22 December 2025

The Sentry နှင့် Justice For Myanmar တို့ ပူးတွဲထုတ်ပြန်လိုက်သည့် မူဝါဒအနှစ်ချုပ်စာတမ်းသစ်တစ်စောင်တွင် မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းကို အမည်ပြောင်းလဲလိုက်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးဆောင်လော်ဘီများ ငှားရမ်းအသုံးပြုခြင်း များမှတဆင့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားရန်နှင့် မှားယွင်းသော နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးပမ်းနေပုံများကို ဖော်ထုတ်ထားသည်။
စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ နိုင်ငံနှင့်အဝန်း ကျူးလွန်လျက်ရှိပြီး၊ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် ၄င်းတို့အနေဖြင့် နိုင်ငံတကာ နိုင်ငံရေးနှင့် ဘဏ္ဍာရေးစနစ်များတွင် ဆက်လက်ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုစနစ်များရှိ ဟာကွက်များကို ထိထိရောက်ရောက် အသုံးချလျက်ရှိနေကြောင်း အဆိုပါစာတမ်းက သတိပေးထားသည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြားသော မိတ်ဖက်အစိုးရများ အနေဖြင့် အဆိုပါဂယ်ပေါက်များကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု၏ နိုင်ငံတကာကူညီပံ့ပိုးပေးနေသူ များအား ပစ်မှတ်ထားနိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ဖြည့်စွက်၊ တိုးချဲ့ရန် အဆိုပါစာတမ်းက တောင်းဆိုထားသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ နေ့တွင် စစ်အုပ်စုသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အား ဖျက်သိမ်းလိုက်ပြီး၊ အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဖြင့် အစားထိုးခဲ့သည်။ ထိုသို့ အမည်အပြောင်းအလဲရှိခဲ့သော်လည်း SSPC ကို ယခင်စစ်ဗိုလ်ချုပ်ကြီးများကသာ ဦးဆောင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းတာဝန်များလည်း အပြောင်းအလဲမရှိသလို၊ စစ်အုပ်စုနှင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်တွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်သည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ခေါင်းစည်းစာသားကလွဲရင် ဘာအပြောင်းအလဲမှကိုမရှိတာ” ဟု ပြောကြားခဲ့သည်။ သူမက “စစ်အုပ်စုရဲ့ အမည်ပြောင်း လုပ်ရပ်ဟာ သူတို့တွေအနေနဲ့ အရပ်သားပြည်သူတွေကို ဘာအပြစ်ဒဏ်မှ မခံရဘဲ စိတ်တိုင်းကျ သတ်ဖြတ်နေတဲ့အချိန်မှာ၊ တဖက်ကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့နဲ့ သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနိုင်ဖို့တွေ အတွက် ရည်ရွယ်လုပ်ဆောင်တဲ့ ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
စာတမ်းတွင် SAC၊ SSPC နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (NDSC) သုံးဖွဲ့လုံး တွင် ဘုံပါဝင်နေသော စစ်တပ်ထိပ်ပိုင်းအရာရှိကြီးများကို မှတ်တမ်းတင်ထားသည်။ ထို့အတူ SSPC အဖွဲ့ဝင်အားလုံးနီးပါးသည် အနည်းဆုံးနိုင်ငံတစ်ခုက ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားသည့် လက်ရှိ သို့မဟုတ် ယခင် စစ်အရာရှိကြီးများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ SSPC ဖွဲ့စည်းပြီးနောက်ပိုင်း စစ်တပ်သည် အရပ်သားပြည်သူများအပေါ် မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများကို ပြစ်ဒဏ်ခံရခြင်း ကင်းလွတ်စွာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့သည်။
အထူးသတိထားစရာအချက်အနေဖြင့် စစ်အုပ်စုက ထိုသို့အမည်ပြောင်းပြီး ရက်ပိုင်းအတွင်းတွင်ပင် အမေရိကန်အခြေစိုက် လော်ဘီနှစ်ဖွဲ့ဖြစ်သည့် DCI Group AZ, LLC နှင့် the McKeon Group တို့သည် စစ်အုပ်စုထိန်းချုပ်အဖွဲ့များနှင့် စာချုပ်များချုပ်ဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားကိုယ်စားလှယ်များမှတ်ပုံတင်ခြင်းဆိုင်ရာအက်ဥပဒေ (FARA) အရ တင်သွင်းထားသည့်မှတ်တမ်းများတွင် ယင်းကုမ္ပဏီများသည် မြန်မာစစ်တပ်ကိုယ်စား အမေရိကန်အစိုးရကို စည်းရုံးရန်ရည်ရွယ်သည့် ပြည်သူရေးရာနှင့် လော်ဘီဝန်ဆောင်မှုများ ပေးအပ်ရန် သဘောတူခဲ့ကြောင်း တွေ့ရသည်။
“စစ်အုပ်စုဟာ ၎င်းတို့ရဲ့ပုံရိပ်ကို ပြန်လည်တည်ဆောက်နေပြီး၊ ၎င်းတို့အုပ်ချုပ်မှုကို ပုံမှန်အခြေအနေတခုလို ဖြစ်လာစေဖို့ နိုင်ငံရပ်ခြားက အားပေးကူညီသူတွေရဲ့ ပံ့ပိုးမှုကို ရယူ အသုံးချနေပါတယ်” ဟု The Sentry ၏ အမှုဆောင်ဒါရိုက်တာ Justyna Gudzowska က ပြောကြားခဲ့သည်။ “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့စစ်အုပ်စုကို အကျိုးဖြစ်ထွန်းစေမယ့် နိုင်ငံရေးဝန်ဆောင်မှုတွေ ပေးအပ်ခြင်းဟာ ကြီးလေးတဲ့ ဥပဒေကြောင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ဂုဏ်သိက္ခာဆိုင်ရာ အန္တရာယ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ၄င်းကပြောကြားခဲ့သည်။
ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် SSPC အား SAC ၏ အမည်ကွဲတစ်ခုအနေဖြင့်သော်လည်းကောင်း သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်သည့် အဖွဲ့အစည်းအသစ်အနေဖြင့် သော်လည်းကောင်း ဖြည့်စွက်ပြင်ဆင်ခြင်းမပြုပါက နိုင်ငံတကာမှ အဖွဲ့အစည်းများသည် ယင်းအပေါ် ကောင်းစွာနားလည်သိရှိမှု မရှိခြင်းကြောင့် စစ်အုပ်စုနှင့် စီးပွားရေး လုပ်ဆောင်နိုင်ခြေရှိကြောင်း၊ သို့မဟုတ်ပါကလည်း ပို၍ဆိုးရွားသောဥပမာအနေဖြင့် မသိနားမလည်၍ လုပ်ရခြင်းဖြစ်သည်ဟု ယုတ္တိထုတ်ငြင်းဆိုနိုင်သော အကာအကွယ်ကို ရရှိသွားနိုင်ကြောင်း အနှစ်ချုပ်စာတမ်းတွင် သတိပေးထားသည်။ အဆိုပါအန္တရာယ်သည် အထူးသဖြင့် ဥရောပသမဂ္ဂက ရှုတ်ချထားသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ပြင်ဆင်နေချိန်ကာလတွင် ပို၍ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။
The Sentry နှင့် Justice For Myanmar တို့သည် အစိုးရများအား အောက်ပါတို့ကို လုပ်ဆောင်ရန် တိုက်တွန်းပါသည်။
အနှစ်ချုပ်စာတမ်းတွင် ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများအနေဖြင့် စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်နေမှုမှန်သမျှကို ဖျက်သိမ်းရန်နှင့် မြန်မာနှင့်ပတ်သက်သော ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံရာတွင် တင်ကြိုစိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တို့ကို တောင်းဆိုထားသည်။
“စစ်အုပ်စုက အလိုက်သင့်ရှောင်ရှားတတ်လာသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း လိုက်ပါပြောင်းလဲမြှင့်တင်ရပါမယ်” ဟု မရတနာမောင်ကပြောကြားခဲ့သည်။ သူမက “အခုအချိန်မှာ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ရင်တော့ စစ်အုပ်စုဟာ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ တစ်ဖက်မှာပဲ၊ သူတို့ရဲ့ရာဇဝတ်မှုတွေကိုလည်း အမည်ပြောင်းလဲတာ၊ လော်ဘီလုပ်ဆောင်စေတာနဲ့ နိုင်ငံတကာရဲ့ကြံရာပါမှုတွေကတဆင့် ဆက်ပြီးခဝါချနေအုန်းမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
19 May 2026

16 June 2026