ရာဇဝတ်ဂိုဏ်း မြန်မာစစ်အုပ်စုကို သွေးစွန်းငွေများ ထောက်ပံ့နေသည့် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့စီမံကိန်းသစ်များ လုပ်ကိုင်ရန် ကြိုးပမ်းနေမှုအပေါ်ထုတ်ပြန်ကြေညာချက်

9 November 2025

ရာဇဝတ်ဂိုဏ်း မြန်မာစစ်အုပ်စုကို သွေးစွန်းငွေများ ထောက်ပံ့နေသည့် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့စီမံကိန်းသစ်များ လုပ်ကိုင်ရန် ကြိုးပမ်းနေမှုအပေါ်ထုတ်ပြန်ကြေညာချက်

၂၀၂၁ ဖေဖော်ဝါရီ တွင် စစ်အာဏာသိမ်းယူရန် ကြိုးပမ်းပြီးနောက် မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ၂၀၂၂ ဧပြီ တွင် မလေးရှားအခြေစိုက် Petronas၊ ၂၀၂၂ ဇူလိုင် တွင် ပြင်သစ်အခြေစိုက် TotalEnergies နှင့် ၂၀၂၄ ဧပြီ တွင် အမေရိကန်အခြေစိုက် Chevron တို့ အသီးသီး နှုတ်ထွက်ခဲ့ကြသည်။

သို့သော် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် PTTEP သည် နှုတ်ထွက်သွားခဲ့ကြသည့် TotalEnergy နှင့် Chevron တို့၏ ရှယ်ယာများကို မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း (MOGE) နှင့်အတူ လက်လွှဲ ခွဲဝေယူပြီး ရတနာ နှင့် ဇောတိက စီမံကိန်းများမှာ လုပ်ငန်းဦးဆောင်လည်ပတ်သူ (Operator) ဖြစ်လာခဲ့သည်။ ထို့ပြင် ထိုင်းပုဂ္ဂလိကပိုင် Gulf Petroleum Myanmar (GPM) သည်လည်း Petronas ၏ ရှယ်ယာများကို MOGE နှင့်အတူ ခွဲဝေယူပြီး ရဲတံခွန် စီမံကိန်းတွင် လုပ်ငန်းဦးဆောင်လည်ပတ်သူ (Operator) ဖြစ်လာခဲ့သည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် Myanmar Energy Monitor ၏ ထုတ်ပြန်ချက်အရ ရတနာစီမံကိန်းတွင် PTTEP သည် ရှယ်ယာ ၆၂.၉၆၃% ဖြင့် လုပ်ငန်းဦးဆောင်လည်ပတ်နေပြီး ဇောတိကစီမံကိန်းတွင် ရှယ်ယာ ၈၀% ဖြင့် လုပ်ငန်းဦးဆောင် လည်ပတ်နေသည်။ 

 ၂၀၂၅ ဧပြီ ၁၀ ရက်နေ့တွင် PTTEP ကုမ္ပဏီသည် MOGE နှင့် ရတနာစီမံကိန်းမှ ဓာတ်ငွေ့ပိုမိုထုတ်လုပ် နိုင်ရန် သဘောတူစာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၅ မေလ ၂၉ ရက်နေ့တွင် Gulf Petroleum Myanmar (GPM) သည် MOGE နှင့် မုတ္တမကမ်းလွန်တွင် “မင်းရဲသူ” အမည်ဖြင့် စီမံကိန်းသစ်တခုအတွက် ထုတ်လုပ်မှု ခွဲဝေခံစားရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ GPM သည် ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီ အုပ်စု၏ အစိတ်အပိုင်းတခုဖြစ်သည်။

၂၀၂၅ အောက်တိုဘာ ၁၀ ရက်နေ့တွင် စစ်အုပ်စုလက်အောက်ခံ စွမ်းအင်ဝန်ကြီးနှင့် PTTEP အမှုဆောင် အရာရှိချုပ်တို့ တွေ့ဆုံခဲ့ကြပြီး ရတနာ နှင့် ဇောတိက စီမံကိန်းများမှ ဓာတ်ငွေ့ထုတ်လုပ်မှု မြှင့်တင်ရန် ထပ်မံ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာပြည်တွင်း လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ခေါင်းစဉ်ဖြင့် “အောင်သိင်္ခ” ကမ်းလွန် စီမံကိန်းသစ်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

သတင်းထုတ်ပြန်ချက်များအရ ဇောတိကစီမံကိန်း၏ ဓာတ်ငွေ့တွင်းသစ်မှ ၂၀၂၆ နှစ်စပိုင်းတွင် စတင်ထုတ်လုပ်နိုင်မည်ဟု သိရပြီး အောင်သိင်္ခ နှင့် မင်းရဲသူ စီမံကိန်းသစ်များမှ ၂၀၂၈ တွင် စတင်ထုတ်လုပ်နိုင်ရန် စီစဉ်နေလျက်ရှိသည်။

 စစ်အုပ်စု ၏ လက်နက်ဝယ် အသက်သွေးကြော လမ်းကြောင်း MOGE ကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့မှ ဒေါ်လာ နှင့် ယူရို ငွေကြေး အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့သော်လည်း PTTEP ကုမ္ပဏီသည် ထိုင်းဘဏ်နှင့် ထိုင်းဘတ်ငွေကြေးကို အသုံးပြုပြီး သွေးစွန်းစေသော ဓာတ်ငွေ့ခွန်ကို ဆက်လက် ထောက်ပံ့နေလျက်ရှိသည်။

 မြန်မာပြည်တွင်း နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အဖွဲ့အစည်း များမှ MOGE နှင့် စစ်အုပ်စုကို ရေနံငွေများ မပေးဆောင်ရန် တိုက်တွန်းတောင်းဆိုမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ထိုင်းနိုင်ငံပိုင် PTTEP နှင့် ထိုင်းပုဂ္ဂလိကပိုင် Gulf Petroleum Myanmar ကုမ္ပဏီတို့သည် ပြည်သူများ၏ အသံကို လျစ်လျူရှုပြီး စီမံကိန်းဟောင်းများတွင် ဆက်လက်လုပ်ကိုင်နေသလို MOGE နှင့် စီမံကိန်းသစ်များကိုလည်း လက်မှတ်ရေးထိုးလျက်ရှိသည်။

ထိုင်းရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီများ ဖြစ်ကြသည့် PTT, PTTEP နှင့် Gulf Petroleum Myanmar ကုမ္ပဏီတို့သည် မြန်မာပြည်တွင်းမှ စစ်အုပ်စုကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် ငွေကြေးထောက်ပံ့ခြင်းဖြင့် ပါဝင်ပတ်သက်နေပြီး ကျူးလွန်ခံနေရသော မြန်မာပြည်သူများအတွက် အတိအကျ တာဝန်ယူ တာဝန်ခံရမည် ဖြစ်သည်။

PTT, PTTEP, Gulf Petroleum Myanmar ကုမ္ပဏီများအနေဖြင့်

၁) စစ်အုပ်စုထိန်းချုပ်ထားသော MOGE ကို ရေနံနှင့် ဓာတ်ငွေ့ အခွန်ငွေများ ပေးဆောင်နေ ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက် ထောက်ပံ့နေမှုများကို ချက်ချင်း အဆုံးသတ်ရမည်။

၂) ပြည်သူ့ ဘဏ္ဍာငွေ ဓါတ်ငွေ့ အခွန်ငွေများကို စစ်အုပ်စု အသုံးပြုခွင့် မရသည့် အတ်စ်ခရိုး အကောင့် (Escrow Account) ထဲတွင် သိမ်းဆည်းထားရန် တာဝန်ရှိသည်။

၃) သွေးစွန်းငွေများ ထပ်မံရရှိစေမည့် ရေနံတွင်းသစ်နှင့် ဓာတ်ငွေ့ထုတ်လုပ်မှု စီမံကိန်းသစ်များအတွက် စာချုပ်များ ချုပ်ဆိုနေခြင်း အားလုံးကို ရပ်တန့်ရန် အထူးတာဝန်ရှိသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ နောက်ခံအကြောင်းအရာ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သည် နိုင်ငံပိုင်လုပ်ငန်း ဖြစ်သော်လည်း စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက် အကြမ်းဖက် စစ်အုပ်စုမှ အပြည့်အဝ ထိန်းချုပ်ထားသည်။ MOGE မှ ရရှိသည့် နိုင်ငံခြားဝင်ငွေသည် နိုင်ငံ၏ ၇၀ – ၈၀ ရာခိုင်နှုန်း ဒေါ်လာသန်းချီ ဝင်ငွေများဖြစ်သည်။ ထိုငွေများသည် ရာဇဝတ်ဂိုဏ်းစစ်အုပ်စု၏ စစ်အသုံးစရိတ် အသက်သွေးကြော ငွေ အရင်းအမြစ်တခု ဖြစ်သည်။

စစ်အုပ်စုသည် MOGE မှ ရသည့် အခွန်ငွေများဖြင့် မြန်မာပြည်သူများကို နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နိုင်ရန် လိုအပ်သည့် လက်နက်၊ လေယာဉ်ဆီများ၊ တိုက်လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ စစ်ရေးနည်းပညာ အစရှိသည်တို့ကို နိုင်ငံတကာမှ ဝယ်ယူရရှိနေနိုင်ခြင်း ဖြစ်သည်။

၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက်နေ့ တွင် ဥရောပသမဂ္ဂ (EU) သည် MOGE ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့သည်။ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်နေ့ တွင် အမေရိကန်သည် MOGE အတွက် အမေရိကန် ဒေါ်လာငွေကြေး အသုံးပြုခွင့်ကို ပိတ်ပင်ဒဏ်ခတ်ခဲ့သည်။ ဥရောပသမဂ္ဂ (EU) မှ ချမှတ်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့မှုကို လိုက်နာခြင်းဖြင့် ၂၀၂၅ မတ် ၁၁ ရက်နေ့ တွင် ဆွစ်ဇလန်နိုင်ငံသည်လည်း MOGE ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia