Myanmar Co., Ltd. မှတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။
Belpearl သည် တနင်္သာရီရှိ ၎င်း၏ပုလဲမွေးမြူရေးစခန်းအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ကို စစ်တပ်ကြိုးကိုင်အစိုးရထံမှ ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သည်။
Belpearl Myanmar သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုမှတစ်ဆင့် စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း (MPE) နှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်ဖြင့် ပုလဲမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်သည်။ ထိုစီမံချက်အရ Belpearl သည် ၎င်း၏ထုတ်လုပ်မှုမှ အချိုးကျဝေစုတစ်ခုကို MPE ထံ ပေးအပ်ရသည်။ ထို့နောက် စစ်အုပ်စုသည် ထိုပုလဲများကို နေပြည်တော်ရှိ ပုံမှန်လေလံပွဲများ၌ ရောင်းချလေ့ရှိပြီး၊ ထိုလေလံပွဲများသို့ စစ်အုပ်စုခေါင်းဆောင် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် မကြာခဏ တက်ရောက်လေ့ရှိသည်။
စစ်အုပ်စုထံ ပုလဲများပေးအပ်ခြင်းအားဖြင့် Belpearl သည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည့် စစ်အုပ်စုအတွက် ဝင်ငွေများ ရရှိစေရန် ကူညီပေးနေသည်။
ပုလဲမွေးမြူရေးလုပ်ငန်းအပြင် Belpearl သည် ဟောင်ကောင်တွင် ပုလဲလေလံလုပ်ငန်းကိုလည်း လုပ်ကိုင်နေပြီး၊ ယင်းလုပ်ငန်းတွင် Belpearl Myanmar မှ ထုတ်လုပ်သော ပုလဲများသာမက Tasaki၊ Myanmar Atlantic၊ Myanmar Andaman နှင့် အဏ္ဏဝါပုလဲ (Annawar Pearl) တို့အပါအဝင် မြန်မာနိုင်ငံတွင် ပုလဲမွေးမြူနေသည့် အခြားကုမ္ပဏီများမှ ပုလဲများကိုပါ ရောင်းချပေးလျက်ရှိသည်။
သို့ဖြစ်ရာ Belpearl သည် မြန်မာ့ပုလဲများကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် စစ်အုပ်စု ထိန်းချုပ်ထားသော ပုလဲလုပ်ငန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ ထောက်ပံ့ပေးနေသည်။
၂၀၂၁ ခုနှစ်၊ မေ ၁၇ ရက်တွင် ကနေဒါနိုင်ငံက မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။ သို့သော် Justice For Myanmar အဖွဲ့တွင် မှတ်တမ်းရှိထားပြီး၊ ကနေဒါရဲတပ်ဖွဲ့ထံ တင်ပြထားသော စာရွက်စာတမ်းများအရ Hajjar မိသားစုသည် Belpearl ၏ မြန်မာနိုင်ငံလုပ်ငန်းများတွင် ဆက်လက်ပါဝင်ပတ်သက်နေကြောင်း ပြသနေပြီး၊ ယင်းသည် ကနေဒါဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်သည်ဟု သံသယဖြစ်ဖွယ်ရှိသည်။
ကနေဒါနိုင်ငံ၏ မြန်မာဆိုင်ရာဒဏ်ခတ်ပိတ်ဆို့မှုဥပဒေ အပိုဒ် ၁၃ အရ ကနေဒါနိုင်ငံသားများသည် တားမြစ် ထားသော လုပ်ဆောင်ချက်တစ်ခုခုကို ဖြစ်ပေါ်စေရန်၊ လွယ်ကူချောမွေ့စေရန် သို့မဟုတ် ကူညီပံ့ပိုးပေးနိုင်သည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို တားမြစ်ထားသည်။ ထိုတားမြစ်ချက်တွင် MPE က ပိုင်ဆိုင်သော၊ လက်ဝယ်ရှိသော သို့မဟုတ် ထိန်းချုပ်ထားသော ပိုင်ဆိုင်မှုများနှင့် ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများ သို့မဟုတ် အရောင်းအဝယ်ပြုလုပ်မှုများ ပါဝင်သည်။
ရဲတပ်ဖွဲ့ထံ တင်ပြတိုင်ကြားချက်တွင် အဆိုပါ Hajjar မိသားစုဝင်လေးဦးသည် မြန်မာနိုင်ငံဆိုင်ရာ ပိတ်ဆို့အရေးယူမှုဥပဒေ ပုဒ်မ ၁၃ ကို ဖောက်ဖျက်ကျူးလွန်ခဲ့သည်မှာ သေချာသလောက်ရှိကြောင်း ထောက်ပြပြောဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ သက်ရောက်မှုများကို ၎င်းတို့သိရှိထားခဲ့ရမည်ဖြစ်သလို၊ အနည်းဆုံးအနေဖြင့် ယင်းအချက်များကိုသိလျက်နှင့် ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခဲ့ခြင်း ဖြစ်နိုင်ခြင်းကြောင့် ယင်းသည်ဥပဒေကြောင်းအရ ပြစ်မှုမြောက်သည့် စစ်ဆေးမှုစံနှုန်းများနှင့် ကိုက်ညီနေသည်။
မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း MPE ကို ပိတ်ဆို့အရေးယူပြီးနောက် Belpearl Toronto မှ ရောင်းချသော ပုလဲများသည် မြန်မာနိုင်ငံမှ ရရှိခဲ့ခြင်း ရှိ၊ မရှိကို Justice For Myanmar အနေဖြင့် အတည်မပြုနိုင်သော်လည်း မြန်မာ့ပုလဲများအား ဆက်လက်ရောင်းချနိုင်ခြေမြင့်မားနေမှုနှင့် ထိုမှတစ်ဆင့် ကနေဒါ၏ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်နိုင်ခြေရှိသည့်အပေါ်တွင်လည်း စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) အား ဒဏ်ခတ်ပိတ်ဆို့ရန် ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသော ဩစတြေးလျနှင့် အီးယူ ကယ်ပေါက်များ
စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းလများအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ယူကေတို့သည် မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း (MPE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သော်လည်း၊ ဥရောပသမဂ္ဂ (EU) နှင့် ဩစတြေးလျတို့မှာမူ ယခုအချိန်အထိ ထိုသို့ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် ပျက်ကွက်နေဆဲ ဖြစ်သည်။
Hajjar မိသားစုဝင်လေးဦးနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များသည် Belpearl Myanmar ၏ ပိုင်ဆိုင်မှုကို ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီဘုတ်အဖွဲ့သို့ ဝင်ရောက်လာသူ ပြင်သစ်နိုင်ငံသား Georges Christian Jarmakli နှင့် ၂၀၂၅ ခုနှစ်တွင် ဘုတ်အဖွဲ့သို့ ဝင်ရောက်လာသူ ဩစတြေးလျနိုင်ငံသား Nejteh Movses Demirian ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြင့် ထိုဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဟာကွက်ကို အသုံးချခဲ့ပုံရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် Marie Rose Jarmakli Hajjar နှင့် Michael Pierre Hajjar တို့သည် Belpearl (S) ၏ ပိုင်ဆိုင်မှုများကို Nejteh Movses Demirian ထံ ၎င်းရာနှုန်းပြည့် ပိုင်ဆိုင်ထားသော စင်ကာပူကုမ္ပဏီ APAC Aquaculture Pte Ltd မှတစ်ဆင့် လွှဲပြောင်းပေးခဲ့သည်။
Belpearl ၏ လက်ရှိနှင့် ယခင်ပိုင်ရှင်များအကြား နီးကပ်သော ဆက်နွှယ်မှုများကြောင့် Hajjar မိသားစုဝင်များသည် Belpearl Myanmar နှင့် Belpearl (S) မှ တရားဝင် ထွက်ခွာခဲ့သော်လည်း ၎င်းတို့ လက်ဝေခံများမှတစ်ဆင့် Belpearl ကို ဆက်လက်ညွှန်ကြားနေနိုင်သည့် အန္တရာယ်မြင့်မားကြောင်း Justice For Myanmar က ယုံကြည်သည်။ Georges Christian Jarmakli သည် Marie Rose Jarmakli ၏ ဆွေမျိုးဖြစ်နိုင်ကြောင်း ယုံကြည်ရသည်။ ထို့အပြင် Nejteh Movses Demirian နှင့် Marie Rose Jarmakli Hajjar တို့သည် Marie Rose Jarmakli Hajjar က သူမ၏ အစုရှယ်ယာများကို Georges Christian Jarmakli ထံသို့ လွှဲပြောင်းပေးခဲ့သည့် ၂၀၂၄ ခုနှစ်မတိုင်မီက ဟောင်ကောင်အခြေစိုက်ကုမ္ပဏီ South Sea Aquaculture Company Limited တွင် စီးပွားရေးမိတ်ဖက်များ ဖြစ်ခဲ့ကြသည်။
Belpearl လုပ်ငန်းတွင် ပြင်သစ်နိုင်ငံသားနှင့် ဩစတြေးလျနိုင်ငံသားတို့ မကြာသေးမီက ပါဝင်လာခြင်းသည် ဒဏ်ခတ်ပိတ်ဆို့မှုများကို နိုင်ငံများအကြား ညှိနှိုင်းချမှတ်ထားခြင်း မရှိပါက ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ပြသနေသည်။ ထို့ကြောင့် အီးယူနှင့် ဩစတြေးလျတို့က MPE ကို အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခြင်း အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျတို့အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ညှိနှိုင်းချမှတ်ပြီး၊ ချွတ်ယွင်းချက်ကယ်ပေါက်များကို ပိတ်ဆို့ရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Hajjar မိသားစုနဲ့ Belpearl ကုမ္ပဏီတို့ဟာ ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ စစ်အုပ်စုအဖွဲ့အစည်းတစ်ခုနဲ့ စီးပွားရေးလုပ်ဆောင်နေတာ လေးနှစ်ကျော်ကြာပြီဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းဖြင့် သူတို့ဟာ ကလေးငယ်တွေကို သတ်ဖြတ်နေတဲ့၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးနေတဲ့ တရားမဝင် စစ်အုပ်စုကို ဝင်ငွေရရှိစေဖို့ ထောက်ပံ့ကူညီနေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကနေဒါနိုင်ငံက ချမှတ်ခဲ့တဲ့ အကြိမ်ကြိမ်သော ဒဏ်ခတ်ပိတ်ဆို့မှုအားလုံးကို JFM က ကြိုဆိုပါတယ်။
ဒါပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို တင်းတင်းကျပ်ကျပ် အကောင်အထည်ဖော်မှုတွေနဲ့ ကျားကန်ထောက်ပံ့ပေးဖို့ လိုအပ်နေပြီး၊ Hajjar မိသားစုဝင်တွေရဲ့ လုပ်ရပ်တွေဟာ ကနေဒါနိုင်ငံဥပဒေကို အလွန်အမင်း မထီမဲ့မြင်လုပ်နေတာကို ပြသနေပါတယ်။
ကနေဒါအာဏာပိုင်တွေအနေနဲ့ Belpearl နဲ့ ၄င်းရဲ့ပိုင်ရှင်တွေ ပါဝင်ပတ်သက်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ ချိုးဖောက်မှုဖြစ်စဥ်အားလုံးကို အပြည့်အဝ စုံစမ်းစစ်ဆေးပြီး၊ ဥပဒေနဲ့ တိတိပပအရေးယူ ဆောင်ရွက်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်”။
PDF ဖိုင်ရယူရန် (မြန်မာဘာသာ ၊ English)
19 May 2026

16 June 2026