တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေပုံအကြောင်းကို အစီရင်ခံစာတွင် ဖော်ထုတ်

9 September 2025

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေပုံအကြောင်းကို အစီရင်ခံစာတွင် ဖော်ထုတ်

ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် “တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်” ပုံစံအား မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် တရားမဝင်မြန်မာစစ်အုပ်စုတို့အကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ထားသည်။ ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိသည်။

Geedge Networks သည် တရုတ်အစိုးရနှင့် ချိတ်ဆက်ထားသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်။

Justice For Myanmar ၏ အစီရင်ခံစာဖြစ်သော “ထောက်လှမ်းရေးပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” တွင် Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။

ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ပုံစံအား Geedge က ရောင်းချတပ်ဆင်ပေးမှုသည် စစ်အုပ်စုအတွက် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃.၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်စေသည်။

ဥပမာအားဖြင့် Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။

တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နိုင်ပေသည်။

ယခုအစီရင်ခံစာကို လျှို့ဝှက်ပေါက်ကြားလာသည့် အချက်အလက်စုများအပေါ် အခြေခံ၍ ရေးသား ထားပြီး၊ ယင်းအချက်အလက်စုများက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း Geedge ၏ စီးပွားရေး လုပ်ငန်းများအကြောင်း ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ယင်းအချက်အလက်စုများကို မီဒီယာ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်း/အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ညွန့်ပေါင်းလုပ်အားတစ်ရပ်ဖြင့် ဆန်းစစ်သုံးသပ်ထားပြီး၊ ယင်းညွန့်ပေါင်းလုပ်အားအဖွဲ့ကို အင်တာနက်ပိတ်ပင်ရေးမဟာရံ နည်းပညာတင်ပို့ရောင်းချမှု အားလေ့လာရေးစီမံကိန်းအတွက် Amnesty International၊ InterSecLab၊ the Globe and Mail၊ Paper Trail Media၊ Tor Project၊ DER STANDARD နှင့် Follow The Money အဖွဲ့တို့ ပါဝင်ဖွဲ့စည်းခဲ့သည်။

Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုထားသည်။ 

ယင်းဖော်ထုတ်ချက်များသည် တရုတ်အစိုးရက မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ဆက်လက် ရောင်းချခြင်း၊ မှားယွင်းသည့်နိုင်ငံရေးတရားဝင်မှုများ ပေးအပ်ခြင်း၊ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပံ့ပိုးကူညီခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင်း စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများတွင် အားပေးကူညီမှုများကို တိုးမြှင့်လုပ်ဆောင်လာသည့် အချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် Geedge Networks က ရောင်းချပေးအပ်သည့် ဆော့ဝဲလ်၊ ဟာ့ဝဲလ်နှင့် နည်းပညာအကူအညီများ အပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန်၊ စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို မြန်မာနိုင်ငံ၏ အမြင့်ဆုံး အတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ယူနစ်များကို ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စုတွင် အရေးပါသည့် သက်ဆိုင်သူများအဖြစ် အသိအမှတ်ပြု၊ ပံ့ပိုးကူညီရန် Justice For Myanamr က တောင်းဆို ထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။

Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်။

Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်စုမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူတွေ၊ အင်တာနက် ကြားခံပေးသူတွေ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူတွေက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားပါတယ်။

“တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”ကို တရားမဝင်စစ်အုပ်စုရဲ့ တင်သွင်းသုံးစွဲနေမှုဟာ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရာဇဝတ်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အားပေးကူညီနေမှု တစ်စိတ်တစ်ပိုင်း ဖြစ်နေပါတယ်။ ဒါကို အခု အဆုံးသတ်ရမှာဖြစ်ပြီး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိရမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


သတင်းထုတ်ပြန်ချက် အားဖတ်ရန် မြန်မာဘာသာဖြင့်အင်္ဂလိပ်ဘာသာဖြင့်

အစီရင်ခံစာအားဖတ်ရန် မြန်မာဘာသာဖြင့် | အင်္ဂလိပ်ဘာသာဖြင့်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia