9 December 2025

ခုနှစ်ဖွဲ့မြောက်ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) သည် အိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်သည့် Bharat Electronics Limited (BEL) နှင့် Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Sumitomo Corporation တို့ရှိ ၄င်းတို့၏ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းကြောင်း မနေ့က ကြေညာခဲ့သည်။
BEL နှင့် HAL တို့သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းရောင်းချမှုများ အပါအဝင် စစ်လက်နက်နှင့် အခြားစက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်ထံ ရောင်းချခဲ့သည်။ PTTEP သည် စစ်အုပ်စု၏ အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သည့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုတွင် စစ်အုပ်စုနှင့်အတူ ကြီးကြပ်လုပ်ကိုင်နေသည်။ Sumitomo Corporation သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီ MPT ၏ ပူးတွဲကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး၊ MPT သည် တရုတ်အင်တာနက်ပိတ်ဆို့ရေး မဟာရံစနစ်၏ ဈေးကွက်ဗားရှင်းကို ၄င်း၏အချက်အလက်စင်တာများတွင် တပ်ဆင်ကာ ဒီဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများအတွက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း Swedish Burma Committee (SBC)၊ Justice For Myanmar (JFM) နှင့် Fair Finance Guide တို့က ထုတ်ပြန်ခဲ့သည့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် ဆွီဒင် ပင်စင်ရံပုံငွေအဖွဲ့များအပေါ် ပူးတွဲဆန်းစစ်လေ့လာမှုတစ်ခုတွင် အဆိုပါ ကုမ္ပဏီလေးခုအား အမည်ဖော်ပြထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲဆန်းစစ်လေ့လာမှုတွင် ဆွီဒင်ရံပုံငွေအဖွဲ့များသည် မြန်မာနိုင်ငံရှိ စစ်အုပ်စုအား ကူညီပံ့ပိုးနေသည့် ကုမ္ပဏီ ၁၂ ခုတွင် ဆွီဒင်ငွေ ခရိုနာ ၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၈၄ သန်း) ရင်းနှီးမြှုပ်နှံထားကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိသိရှိနိုင်သည့်အချက်အလက်များအရ ဆွီဒင်ပြည်သူ ခြောက်သန်း၏ ပင်စင်ငွေများ ထည့်ဝင်ထားသည့် AP7 က အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။
SBC၊ JFM နှင့် Fair Finance Guide တို့အနေဖြင့် AP7 အား ၎င်းတို့၏ လူ့အခွင့်အရေးကတိကဝတ်များကို ဖြည့်ဆည်းလုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံရှိ စစ်အုပ်စုနှင့် ဆက်နွှယ်နေမှုအားလုံးအား ဖြတ်တောက်ရန်အတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန်တို့ကို ဆက်လက်တောင်းဆိုထားသည်။ ရံပုံငွေအဖွဲ့အနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် စီးပွားရေးဆက်ဆံမှုအားလုံးအား အဆုံးသတ်ရန် တောင်းဆိုသင့်သည်။ ကုမ္ပဏီများက စစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုများအား အဆုံးသတ်ရန် ဆန္ဒမရှိပါက ရံပုံငွေအဖွဲ့ အနေဖြင့် အဆိုပါကုမ္ပဏီများရှိ ရင်းနှီးမြှုပ်နှံမှုများအား ရုပ်သိမ်းသင့်သည်။
“ဒီကုမ္ပဏီတွေဆီမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ပင်စင်ငွေတွေကို မြန်မာစစ်အုပ်စုဆီ စစ်လက်နက်တွေ ရောင်းချ (သို့မဟုတ်) ရန်ပုံငွေပံ့ပိုးနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံဖို့မသင့်ပါဘူး။ ဒါပေမဲ့ ပင်စင်ရံပုံငွေအဖွဲ့တွေအနေနဲ့ ကျွန်ုပ်တို့ ဖော်ထုတ်ထားတဲ့ ကုမ္ပဏီအားလုံးအပေါ် အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း တရားမဝင်အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်တပ်ဆင်ပေးနေတဲ့ သို့မဟုတ် ငွေကြေးထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေဆီမှာ ဘယ်ရံပုံငွေကိုမှ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်စေဖို့ လုပ်ဆောင်သင့်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားခဲ့သည်။
ပင်စင်ရံပုံငွေအဖွဲ့သည် ပြင်းထန်သော အခွင့်အရေးချိုးဖောက်မှုများနှင့်သဘာ ဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် ဝေဖန်ခံနေရသော ကုမ္ပဏီများနှင့် ပတ်သက်၍ ထိခိုက်အန္တရာယ်ဆန်းစစ်မှု အခြေပြုနည်းလမ်းသစ်တစ်ရပ်ကိုလည်း မိတ်ဆက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသည် ကုမ္ပဏီများအား တရားရုံးတွင်ပြစ်ဒဏ်ချမှတ်ခံရမှုမရှိသေးခြင်း သို့မဟုတ် ကုလသမဂ္ဂမှ သီးသန့်အမည်ထုတ်ပြန်ဖော်ပြခံရမှုမရှိသေးခြင်းဆိုသည့် အချက်မျိုးကို ကိုးကားနေခြင်းများထက် များစွာသောဖြစ်ရပ်များကို ယခုနည်းလမ်းသစ်ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
“ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေနဲ့ ရေရှည်တည်တံ့တဲ့အလုပ်အတွက် မှန်ကန်တဲ့ခြေလှမ်းဖြစ်ဖို့ ဒီလိုလုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပင်စင်ရံပုံငွေအဖွဲ့အနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အခြားကုမ္ပဏီတွေကိုလည်း မဖြစ်မနေ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု Fair Finance Guide မှ Jakob König က ပြောကြားသည်။
“ဒီနေ့ ထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်။ ဆွီဒင်အစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရှိ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် အကူအညီတွေကို ရပ်တန့်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆွီဒင်ပြည်သူတွေရဲ့ ငွေတွေက စစ်အုပ်စုကို ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေဆီ မရောက်သင့်ပါဘူး။ စစ်အုပ်စုကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ဖို့ အသက်ဘဝတွေ စွန့်လွှတ်ကြသူတွေကိုသာ ပံ့ပိုးသင့်ပါတယ်” ဟု Swedish Burma Committee ၏ အမှုဆောင် Kristina Jelmin က ပြောကြားခဲ့သည်။
ကျွန်ုပ်တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာနှင့် ဆွီဒင်ဘာသာဖြင့် ဖတ်ရှုရန် https://buff.ly/TbpFcR3
AP ရန်ပုံငွေများ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ကျွန်ုပ်တို့၏ ပူးတွဲဆန်းစစ်လေ့လာမှုကို ဖတ်ရှုရန် https://buff.ly/uMxWldG
AP7 ၏ နောက်ဆုံးထုတ်ပြန်ထားသော ကုမ္ပဏီများစာရင်းကို ကြည့်ရှုရန် https://buff.ly/EoaO1
ဒေါင်းလုတ်ရယူရန် မြန်မာဘာသာ | အင်္ဂလိပ်ဘာသာ
19 May 2026

16 June 2026