နိုင်ငံရေးအကျဉ်းသူများရင်ဆိုင်ကြုံတွေ့နေရသည့် လစဉ်ဓမ္မတာဆိုင်ရာ ကျန်းမာရေးအခြေအနေများအပေါ် ထုတ်ပြန်ကြေညာချက်

နိုင်ငံရေးအကျဉ်းသူများရင်ဆိုင်ကြုံတွေ့နေရသည့် လစဉ်ဓမ္မတာဆိုင်ရာ ကျန်းမာရေးအခြေအနေများအပေါ် ထုတ်ပြန်ကြေညာချက်

ဖေဖော်ဝါရီလ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)၏ စုဆောင်း၊ ကောက်ယူမှတ်တမ်းတင် ထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ လက်ရှိစစ်အုပ်စုထိန်းချုပ်ထားသော အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား/သူ စုစုပေါင်း (၂၂,၇၈၃) ဦး အကျဉ်းကျခံလျက်ရှိပြီး၊ အဆိုပါအရေအတွက်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ (၄,၃၀၈) ဦးပါဝင်သည်။ အမျိုးသမီးများ၏ ဇီဝဖွဲ့စည်းပုံအရ ကျန်းမာရေးစောင့်ရှောက်မှု နှင့်ပတ်သက်ပြီး အကျဉ်းထောင်ဘက်က အထူးဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များရှိသည်။ အမျိုးသမီးများ အတွက် လစဉ်သုံးပစ္စည်းလိုအပ်ချက်မှာ အရေးကြီးသကဲ့သို့  အမျိုးသမီးဓမ္မတာ ပုံမှန်ဖြစ်စေရန်မှာလည်း အလေး ထားရမည့်အချက်များထဲမှ တချက်ဖြစ်သည်။

လေ့လာစောင့်ကြည့်မှုများအရ အကျဉ်းထောင်များ၌ အမျိုးသမီးများဓမ္မတာ ပုံမှန်မလာဘဲ အချို့မှာ ၃လ၊ အချို့မှာ ၆လအထိ ဓမ္မတာမလာကြခြင်းများ ကြုံတွေ့နေကြရသည်။ ယခုကဲ့သို့ ပြဿနာများ၏ အရင်းအမြစ်မှာ ထောင် ထဲ၌ အာဟာရပြည့်ဝသည့်အစားအသောက်များ မစားရခြင်း၊ သံဓာတ်ချို့တဲ့ခြင်းများမှ စတင်ဖြစ်ပေါ်လာရခြင်း ဖြစ်ကာ နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဆက်တိုက်ခံစားနေကြရသည်။ အချို့နိုင်ငံရေးအကျဉ်းသူ များမှာ ထောင်ကလွတ်မြောက်ပြီးနောက် အပြင်ရောက်မှ ကျန်းမာရေးစစ်ဆေးမှုခံယူရကာ အမျိုးသမီးရောဂါများ ကြောင့် ခွဲစိတ်ကုသကြရမှုများလည်း ရှိနေသည်။ အကျဉ်းထောင်များ၌ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အရေပြားရောဂါ ဖြစ်ခြင်းများ ကြုံတွေ့ကြရသလို၊ ကိုက်ခဲသည့်ဝေဒနာအတွက် ဒိုင်ကလိုနှင့် ပါရာစီတမောဆေးများသာ ဝေငှပေး သည့်အတွက် ကျောက်ကပ်ရောဂါကိုပါ နောက်ဆက်တွဲခံစားနေကြရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး အကျဉ်းထောင်ထဲ၌ “ဓမ္မတာထိန်ခြင်း” (Amenorrhea) ဝေဒနာခံစားခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူတဦးက သူ၏အတွေ့အကြုံကို ယခုကဲ့သို့ ဆိုသည်။

“အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတာနဲ့ပတ်သက်ပြီးတော့ special ဆိုပြီးမရှိဘူး။ ဆေးဝါးက ဒါပဲရှိတာ။ ကျနော် ကိုယ်တိုင်လည်း ရာသီလာတဲ့အချိန်မှာ ဗိုက်အောင့်လို့သွားပြတာ အကိုက်ခဲပျောက်ဆေး၊ ဒီဆေးပဲ။ ကျနော့် ဖြစ် စဉ်ပေါ့နော့ ဗိုက်အောင့်လို့ ဆေးခန်းလိုက်သွားမယ်ဆိုပြီး လိုက်သွားလိုက်တာ ဘာဆေးပေးလို ပေးညားပေါ့နော့၊ အကိုက်ပျောက်ဆေးနဲ့ ဖော်မြူလာကဒါပဲ။ ကျနော်တို့အတွက်က ဆေးရုံလိုက်လည်း မထူးခြားနေဘူး ဖြစ်နေတာ။ အတူနေ ညီမလေးတယောက်ဆို သုံးလ၊ လေးလ လောက်ရှိပြီရာသီမလာတော့ ဘာဖြစ်လို့လဲပေါ့၊ အထဲမှာ Stress နဲ့ Pressure တွေလည်းပါတာပေါ့နော့၊ အဲဒီအတွက်သီးသန့် အမျိုးသမီး ဆရာဝန်နဲ့ပြချင်လို့ သူတို့အနေနဲ့ ညွှန်ကြား ပေးမှုမျိုးမရှိဘူး။ အမျိုးသမီးလစဉ်သုံးပေးတာတော့ရှိတယ်။ တလကို တကြိမ်ပေးတယ်။ ဆေးဝါကုသမှုရဖို့ အတွက် တင်ပြခဲ့တာတွေရှိတယ်။ တပတ်ကို တခါလောက် ထောင်ပိုင်ကြီး၊ ထောင်ပိုင်လေးတို့ လာကြည့်တဲ့ အခါမှာ တောင်းဆိုတယ်။ ဘယ်ဆေးကိုတော့သွင်းခွင့်ပေးပါပေါ့။ သူတို့တွေနဲ့က တိုက်ယူနေရတဲ့ အနေအထား ပေါ့၊ ရပိုင်ခွင့်အကုန်လုံးကိုတော့ တင်ပြတောင်းဆိုခဲ့ပါတယ်။ သူတို့ကဘာကြောင့် သွင်းခွင့်မရှိဘူးလဲဆိုရင် သူတို့ ပြောနေကျက ဒီဆေးကိုဒီလောက်သွင်းခွင့်မရှိဘူးတို့၊ အဲလောက်အများကြီး သွင်းခွင့်ပေးမထားဘူးတို့၊ ကျနော်တို့ ဆေးရုံမှာရှိတဲ့ ဆေးနဲ့ မလုံလောက်လို့လား ဒီရောဂါက (ဆိုပြီးထောင်ဘက်က ပြောတယ်)။”

ကျန်းမာရေး စီဒီအမ်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသူဟောင်းလည်းဖြစ်သည့် အမျိုးသမီးတဦးကလည်း ထောင် တွင်းအကျဉ်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်၍ သူကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ဖြစ်စဉ်တချို့ကို ပြန်လည်မျှ ဝေထားသည်။

“မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေကြသော အမျိုးသမီးအကျဉ်းသူများသည် စိတ်ပိုင်းဆိုင် ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကြောင့် ကျန်းမာရေးဆိုးကျိုးများစွာ ရင်ဆိုင်နေရခြင်းကို ကျမမျက်မြင်ကြုံတွေ့ခဲ့ ရပါတယ်။  အဖြစ်အများဆုံးနှင့် အထူးသတိပြုရမဲ့ ဝေဒနာတခုကတော့ “ဓမ္မတာထိန်ခြင်း” (Amenorrhea) ပဲ ဖြစ် ပါတယ်။

​အကျဉ်းထောင်တွင်း ဆိုးရွားသောပတ်ဝန်းကျင်နဲ့ စနစ်တကျညှဉ်းပန်းနှိပ်စက်မှုများသည် အမျိုးသမီးများ၏ မျိုး ပွားအင်္ဂါစနစ်ကို တိုက်ရိုက်ထိခိုက်စေပါတယ်။ စစ်ကြောရေးနှင့် ထောင်တွင်းတွင် ကြုံတွေ့ရသည့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ၊ ခြိမ်းခြောက်မှုများနဲ့ အမြဲတစေကြောက်လန့်နေရမှုတို့ကြောင့် ဦးနှောက်ရှိ ‘ဟော်မုန်းထိန်းချုပ်ရာ စနစ်’ (Hypothalamus) ကို ထိခိုက်စေပြီး ဓမ္မတာ လုံးဝရပ်တန့်သွားစေပါတယ်။ အာဟာရပြည့်ဝတဲ့အစားအစာ လုံလောက်စွာမရခြင်း၊ အာဟာရဓာတ်နည်းပါးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု လွန်ကဲစွာခိုင်းစေခြင်းတို့ကြောင့် ခန္ဓာ ကိုယ်ရဲ့ ပုံမှန်လုပ်ငန်းစဉ်များ ရပ်တန့်သွားရပါတယ်။ ရေမလုံလောက်ခြင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ခက် ခဲခြင်းနှင့် အညစ်အကြေးစွန့်စနစ်မကောင်းခြင်းတို့က ပိုးဝင်ခြင်းနဲ့ ဟော်မုန်းမမျှတခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အကျဉ်းထောင်အာဏာပိုင်များဟာ အကျဉ်းသူများ၏ ကျန်းမာရေးအခွင့်အရေးကို လျစ်လျူရှုထားလေ့ရှိပြီး အကျဉ်းထောင်ဆေးပေးခန်းတွေမှာ အမျိုးသမီးအထူးကုဆရာဝန်များ မရှိသလောက် ရှားပါးခြင်းနဲ့ အကိုက်အခဲ ပျောက်ဆေးလောက်သာပေးလေ့ရှိခြင်း၊ အကျဉ်းထောင်ဝန်ထမ်းများက အကျဉ်းသူများရဲ့ ဝေဒနာကို “ဟန်ဆောင် ခြင်း” သို့မဟုတ် “အသေးအဖွဲ” လို့ သတ်မှတ်ကာ ပြင်ပဆေးရုံများသို့ လွှဲပြောင်းပေးရန် ငြင်းဆန်ခြင်း၊ အကျဉ်း သားများ၏ အခြေခံကျန်းမာရေးအတွက် အသုံးစရိတ်ကို အာဏာပိုင်များက ဦးစားပေးလုပ်ဆောင်လေ့ မရှိခြင်း များကိုသာ အကျဥ်းသူများ ကြုံတွေ့နေကြရပါတယ်။

မ, ဟော်မုန်း (Estrogen) ထွက်ရှိမှု နည်းပါးသွားသည့်အတွက် အရိုးပွရောဂါ (Osteoporosis) ဖြစ်ခြင်းနှင့် အရိုး များ မြန်မြန်ဆန်ဆန် အားနည်းလာပြီး ကျိုးလွယ်ခြင်းများ ဖြစ်လာတတ်ပါတယ်။ ဟော်မုန်းမမျှတမှုကြောင့် နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကြောင့် စိတ်ကျရောဂါ၊ စိုးရိမ် ပူပန်မှုလွန်ကဲခြင်းနဲ့ စိတ်ဒဏ်ရာ (Post Traumatic Stress Disorder) တို့ကို ပိုမိုခံစားရစေပါတယ်။”

အကျဉ်းထောင်အတွင်းရှိ အမျိုးသမီးများကြုံတွေ့နေရသော ပြဿနာသည် လူ့အခွင့်အရေးချိုးဖောက်မှုတခု ဖြစ်ရုံ သာမက ရေရှည်တွင်မျိုးဆက်ပွါးကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်းကြုံတွေ့ရနိုင်ပြီး မျိုးဆက်တခုလုံး၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသောအရေးကိစ္စဖြစ်သည်။ ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများ အ နေဖြင့် ဤကဲ့သို့ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေသည့် အခြေအနေကို အထူးအလေးထား စောင့်ကြည့်ရန် လိုအပ်နေသည်။

အမျိုးသမီးအကျဉ်းသူများခံစားနေရသည့် ကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးရန်အတွက် အကျဉ်းထောင် အာဏာပိုင်များအပါအဝင် အကြမ်းဖက်စစ်အုပ်စု၌ အဓိကတာဝန်ရှိပြီး၊ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများ အနေ နှင့် ဖော်ပြပါကိစ္စရပ်များအပါအဝင် အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသူ/သားများ၏ ကျန်းမာရေးစောင့် ရှောက်မှုအခြေအနေများ လုံလောက်ပြည့်မီစွာရရှိရေးအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြင်းပြင်းထန်ထန် ဖိအားပေးကြရန် မိမိတို့နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ တိုက်တွန်းတောင်းဆိုလိုက် သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)


ထုတ်ပြန်ကြေညာချက်ကို PDF ဖြင့်ရယူရန် (မြန်မာဘာသာEnglish)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia