အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော်ဆောင်မှုတို့အပေါ် သဘောထားထုတ်ပြန်ချက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘုံသဘောတူညီချက် (၅) ရပ်အား အကောင်အထည်ဖော်ဆောင်မှုတို့အပေါ် သဘောထားထုတ်ပြန်ချက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များကို သိရှိ မှတ်သားရပါသည်။ မိမိတို့အနေဖြင့် အာဆီယံ၏ မြန်မာ့အရေးအပေါ် ဆက်လက်အလေးထားအာရုံ စိုက်နေမှုကို ကြိုဆိုသကဲ့သို့၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး လူထုဗဟိုပြုသည့် အာဆီယံဖြစ်လာစေရေး လိုအပ်ချက်ကို ထင်ဟပ်ပြသလျက်ရှိသည့် “Navigating Our Future, Together” ဟူသော ဖိလစ်ပိုင် နိုင်ငံ၏ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဆောင်ပုဒ်ကိုလည်း ထောက်ခံ ပါသည်။

၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အား ငြိမ်းချမ်းရေး အတွက် အဓိကကျသည့် ဒေသဆိုင်ရာမူဘောင်တစ်ရပ်အဖြစ် ထားရှိသည့် မိမိတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အာဆီယံသုံးနိုင်ငံတွဲဖက်အဖွဲ့(Troika)၏ ဆက်လက်တည်ရှိရေးနှင့် ဒေသ ဆိုင်ရာ စုစည်းညီညွတ်သည့် တုံ့ပြန်မှုဖြစ်လာစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများကို လည်း အသိအမှတ်ပြုပါသည်။ သို့သော်လည်း ၂၀၂၆ ခုနှစ်သည် မြန်မာနိုင်ငံအတွက် အရေးပါသည့် အချိုးအကွေ့ကာလတစ်ရပ်ဖြစ်ရာ သံတမန်ရေးရာကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာပြည်သူ များ၏ လုံခြုံရေးအဖြစ် အမှန်တကယ်ဖြစ်လာစေနိုင်ရန်အတွက် အောက်ပါ ဦးစားပေး အချက်များကို အလေးထား ဖော်ပြအပ်ပါသည်-

(က) ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အခြေခံများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

မြေပြင်တွင် သိသာထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုများ မရှိသေးသည့်အပေါ် အာဆီယံ ဥက္ကဋ္ဌ၏ စိုးရိမ်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူပါသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ၏ “ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေခံများ” အား အကောင်အထည်ဖော် နိုင်ရန်အတွက် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်အား ထပ်လောင်းအတည်ပြုနေခြင်းမှ ကျော်လွန်ကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ရှင်းလင်းပြတ်သားပြီး တိုင်းတာနိုင် သည့်စံနှုန်းများ ချမှတ်နိုင်ရေးဆီသို့ မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ အရပ်သားပြည်သူများအား ကာကွယ်ပေးခြင်းသည် ရည်မှန်းချက်တစ်ရပ်မျှသာမဟုတ်ဘဲ လိုအပ်ချက်တစ်ရပ်ဖြစ်လာစေရေးအတွက် တရားဝင်သည့် သက်ဆိုင်သူအစုအဖွဲ့အားလုံးနှင့် ပူးပေါင်း၍ စောင့်ကြည့်ရေးယန္တရားများ ထူထောင်ပေးပါရန် အာဆီယံအား ဖိတ်ခေါ်ပါသည်။

(ခ) နိုင်ငံရေးအရ တရားဝင်မှုနှင့် အများယုံကြည်လက်ခံနိုင်မှုရှိစေရန် ဆောင်ရွက်ခြင်း

မည်သည့် နိုင်ငံရေး (သို့မဟုတ်) ရွေးကောက်ပွဲလုပ်ငန်းစဉ်မဆို အကြမ်းဖက်မှုများကို ရပ်စဲပြီး နိုင်ငံရေး၌ အားလုံးပါဝင်နိုင်သည့်အခြေအနေရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအနက်ဖော်ပြလိုပါသည်။ လူထုထောက်ခံမှု (သို့မဟုတ်) ဥပဒေအရတရားဝင်မှု မရှိသည့် တဖက်သတ်လုပ်ငန်းစဉ်များအား အသိအမှတ် မပြုသည့် အာဆီယံ၏ မူဝါဒအခြေခံသဘောထားရပ်တည်ချက်ကို ကြိုဆိုပါသည်။ ရေရှည် တည်တံ့သည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ရာ၌ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ဖက်ဒရယ်ရေးရာ ရည်မှန်းချက်များက အခြေခံအုတ်မြစ်အဖြစ် တည်ရှိရမည် ဖြစ်ပါသည်။

(ဂ) မူဝါဒအခြေခံပြီး၊ အားလုံးပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များ ရရှိစေရန် ဆောင်ရွက်ခြင်း

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းမှုများ၌ AHA Centre ၏ အရေးပါ သည့်အခန်းကဏ္ဍနှင့် ရရှိလာသည့် တိုးတက်မှုအခြေအနေများကို အသိအမှတ်ပြုပါသည်။ ပိုမိုထိရောက်မှုရှိစေရန်အတွက် အကူအညီများသည် မူဝါဒအရဖြစ်ကာ လိုအပ်ချက်များ အပေါ် အခြေခံရမည်ဖြစ်သည်။ လက်ရှိကာလ၌ နိုင်ငံ၏ဒေသအများအပြားတွင် အရေးပါ သည့် ဝန်ဆောင်မှုများနှင့် အုပ်ချုပ်မှုလုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည့် ဒီမိုကရေစီအင်အားစု များ၊ တိုင်းရင်းသားအဖွဲ့နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိလူထုထံသို့ ခွဲခြားမှုမရှိဘဲ အကူအညီများ ရှောက်ရှိနိုင်မည့် အထိရောက်ဆုံး နည်းလမ်းဖြစ်ကြောင်း အလေးထား ဖော်ပြအပ်ပါသည်။

(ဃ) သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika) နှင့် အာဆီယံအထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်ကို ခိုင်မာအားကောင်းစေရန် ဆောင်ရွက်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အတွက် ခိုင်မာအားကောင်း၍ အခွင့်အာဏာပြည့်ဝသည့် လုပ်ပိုင်ခွင့်ကို အားပေးထောက်ခံ ပါသည်။ မလေးရှားနိုင်ငံက ကနဦးစတင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ဆက်လက်လုပ်ဆောင်နေ သည့် သံတမန်ရေးရာအရှိန်အဟုန်ကို ထိန်းသိမ်းသွားနိုင်ရန်အတွက် သုံးနိုင်ငံတွဲဖက်ယန္တရား ကို ပိုမိုအားဖြည့်သွားရန် တိုက်တွန်းအပ်ပါသည်။ ထို့အပြင် မြေပြင်တွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို မှန်ကန်စွာ ထင်ဟပ်စေရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် ပိုမိုကျယ်ပြန့်စုံလင်သည့် သက်ဆိုင်သူအစုအဖွဲ့များနှင့် တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန်မှာ အလွန်အရေးပါဆဲ ဖြစ်ပါသည်။

၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် ငြိမ်းချမ်းသာယာသည့် ဖက်ဒရယ် ဒီမိုကရက်တစ် မြန်မာ နိုင်ငံတည်ဆောက်ရေး မျှော်မှန်းချက်ကို ခိုင်မာစွာ ရပ်တည်ကိုင်စွဲထားရှိပါသည်။ ဒေသတွင်း တည်ငြိမ်ရေးနှင့် မြန်မာပြည်သူများ၏ ဂုဏ်သိက္ခာထိန်းသိမ်းမြှင့်တင်ရေးဟူသည့် မိမိတို့၏ဘုံ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အာဆီယံဥက္ကဋ္ဌ၊ သုံးနိုင်ငံတွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်တို့နှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ ကြောင်း ဖော်ပြအပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန


PDF ဖိုင်ရယူရန် (မြန်မာဘာသာ I English)

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia