1 February 2026

အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ဖြင့် အကြမ်းဖက်ပြီး အတင်းအဓမ္မ အာဏာလုယူမှု (၅) နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ နိုင်ငံတဝှမ်း ပြည်သူလူထူ၏ ရရာနည်းလမ်းဖြင့် တော်လှန်နေမှုများကြောင့် စစ်အုပ်စုသည် ယခုချိန်ထိ အပြည့်အဝ အာဏာရယူနိုင်မှု မရှိသေးပေ။ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုသည် အကြမ်းဖက် စစ်အုပ်စု၏ အသက်သွေးကြော ငွေကြေး၊ လက်နက် ဒေါက်တိုင်များကို ပစ်မှတ်ထား ဖြိုလှဲရန် ၂၀၂၁ ဩဂုတ်လ ၈ ရက်နေ့တွင် လူထုလှုပ်ရှားမှုများကို စတင်ခဲ့ကြသည်။
ပြည်သူလူထု၏ ပူးပေါင်းမှုများ၊ ပြည်တွင်း နှင့် နိုင်ငံတကာမှ အဖွဲ့အစည်းပေါင်းစုံ၏ သွေးစည်းညီညွတ်ခြင်းဖြင့် သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့သည် (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ထံသို့ နိုင်ငံတကာရေနံကုမ္ပဏီများဖြစ်သည့် Total Energies, Chevron, POSCO, PTTEP စသည့် လုပ်ငန်းဦးဆောင် လည်ပတ်နေသော ကုမ္ပဏီများမှ ရေနံခွန် ပေးဆောင်မှု ရပ်တန့်ရန် “Stop Payment To Junta”, နိုင်ငံတကာမှ ပိတ်ဆို့အရေးယူရန် “Sanction MOGE” – နိုင်ငံတကာလှုပ်ရှားမှု၊ စစ်အုပ်စုကို ရေနံခွန် ဆက်ပေးနေသည့် PTTEP နှင့် ဆက်စပ်ပြီး ၎င်းတို့၏ ထုတ်ကုန်များကို Boycott – သပိတ်မှောက် လှုပ်ရှားမှု၊ Telenor မှ ပြည်သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်အုပ်စုနဲ့ ဆက်စပ်သည့် Investcom Pte ကုမ္ပဏီထံ ရောင်းချမှုကို ရပ်တန့်ရန် “Telenor – Protect User Data! No Sale to Genocide!” လှုပ်ရှားမှု၊ စင်ကာပူအစိုးရနှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီများထံမှ မြန်မာစစ်အုပ်စုလိုအပ်သော လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ၊ လေယာဉ်ဆီများ ဝယ်ယူရရှိနေမှု၊ ငွေကြေးလွှဲပြောင်းရာတွင် ဘဏ်စနစ်များ အသုံးပြုခွင့်ရရှိနေမှု စသည့် ပါဝင်ပတ်သက်နေမှုများကို ရပ်တန့်ရန် “Do More Singapore” လှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် ဥရောပ လေကြောင်းနှင့်အာကာသဆိုင်ရာ ကုမ္ပဏီကြီး AIRBUS နှင့် တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီတို့ ထုတ်လုပ်သည့် လေယာဉ်များကို ရောင်းချနေမှုများ ရပ်တန့်ရန် “AirBus2AirStrikes” လှုပ်ရှားမှု၊ ၂၀၂၅ စစ်ကိုင်းငလျင် သဘာဝဘေးအန္တရာယ် ငလျင်ဒဏ် ကြုံတွေ့ရချိန် နိုင်ငံတကာ၏ လူသားချင်းစာနာမှု အကူအညီများ စစ်အုပ်စု၏ လက်နက်သဖွယ် အသုံးချမှု မဖြစ်စေရန် “Stop Weaponization of Aid” လှုပ်ရှားမှု၊ လေကြောင်းတိုက်ခိုက်နိုင်ရန် အဓိက လိုအပ်သည့် လေယာဉ်ဆီများကို နိုင်ငံတကာမှ မြန်မာစစ်အုပ်စုအား ရောင်းချပေးနေမှုကို ရပ်တန့်ရန် “Ban Jet Fuel Exports To Myanmar”, “Sanction Aviation Fuel” လှုပ်ရှားမှု အစရှိသည့် စစ်အုပ်စု ၏ ဒေါက်တိုင်များ ပြိုလဲရေး ပစ်မှတ်ထား လှုပ်ရှားမှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
လှုပ်ရှားမှုတိုင်းတွင် ပြည်တွင်းပြည်ပ ပြည်သူများ၏ တခဲနက် ပူးပေါင်းပါဝင်မှုများကြောင့် MOGE ကဏ္ဍတွင် TOTAL, Chevron စသည့် ကုမ္ပဏီများ ထွက်ခွါသွားခြင်း၊ ဥရောပသမဂ္ဂ EU မှ အရေးယူဒဏ်ခတ်မှု ပြုလုပ်ခြင်း၊ အမေရိကန်မှ ရေနံခွန် ပေးဆောင်ရာတွင် ဒေါ်လာငွေကြေး အသုံးပြုခွင့် ပိတ်ပင်ခြင်း၊ Telenor အနေဖြင့် ပြည်သူလူထု အသံကို လျစ်လျူရှု ရောင်းချခဲ့ခြင်းကြောင့် နော်ဝေပါလီမန်၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ စုံစမ်းစစ်ဆေးခံနေရခြင်း၊ စင်္ကာပူအစိုးရနှင့် စင်္ကာပူအခြေစိုက် ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှု ၈၀% ခန့်လျော့ကျခဲ့ခြင်း၊ AIRBUS လေကြောင်း ကုမ္ပဏီမှ တရုတ်အစိုးရပိုင် AVIC ၏ ကုမ္ပဏီခွဲ AviChina တွင် ရင်းနှီးမြုပ်နှံမှု ရပ်တန့်လိုက်ခြင်း၊ နိုင်ငံတကာမှ ငလျင်ဒဏ်သင့် ပြည်သူများထံ လူသားချင်းစာနာမှု အကူအညီများကို စစ်အုပ်စုမဟုတ်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ကြားခံအဖွဲ့အစည်းများမှတဆင့် ပိုမို ထောက်ပံ့နိုင်ခဲ့ခြင်း၊ နိုင်ငံတကာမှ လေယာဉ်ဆီများကို ပိတ်ဆို့မခံရမီ အခြေအနေကဲ့သို့ အလွယ်တကူ မဝယ်နိုင်ဘဲ ခြေရာဖျောက်စနစ်များဖြင့် ခိုးဝယ်နေရခြင်း များသည် ပြည်သူလူထု၏ နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းပါဝင်ခဲ့မှု၏ ရလဒ်ဖြစ်သည်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုများသည် အောင်မြင်ခဲ့သည်များရှိခဲ့သော်လည်း ကော်ပိုရိတ်များ၊ အစိုးရများအနေဖြင့် လူထု၏ အသက်အိုးအိမ်ဘဝများထက် အကျိုးအမြတ်ကိုသာ အဓိကထားမှုကြောင့် စစ်အုပ်စုအနေဖြင့် အသက်ရှုစရာ ကျန်ရှိနေသေးသည်ဖြစ်သည်။ အဆိုပါအခြေအနေများ တွေ့ကြုံခဲ့ရသော်လည်း BMC အနေဖြင့် ပြည်သူလူထုတရပ်လုံး၊ ပြည်တွင်းနှင့် နိုင်ငံတကာအင်အားစုများနှင့်အတူ လက်တွဲ၍ ဆက်လက်တော်လှန် တိုက်ပွဲဝင်နေမည်ဖြစ်သည်။
မိမိတို့အနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေသည့် ငွေကြေးဒေါက်တိုင်များ၊ ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ယန္တရား၏ အဓိကဖြစ်သော နိုင်ငံခြား ငွေကြေး၊ လေယာဉ်ဆီ၊ လေယာဉ်၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ ဆက်လက်ရရှိနေခြင်းများအား နိုင်ငံတကာမှ ပစ်မှတ်ထား အရေးယူပိတ်ဆို့ရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
တော်လှန်ရေး အဆက်ဆက်အပါအဝင် နွေဦးတော်လှန်ရေး (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စုအပါအဝင် ဖိနှိပ်သူများ၏ နည်းလမ်းမျိုးစုံ ဖိနှိပ် ညှင်းပန်း ဖမ်းဆီး သ၊တ်ဖြတ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရရာနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသော ပြည်သူတဦးတယောက်ချင်းစီတိုင်း၏ ပါဝင်မှုနှင့် အာဏာရှင်စနစ် လုံးဝ ပပျောက်သည်အထိ တော်လှန်တိုက်ပွဲဝင်ကြမည့် စိတ်ပိုင်းဖြတ်မှုအား အလေးအမြတ်ပြုပါသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု၏ အန္တိမ မျှော်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ်မှန်သမျှ အဆုံးသတ်ရန်နှင့် ပြည်သူ့အကျိုးကို ဦးတည်သည့် ကောင်းမွန်သော သဘာဝသယံဇာတ စီမံခန့်ခွဲမှု ပေါ်ပေါက်သည်အထိ ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုများတွင် ယခုထက်ပို၍ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အာဏာရှင်စနစ်များ ရပ်တန့်ဖို့ သွေးစွန်းငွေ ဖြတ်တောက်စို့။
အာဏာရှင်စနစ်မှန်သမျှ တော်လှန်ကြ။
အရေးတော်ပုံ မုချ အောင်ရမည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့
19 May 2026

19 June 2026