29 January 2026

၁။ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းထားသော တရားမဝင်စစ်အုပ်စုသည် ရွေးကောက်ပွဲတရပ်ကို ကျင်းပပိုင်ခွင့် မရှိသောကြောင့် ၎င်းတို့က ပြုလုပ်သော အတုအယောင် ရွေးကောက်ပွဲသည် တရားဝင်မှုမရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်ကြောင်း နှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် တော်လှန်ရေး၏ ရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း မိမိတို့၏ သဘောထားရပ်တည်ချက်ကို တရားဝင်ထုတ်ပြန်ပြီး ဖြစ်သည်။
၂။ ယခု ကျင်းပပြုလုပ်ခဲ့သော အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းစလုံးနှင့် ပတ်သက်သည့် မြင်ကွင်းများ၊ သတင်းအချက်အလက်များအရ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးအတွက် ပြည်သူလူထုအား ခြိမ်းခြောက်ဖိနှိပ်ခြင်း၊ ၎င်းတို့သာ ဆက်လက်အာဏာဆွဲကိုင်နိုင်ရေးရည်ရွယ်သည့် စည်းမျဉ်းများနှင့် သာမကပဲ ကြိုတင်မဲများ ကဲ့သို့ မဲလိမ်မဲခိုးခြင်း၊ အတင်းအကျပ်မဲများ ရယူခြင်း စသည့် မတရားသော နည်းလမ်း ပေါင်းစုံဖြင့် ပြုလုပ်ခဲ့သော်လည်း ပြည်သူလူထုတရပ်လုံးက ကောင်းစွာပူးပေါင်း ဆောင်ရွက် ခြင်းမရှိဘဲ တခဲနက်ဆန့်ကျင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် ပြည်သူ့ထောက်ခံမှု မရှိသော အတုအယောင်ရွေးကောက်ပွဲများ ဖြစ်ကြောင်းလည်း ပေါ်လွင်ထင်ရှားနေပြီဖြစ်သည်။
၃။ အကြမ်းဖက်စစ်အုပ်စု၏ ပြင်းထန်ရက်စက်သည့် ဖိနှိပ်မှုများကြားမှ မိမိတို့၏ အခြေခံ လူ့အခွင့်အရေးကို အသုံးပြု၍ အမှန်တရားဘက်မှ ရပ်တည်ကာ အတုအယောင်ရွေးကောက်ပွဲအား မဲမပေးခြင်းအားဖြင့် ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ပြည်သူတဦးတယောက်ချင်းစီတိုင်းအား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။
၄။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတုအယောင်ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ပါက မြန်မာနိုင်ငံ၏အရေးကို ဖြေရှင်းရာ မရောက်ဘဲ ပိုမိုရှုပ်ထွေးသည့် အဆိုးကျော့သံသရာထဲသို့ သွတ်သွင်းလိုက်ခြင်း ဖြစ်စေနိုင်သောကြောင့် အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အတုအယောင် ရလဒ်များကို လက်မခံကြရန်နှင့် အဆိုပါ အတုအယောင်ရလဒ်မှတဆင့် ပေါ်ပေါက်လာမည့် အစိုးရအမည်ခံ စစ်အုပ်စုအလိုကျ ဟန်ပြအစုအဖွဲ့ ကိုလည်း မြန်မာနိုင်ငံ၏ အစိုးရအဖြစ် တရားဝင်မှုပေးမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆောင်ရွက်ခြင်း မပြုကြရန် တောင်းဆိုသည်။
၅။ ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အာဆီယံအနေဖြင့်လည်း အာဆီယံဘုံသဘော တူညီချက် (၅) ချက်ကို လေးစားလိုက်နာခြင်းအလျဉ်းမရှိသည့် အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်နှင့် အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို လုံးဝလက်မခံကြောင်း တိကျပြတ်သားသည့် ထုတ်ပြန်ကြေညာမှုများကို ပြုလုပ်နိုင်ပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
တော်လှန်ရေးသစ္စာဖြင့်
တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ
pdf ဖိုင်ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
မူရင်းပို့စ်
19 May 2026

19 June 2026