
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်
၁။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် တရားမဝင် အတုအ ယောင် ရွေးကောက်ပွဲအား ယခုလာမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့များတွင် အပိုင်းများခွဲကာ ကျင်းပရန် စီစဉ်လျက်ရှိသည်။
၂။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့တဖက်သတ် ပြဌာန်းထားသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကိုပင် ချိုးဖောက်၍ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အား ဆန့်ကျင်ကာ အာဏာသိမ်းခဲ့သည့် တရားမဝင်အဖွဲ့အစည်းဖြစ်သည်။
၃။ ထို့ပြင် နိုင်ငံအနှံ့အပြားတွင် နေ့စဉ်နှင့်အမျှ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုများစသည့် နိုင်ငံတကာ ရာဇ ဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် အပြင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများတွင် နောက်ကွယ်မှ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည့် အကြမ်းဖက် နိုင်ငံတကာ ရာဇဝတ်သားများလည်းဖြစ်သည်။
၄။ ထို့ကြောင့် ယင်းအကြမ်းဖက်စစ်တပ်သည် ဥပဒေကြောင်းအရလည်းကောင်း၊ ပြည်သူလူထု၏ သဘောဆန္ဒအရလည်းကောင်း ရွေးကောက်ပွဲကျင်းပနိုင်သည့် အခွင့်အာဏာ မရှိသည့် အဖွဲ့ဖြစ်သည်။
၅။ ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအား ကျင်းပနိုင်ရန်အတွက် မတရားဥပဒေများအား ပြဌာန်း၍ ပြည်သူလူထုအား ရွေးကောက်ပွဲဆန့်ကျင်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ အတင်းအဓမ္မ ပျောက်ကွယ်စေခြင်းများ ပြုလုပ်နေသည့်အပြင် နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ အတင်းအဓမ္မ မဲပေးစေခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ပြည်သူလူထု၏ လွတ်လပ်သော သဘောဆန္ဒများအပေါ် ဖိနှိပ်၍ ထွက်ပေါ်လာမည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲသည် မည်သည့်နည်းနှင့်မျှ “လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ” မဟုတ်သကဲ့သို့ ပေါ်ထွက်လာမည့် အဖွဲ့အစည်းသည်လည်း မည်သည့်နည်းနှင့်မျှ လူထုအား ကိုယ်စားမပြုနိုင်ပါ။ အချုပ်အခြာအာဏာအား မတရား သိမ်းပိုက်ရယူခြင်းသာဖြစ်သည်။
၆။ ယင်းတရားမဝင် အတုအယောင်ရွေးကောက်ပွဲဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးပြဿနာ ပြေလည်စေမည် မဟုတ်ဘဲ ပိုမိုရှုပ်ထွေးစေကာ “ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေး” အခြေခံသော စစ်မှန်သည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်အား ပိုမိုဝေးကွာစေမည် ဖြစ်သည်။ အကြမ်းဖက်စစ်တပ်အား ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ရန် အားပေးရာ ရောက်မည်။
၇။ ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ ဆောင်ရွက်မည့် ရွေးကောက်ပွဲအား ကျွန်ုပ်တို့ မန္တလေးဒေသ ကြား ကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့(SFUIG) တို့အနေဖြင့် လုံးဝအသိအမှတ်မပြု ဆန့်ကျင်သည်။
၈။ ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးမှလည်း မိမိတို့ မြန်မာနိုင်ငံ၏ ပကတိအရှိတရားအား သိမြင်၍ အကြမ်းဖက်စစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား အသိအမှတ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက် ခြင်း လုံးဝမပြုလုပ်ကြရန် အလေးအနက်တိုက်တွန်းအပ်သည်။
၉။ ထို့ပြင် နိုင်ငံတကာအနေဖြင့် တော်လှန်ရေး အင်အားစုအသီးသီး၏ “စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး” အတွက် အဆင့်ဆင့် ကြိုးပမ်းကာ ပြည်သူလူထုဆန္ဒနှင့်အညီ ပေါ်ထွန်းလာသည့် ဖက်ဒရယ်ယူနစ်/ပြည်နယ် အစိုးရများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့အား အသိအမှတ်ပြု ထောက်ခံကြရန်လည်း ထပ်ဆင့်တိုက်တွန်းအပ်ပါသည်။
၁၀။ ပြည်သူလူထုတရပ်လုံးအနေဖြင့်လည်း လူထုအာဏာဖီဆန်ရေးနည်းနာပေါင်းစုံဖြင့် “တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား” တခဲနက် ဆန့်ကျင်ကြရန် နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များတွင် မိမိတို့နိုင်သည့်နေရာမှ ဆက်လက် ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ
ဆက်သွယ်ရန် –
ဦးဌေး (MIGC): @kohtay.16 (Signal)
ဦးခန့်ဝေဖြိုး (SFUIG): @kwp.13 (Signal)
PDF ဖိုင်ကိုရယူရန် English I မြန်မာဘာသာ
19 May 2026

19 June 2026