
ဤစာစောင်သည် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြစ်စဉ်များကို စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။ ကချင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ကြီးမားစွာ ထိခိုက်ဆုံးရှုံးခဲ့ရပါသည်။
မိမိတို့အဖွဲ့အစည်းမှ ကောက်ယူရရှိထားသော အချက်အလက် စာရင်းဇယားများအရ ယခုနှစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေမှာ – မတရားဖမ်းဆီးခံရသူ ၁၇ ဦး၊ သေဆုံးသူ ၁၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၇ ဦး ရှိခဲ့ပါသည်။ အထူးသဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်သည် အနည်းဆုံး (၅) ကြိမ်ထက်မနည်း အစုလိုက်အပြုံလိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်ပါသည်။ ဤစာစောင်တွင် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဆိုင်ရာ အချက်အလက်ဖြစ်စဉ် အသေးစိတ်ကို ဖော်ပြထားပါသည်။