1 February 2026

ကျွန်ုပ်တို့ Generation Wave (မျိုးဆက်လှိုင်း) အဖွဲ့သည် စတင်တည်ထောင်ခဲ့သည့် အောက်တိုဘာလ ၉ရက် ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလမှ စတင်၍ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ အတွက် မနားတမ်း တိုက်ပွဲဝင်ခဲ့ကြပြီး၊ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ ၁ရက် စစ်တပ်မှ ထပ်မံအာဏာ သိမ်းယူ ချိန်တွင်လည်း ပြည်သူလူထု တရပ်လုံးနှင့် အတူ နွေဦးတော်လှန်ရေးတွင် ယနေ့ထိ ဆက်လက် တိုက်ပွဲဝင်လျက်ရှိသည်။
ကျွန်ုပ်တို့ Generation Wave (မျိုးဆက်လှိုင်း) အဖွဲ့၏ စတင် တည်ထောင်သူများ အနက်မှ တဦးဖြစ်သည့် အပြင် အဖွဲ့၏ ဥက္ကဌဟောင်း တဦးဖြစ်သော ကိုဖြိုးဇေယျာသော်(ခ)ဇေယျာသော် အပါအဝင် မြန်မာပြည်၏ ခေတ်အဆက်ဆက် တော်လှန်ရေးများ အတွင်း ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးနှင့်တကွ ပေးဆပ်ရင်းနှီးခဲ့ကြသော ပြည်သူ တယောက်ချင်း စီတိုင်းအား ကျွန်ုပ်တို့မှ လေးစားစွာ ဦးညွတ်ဂုဏ်ပြုအပ်သည်။
မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုး အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် လူမှုတရားမျှတရေး ထွန်းကားရေးတို့အတွက် Generation Wave (မျိုးဆက်လှိုင်း) အဖွဲ့ အနေဖြင့် အရေးတော်ပုံ အောင်ပွဲရသည် အထိ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်သည်။
နိုင်ငံတဝန်းလုံးရှိ အင်အားစု အသီးသီး အနေဖြင့်လည်း နွေဦးတော်လှန်ရေး၏ သမိုင်းဝင် အသီးအပွင့် တခုဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို တန်ဖိုးထား လေးစား လိုက်နာ၍ ပဋိညာဉ်ပါ ရည်မှန်းချက်၊ စံတန်ဖိုးများနှင့် လမ်းပြမြေပုံအတိုင်း အောင်ပွဲရသည်အထိ ညီညွတ်စွာ ပူးပေါင်းတိုက်ပွဲ ဝင်ကြရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်း တောင်းဆိုလိုက်သည်။

15 July 2026

15 July 2026