26 November 2025

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်တပ်သည် ပြည်သူလူထုရွေးကောက်တင်မြှောက်ထားသည့် ၂၀၂၀ခုနှစ်၏ ရွေးကောက်ခံအမတ်များ၊ ပြည်သူ့အစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံ့ခေါင်းဆောင်များအား ဥပဒေမဲ့ဖမ်းဆီးပြီး မတရားသဖြင့် အာဏာရယူ၍ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် သစ္စာဖောက်သည့် လုပ်ရပ်အားလုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ တိုင်းပြည်နှင့် ပြည်သူလူထုတို့အပေါ် အနိုင်ကျင့် ဗိုလ်ကျလျက်ရှိပါသည်။
ထိုအပြင် အဆိုပါ အာဏာသိမ်းအကြမ်းဖက်စစ်ကော်မရှင်အနေဖြင့်
(၁) ပြည်သူလူထုနေထိုင်ရာ အဆောက်အဦ၊ ဆေးရုံဆေးခန်းများနှင့် စာသင်ကျောင်းများ၊ အရပ်ဘက်အဆောက်အဦများကို စဉ်ဆက်မပြတ် ဗုံးကြဲမှုများပြုလုပ်နေခြင်းဖြင့် စစ်ရာဇဝတ်မှုများစွာကို ချိုးဖောက်နေသည့်အပြင် ပြည်သူလူထုများအား အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ ပြည်သူလူထုနှင့် အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖုံးကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ဖြစ်ခြင်း။
(၂) လူ့အခွင့်အရေးချိုးဖောက်မှု ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် စစ်ရာဇဝတ်မှုကျုးလွန်မှုများမှ ရှောင်ထွက်၍ တာဝန်ယူမှု တာဝန်ခံမှုမှ ကင်းလွတ်စေရန် ကြိုးပမ်းသည့် ခြေလှမ်းဖြစ်ခြင်း။
(၃) အတုအယောင်ရွေးကောက်ပွဲအပေါ် ဝေဖန်အကြံပြုသူ ပြည်သူလူထုများအား အကြောက်တရားပေးရန် ရည်ရွယ်၍ ဆိုရှယ်မီဒီယာများတွင် သဘောထားမှတ်ချက်ပေးရုံဖြင့် မတရားအကြမ်းဖက်ဖမ်းဆီးနေခြင်း။
(၄) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသား နှစ်သောင်းကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်း။
(၅) ပြည်သူလူထု ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်နှင့် နိုင်ငံ့ခေါင်းဆောင်များကိုလွှတ်ပေးရေးတောင်းဆိုချက်များကို လစ်လျုရှုကာ အကြမ်းဖက်ဖြေရှင်းသည့် နည်းလမ်းများကိုသာ ရွေးချယ်၍ ပြည်သူလူထုကို ပိုမိုဖိနှိပ်၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း။
(၆) ပြည်သူလူထုအချင်းချင်း တိုက်ခိုက်စေရန်ရည်ရွယ်၍ မတရားစစ်မှုထမ်းဥပဒေကို ပြဌာန်းကာ စစ်သားသစ်များစုဆောင်း၍ အချို့နေရာများတွင် ပေါ်တာဆွဲနေခြင်း။
(၇) ရွေးကောက်ပွဲ မဲပေးရန် အတင်းအဓမ္မဖိအားပေးခြင်းအပါအဝင် မသမာသော နည်းလမ်းများကို အသုံးပြု၍ နိုင်ငံရေးအရ တရားဝင်မှုရရန်ကြိုးစားမှုများအရ ဟန်ပြအတုအယောင် ရွေးကောက်ပွဲဖြစ်နေကြောင်း ပေါ်လွင်နေခြင်း။
အဆိုပါအကြောင်းအရာနှင့် အခြေအနေများကို ထောက်ဆကြည့်ရှုခြင်းအားဖြင့် အာဏာသိမ်းစစ်တပ် ယခုပြုလုပ်ရန် ကြိုးပမ်းနေသည့် ရွေးကောက်ပွဲဆိုသည့် စကားရပ်သည် လုံးဝအဓိပ္ပာယ်မရှိသည့် စကားရပ်နှင့် လုပ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့အစည်းအနေဖြင့် လုံးဝ(လုံးဝ)ကန့်ကွက်သည့်အပြင် အတုအယောင် ရွေးကောက်ပွဲအပေါ် ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်သည်။
ထိုအပြင် အာဏာသိမ်း စစ်တပ်၏ တရားမဝင်သည့် အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံနေသည့် စစ်တပ်နှင့်အကျင့်တူ အဖွဲအစည်းများနှင့် လက်တွဲဆောင်ရွက်မှုများကို ဖျက်သိမ်းသွားမည်ဖြစ်ပြီး အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်နေသည့် မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲ၍ ပြည်သူလူထုဘက်၌ အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
19 May 2026

19 June 2026