အကြိမ် (၆၀) မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian မှတင်သွင်းသည့်စာတမ်း

အကြိမ် (၆၀) မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian မှတင်သွင်းသည့်စာတမ်း

ဥက္ကဌကြီးနဲ့

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား …

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ သတ္တမမြောက်နှစ်ပတ်လည် အစီရင်ခံစာ ကို လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး နှစ်တိုင်းကျွန်တော် ထပ်တလဲလဲတင်ပြခဲ့တဲ့အတိုင်း ထပ် တင်ပြရမယ်ဆိုရင်၊  မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန်နေပြီး မြန်မာ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲများလည်း ဆက်လက်ဆိုးရွားနေပါတယ်။ စစ်တပ်က  နိုင်ငံရေးအတိုက်အခံ လို့ ယူဆသူများကို အခြေခံလိုက်နာရမဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများမပါဘဲ လူထောင်ချီပြီး ဖမ်းဆီး ခြင်း၊ ထိန်းသိမ်းထားသူများကို ရိုက်နှက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တဲ့  အထောက်အထားများကို ယန္တရားက စုဆောင်း ရရှိထားပါတယ်။

စစ်တပ်က အတိုက်အခံအင်အားစုများနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရပ်သားများကို ပစ်မှတ်   ထားဖို့ လေကြောင်းတိုက်ခိုက်ရေးကို ပိုအားထားလာပါတယ်။ အနီးဝန်းကျင်မှာ စစ်ရေးဆိုင်ရာ ပစ်မှတ် တွေမရှိဘဲ၊ အိမ်များ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ ဒုက္ခသည် စခန်းများနဲ့ စာသင်ကျောင်းများကို ထိမှန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အပေါ် ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင် နေပါတယ်။ ဒီရာဇဝတ်မှုတွေမှာ ဘယ်သူက အမိန့်ပေးသလဲ ဖော်ထုတ်ဖို့အတွက် မြန်မာလေတပ်ရဲ့ အမိန့်ပေးမှုကွင်းဆက် အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းနေပါတယ်။

ရခိုင်ပြည်နယ်မှာ လေယာဉ်များ၊ ဒရုန်းများနဲ့ အရပ်သားများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငတ်မွတ် ခေါင်းပါးမှုကြုံနေသူများထံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးပို့မှုများကို တားဆီး ဟန့်တားတဲ့ သတင်းများကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ်ထဲ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ များသောအားဖြင့် ထိခိုက်နစ်နာသူများဖြစ်ပါတယ်။ နောက်ထပ် ရိုဟင်ဂျာ  ၁၅၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊  ရခိုင်ပြည်နယ်ထဲက  လူမျိုးစု အသိုင်းအဝိုင်းအားလုံးလည်း ဒုက္ခရောက်နေပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် တို့ နှစ်ဖွဲ့စလုံးက ကျူးလွန်ခဲ့တယ်ဆိုတဲ့  အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး ကျွန်တော် တို့ စုံစမ်းစစ်ဆေးနေပါတယ်။

မြန်မာစစ်တပ်နဲ့ နိုင်ငံတဝှမ်းက ဆန့်ကျင်ဘက် လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံတို့က ၎င်းတို့ဖမ်းဆီးရမိတဲ့ တိုက်ခိုက်‌ရေးသမားများနဲ့  သတင်းပေးလို့ စွပ်စွဲခံထားရတဲ့ အရပ်သားများကို ဥပဒေမဲ့စီရင် ကွပ်မျက်ခဲ့တဲ့ သာဓကထောက်အထားများ ကျွန်တော်တို့မှာ ရှိပါတယ်။ တချို့သောဒီရာဇဝတ်မှု တွေမှာ ကျူးလွန်သူများရဲ့ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ခိုင်မာတဲ့ အထောက်အထားများ ရှိပါတယ်။

ကျွန်တော့်အနေနဲ့ လူတိုင်းကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အထူးသဖြင့်   မြန်မာနိုင်ငံက တပ်ဖွဲ့ပေါင်းစုံရဲ့ တပ်မှူးများ ကြားသိအောင်ပါ။  စစ်မက်ဥပဒေများက အရပ်သားများနဲ့ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမားများကို အကာအကွယ် ပေးထားပါတယ်။ အရပ်သားများကို လုံးဝပစ်မှတ်မထားရဘူး။ ဖမ်းဆီးရမိတဲ့ တိုက်ခိုက်ရေးသမား များကို နှိပ်စက်ခြင်း၊ ကွပ်မျက်ခြင်း လုံးဝမပြုရဘူး။ ဒီကျူးလွန်မှုသတင်းတွေ ရရှိတဲ့အခါ၊ ကျူးလွန်သူ နဲ့ ထိခိုက်နစ်နာသူများရဲ့ နိုင်ငံရေး ယုံကြည်ချက်နဲ့ လူမျိုးစုဖြစ်တည်မှုတွေကို မခွဲခြားဘဲ အထောက်အထားများကို ကျွန်တော်တို့ စုဆောင်းသွားပါမယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တစ်နေ့မှာ ပြစ်မှုကျူးလွန်သူများနဲ့ ရာဇဝတ်မှုများကို တားဆီးအရေးယူရန် တာဝန်ပျက်ကွက်ခဲ့တဲ့ စစ်ခေါင်းဆောင်များကို အရေးယူ အပြစ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဥက္ကဌကြီးခင်ဗျာ…

ယန္တရားက မျက်မြင်သက်သေပေါင်း ၆၀၀ ကျော် အပါအဝင် သတင်းပေးအရင်းအမြစ်ပေါင်း ၁၃၀၀ ကျော်မှ အထောက်အထားများကို စုဆောင်းခဲ့ပြီး စိစစ်သုံးသပ်ချက်များ ပြုလုပ်ခဲ့ပါတယ်။ အန္တရာယ်ကြီးမားတဲ့ အခြေအနေ တွေကြားကနေ ကျွန်တော်တို့ထံသို့ အချက်အလက်များ မျှဝေပေးတဲ့ လူပုဂ္ဂိုလ်များနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီအထောက်အထားတွေကို နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားရုံးများရဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ လွယ်ကူချောမွေ့စေရေး အတွက် အသုံးပြုပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ အာဂျင်တီးနား ဖက်ဒရယ် တရားရုံးတို့ထံ အထောက်အထားနှင့် စိစစ်သုံးသပ်ချက် အများအပြား မျှဝေပြီးဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံနဲ့ အခြားတရားစီရင်ပိုင် ခွင့်ရ အာဏာပိုင်တွေရဲ့ သီးခြားအချက်အလက် တောင်းဆိုမှုများကို ကျွန်တော်တို့  တုံ့ပြန်ဆောင်ရွက် နေပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ငါးချက်မှာပါတဲ့အတိုင်း အာဆီယံနဲ့ လူ့အခွင့် အရေးကောင်စီက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုများ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ သို့ပေမဲ့ လည်း အကြမ်းဖက်မှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာပါတယ်။ ရာဇဝတ်မှုများကို လျစ်လျူရှု ထားပြီး အပြစ်ပေးအရေးမယူရင်၊ ကျူးလွန်သူများက နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှု များလုပ်ဖို့ ပိုအတင့်ရဲလာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သံသရာကို အဆုံးသတ် ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးဆန္ဒရှိရပါမယ်။ ဒီရာဇဝတ်မှုများအပေါ် တရားစွဲလိုမှုနဲ့ တရားစွဲဆိုနိုင် စွမ်းရှိပြီး မြန်မာပြည်သူများရဲ့ ဒုက္ခခံစားမှုကို အဆုံးသတ်ရေး ဆောင်ရွက်လိုတဲ့ သက်ဆိုင်ရာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားစီရင်ခွင့်ရ အာဏာပိုင်များကို ပံ့ပိုးကူညီဖို့ ယန္တရားက အသင့်ရှိနေပါတယ်။

ကျေးဇူးတင်ပါတယ်။


 

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia