မြန်မာ့နွေဦးတော်လှန်ရေး (၅) နှစ်ပြည့်မြောက်ချိန်တွင် ကျဆုံးသွားသော ကျွန်မတို့၏ ရဲဘော်ညီအစ်မများအား ရည်စူး၍ ထုတ်ပြန်ချက်

1 February 2026

မြန်မာ့နွေဦးတော်လှန်ရေး (၅) နှစ်ပြည့်မြောက်ချိန်တွင် ကျဆုံးသွားသော ကျွန်မတို့၏ ရဲဘော်ညီအစ်မများအား ရည်စူး၍ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှုသည် အမျိုးသမီးများ၏ ဦးဆောင်မှုကို ဖျောက်ဖျက်ရန်နှင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဖြစ်တည်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အစရှိသည့် အခန်းကဏ္ဍများကို တိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်သည့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ဖိုဝါဒ (Patriarchy) ထံမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းနီးပါး၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်ကြသော်လည်း၊ တိုင်းပြည်၏ အာဏာကိုမူ စစ်မှန်သော ဒီမိုကရေစီအရေးကို ဦးစားမပေးသော အမျိုးသားများသာ ကြီးစိုးသော စစ်အုပ်စုမှ ကာလရှည်ကြာ လက်ဝါးကြီးအုပ်ထားခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် လှုပ်ရှားနေသည့် မြန်မာ့စစ်တပ်သည် မြေယာ၊ သယံဇာတနှင့် နယ်မြေဒေသများအပေါ် ထိန်းချုပ်မှုကို အတင်းပြန်လည်ရယူရန် ကြိုးပမ်းခဲ့ရုံသာမက အကြမ်းဖက်မှုနှင့် ကြောက်ရွံ့မှုများကိုအခြေခံသည့်မူဝါဒများကို ကျင့်သုံးကာ အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိန်းချုပ်ဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်နေပါသည်။

အာဏာသိမ်းပြီးချိန်မှစ၍ အမျိုးသမီး ၁,၄၀၀ ကျော် အပါအဝင် အရပ်သား ၆,၄၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများဟာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် – WLB ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်ခဲ့သည့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ဖြစ်ရပ်ပေါင်း အနည်းဆုံး ၉၀၀ ခန့်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။


ဤကိန်းဂဏန်းသည် လုံခြုံရေးအရ စိုးရိမ်ရခြင်းနှင့် စနစ်တကျ သတင်းဖုံးကွယ်ထားခြင်းများကြောင့် အမှန်တကယ် ဖြစ်ပွားနေသည့် မြေပြင်မှ အခြေအနေ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ ဤအကြမ်းဖက်မှုများသည် စစ်ပွဲအတွင်း မတော်တဆဖြစ်ရပ်များ ဖိုဝါဒကြီးစိုးသော စစ်တပ်၏ အမျိုးသမီးများအပေါ်ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်း ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံသည် မတူကွဲပြားမှုကို အခြေခံ၍ တစ်ဦးပေါ်တစ်ဦး ရိုင်းပင်းကူညီသော နိုင်ငံဖြစ်သည်။ စစ်အုပ်စု၏မတရားမှု မှန်သမျှကို စုပေါင်းအားများဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေကြဆဲ နိုင်ငံ နိုင်ငံတစ်ခုလည်း ဖြစ်သည်။ စစ်သားများက ကျွန်မတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ရန်နှင့် ကျွန်မတို့၏ အသံများကို တိတ်ဆိတ်သွားစေရန် ကြိုးပမ်းချိန်တွင် အထည်ချုပ်ကဏ္ဍမှ အလုပ်သမားများ၊ တောင်သူလယ်သမား၊ ကျေးလက်လူထုများ၊ တိုင်းရင်းသားနယ်မြေများ၊ မြို့ပြရပ်ကွက်များ၊ ဒုက္ခသည်စခန်းများနှင့် အခြေခံလူတန်းစား အမျိုးသမီးများအားလုံးသည် တစ်နိုင်ငံလုံးနှင့်အတူ “နွေဦးတော်လှန်ရေး” တွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

နွေဦးတော်လှန်ရေးတွင် “ထဘီ” များ၏ အခန်း ကဏ္ဍသည် အကောင်းဆုံးသော ပံ့ပိုးမှုတစ်ခုဖြစ်ခဲ့သည်။ အာဏာသိမ်းပြီးစ အစောပိုင်းကာလများတွင် အမျိုးသမီးများသည် ထဘီကို တော်လှန်ရေးလက်နက်တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုခဲ့ကြသည်။ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် တော်လှန်ရေးမှ အမျိုးသမီးဝါဒီ (Feminists) များနှင့် တက်ကြွလှုပ်ရှားသူ ညီအစ်မများသည် ထဘီများကို ကျွန်မတို့ တော်လှန်ရေး၏ အလံများအဖြစ် လွှင့်ထူခဲ့ကြသည်။ ထို့အပြင် ဒေသခံပြည်သူများသည် ထဘီများကို လမ်းမများပေါ်တွင် အတားအဆီးများအဖြစ် တန်းစီချိတ်ဆွဲကာ စစ်အုပ်စုလက်ဝေခံ ရဲနှင့် စစ်သားများ၏ အကြမ်းဖက်ရန်မှ တားဆီးနိုင်ခဲ့ကြသည်။ ၎င်းတို့သည် ထဘီတန်းအောက်မှ ဖြတ်သန်းပါကသူတို့၏ မရှိမဲ့ ရှိမဲ့ “ဘုန်းကံ” နိမ့်ပါးမည်ကို စိုးရိမ်ခဲ့ကြ၍ ထဘီတန်းများအောက်မှ ဖြတ်သန်းရန်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့ကြခြင်း ဖြစ်သည်။


ရှေးရိုးစွဲ ဖိုဝါဒီသမားများသည် အမျိုးသမီးများကို “မသန့်စင်သူ” သို့မဟုတ် “နိမ့်ကျသူ” ဟု အမြဲပြောဆိုလေ့ရှိသည်။ ၎င်းတို့သည် နိမ့်ချပြောဆိုသော အမျိုးသမီးများ၏ ထဘီများသည် “နွေဦးတော်လှန်ရေး” တွင် ဖိုဝါဒီကို ပြန်လည်တိုက်ခိုက်ရန် အင်အားအရှိဆုံးနှင့် အကောင်းဆုံး လက်နက်အဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ ဤကဲ့သို ဖီဆန်မှုများနှင့် ထဘီကို အလံအဖြစ်လည်းကောင်း၊ အကာအကွယ်အဖြစ်လည်းကောင်း အသုံးပြုမှုကို “ထဘီတော်လှန်ရေး” (Sarong Revolution) ဟု လူသိများလာခဲ့သည်။ ဤဖီဆန်မှုသည် ဖိုဝါဒီကိုကျင့်သုံးသော စစ်အုပ်စုအား မြန်မာအမျိုးသမီးများအနေဖြင့် အကောင်းဆုံးသော တွန်းလှန်တိုက်ခိုက်မှု တစ်ခု ဖြစ်ခဲ့သည်။


မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အကျပ်အတည်းများ ဆိုးရွားလာသည်နှင့်အမျှ ယခင် ဖိုဝါဒီလွှမ်းခြုံထားသော အခြေအနေတွင် ထဘီသည် မသန့်ရှင်းသောအရာဟု ယူဆခဲါသော်လည်း နွေဦးတော်လှန်ရေးတွင်မူ ထဘီသည် ခုခံတော်လှန်မှု၏ သင်္ကေတဖြစ်လာခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားချိန်တွင် လူတိုင်း၌ မိမိတို့ပစ္စည်းများကို သိမ်းဆည်းရန် အချိန်အနည်းငယ်သာ ရရှိကြသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူတိုင်းနီးပါး ယူဆောင်သွားသည့် ပစ္စည်းများထဲ၌ ထဘီတစ်ထည်သည် အမြဲပါဝင်လေ့ရှိပြီး ၎င်းသည် မိမိတို့အိမ်နှင့် မိမိတို့ဖြစ်တည်မှု၏ နှောင်ကြိုးသင်္ကေတပင် ဖြစ်သည်။ ထို့အပြင် အာဏာရှင်ကို ပြန်လည်တိုက်ခိုက်နေသည့် လူငယ်များအတွက်လည်း ထဘီသည် အရေးပါဆဲဖြစ်ပြီး၊ ၎င်းတို့သည် စစ်မြေပြင်တွင် ကံကောင်းစေရန်နှင့် ဘေးကင်းစေရန်အတွက် ၎င်းတို့၏ မိခင်ဖြစ်သူ၏ ထဘီအစအနလေးများကို အဆောင်အယောင်အဖြစ် ယူဆောင်သွားလေ့ရှိကြသည်။ မျိုးဆက်သစ်လူငယ်များနှင့် ဖီးမစ်နစ်များသည် ထဘီ၏ အရေးပါမှုကို ပြန်လည်ဖော်ထုတ်နေကြပြီး၊ ၎င်းကို နွေဦးတော်လှန်ရေး ရှေ့တန်းမျက်နှာစာအလံအဖြစ်လည်းကောင်း၊ ဖိနှိပ်ချုပ်ချယ်သော ဖိုဝါဒီ အတွေးအခေါ်များကို ကာကွယ်သည့် ဒိုင်းတစ်ခုအဖြစ်လည်းကောင်း အသုံးပြုနေကြသည်။

ဤ (၅) နှစ်ပြည့် အထိမ်းအမှတ်တွင် ကျွန်မတို့ ဖော်ဆောင်နေသည့် အနာဂတ်သည် ဖယ်ဒရယ်ဒီမိုကရေစီ အခြေခံ၍ အသွင်မတူလူသား (Gender-diverse individuals) အားလုံးအတွက် လုံခြုံမှုနှင့် ဂုဏ်သိက္ခာရှိမှုကို အခြေခံ၍တည်ဆောက်နေကြောင်း ကမ္ဘာကြီးအား ကျွန်မတို့ သတိပေးလိုပါသည်။


ထို့အပြင် ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှုနှင့် ဖိုဝါဒီ (Patriarchy) ကို တိုက်ဖျက်မှုတို့သည် ခွဲခြား၍မရကြောင်း Sisters2Sisters က အခိုင်
အမာ ယုံကြည်သည်။ ဖိုဝါဒီစနစ်အောက်ရှိ အာဏာရှင်စနစ်ကို တိုက်ထုတ်နေချိန်တွင် ထဘီဝတ်ဆင်ထားသော အမျိုးသမီးများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုတို့သည် ညှိနှိုင်း၍မရသော အရာများဖြစ်ကြောင်း နားလည်ကြသည်။ ၎င်းတို့မရှိဘဲ တည်ဆောက်မည့် မည်သည့်စနစ်မဆို အကြမ်းဖက်မှုများကိုသာ ထပ်မံဖြစ်ပေါ်စေလိမ့်မည်ဟု ကျွန်မတို့ အနေဖြင့် ယုံကြည်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ကြိုးပမ်းနေမှုများမှစ၍ အရှေ့တီမောနိုင်ငံနှင့် အခြားနိုင်ငံများရှိ Universal Jurisdiction (တစ်ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်) အရ တရားမျှတမှု ရှာဖွေနေမှုများအထိ၊ ဤလုပ်ဆောင်ချက်များသည် အမျိုးသမီးများနှင့် အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြစ်ပေးခြင်းမရှိဘဲ လွှတ်မထားနိုင်တော့ကြောင်း ကမ္ဘာကြီးမှ စုပေါင်းငြင်းဆန်လိုက်ခြင်းပင် ဖြစ်သည်။


အကြမ်းဖက်မှုများကို သာမန်ကိစ္စကဲ့သို့ သဘောထားခြင်း၊ အမျိုးသမီးများကို နှုတ်ပိတ်ခြင်းနှင့် ၎င်းတို့၏ခန္ဓာကိုယ်များအပေါ် ထိန်းချုပ်ခြယ်လှယ်ခြင်းတို့ကို ဖြစ်စေသည့် စနစ်များကို ရင်ဆိုင်တွန်းလှန်သွားမည်ဟု ကျွန်မတို့ ကတိပြုပါသည်။ စစ်အာဏာရှင်စနစ်၊ အမျိုးသမီးအပေါ် မုန်းတီးစော်ကားမှု (Misogyny) နှင့် အာဏာရှင်ယန္တရားများကို ဆက်လက်တွန်းလှန်သွားမည်ဖြစ်ပြီး၊ ခြွင်းချက်မရှိသော တရားမျှတမှု ဖော်ဆောင်ရေးအတွက် – ထဘီတစ်ထည်ချင်းစီဖြင့် ဖိုဝါဒီစနစ်ကို ဖြိုခွင်းသွားမည် ဖြစ်သည်။


pdf ဖိုင် ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia