ဒဏ်ခတ်ပိတ်ဆို့မှုချိုးဖောက်ခြင်းအတွက် တယ်လီနောအပေါ် Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့

ဒဏ်ခတ်ပိတ်ဆို့မှုချိုးဖောက်ခြင်းအတွက် တယ်လီနောအပေါ် Justice For Myanmar နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့တွင် အမှုဖွင့်ခဲ့

Justice For Myanmar နှင့် ICJ Norway တို့သည် တယ်လီနောနှင့် တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့ အား ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နော်ဝေဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခြင်းအတွက် နော်ဝေရဲတပ်ဖွဲ့ထံ တိုင်ကြားချက် ဖွင့်လှစ်ခဲ့သည်။ ယခုရည်ညွှန်းသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုသည်မှာ နော်ဝေ၏ မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်း (‘Myanmarforskriften’) ဖြစ်သည်။ တိုင်ကြားချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

နော်ဝေရုပ်သံလိုင်း NRK သည် မကြာသေးမီက မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် အကြောင်းအရာများကို nrk.no၊ Podcasts ၊ တီဗွီ နှင့် ရေဒီယိုတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်ခဲ့ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်း ကြိုးပမ်းမှုအပြီး စစ်အုပ်စုနှင့် အန္တရာယ်ကြီးသော ကွန်ရက် အချက်အလက်ဒေတာများ မျှဝေခဲ့ခြင်း ဆောင်းပါးများအပါအဝင် မြန်မာနိုင်ငံတွင် တယ်လီနော၏ အခန်းကဏ္ဍကို အကျယ်တဝင့် ထုတ်ပြန် ခဲ့သည်။ ယနေ့တွင် NRK သည် ကျွန်ုပ်တို့၏ တိုင်ကြားချက်နှင့် ပတ်သက်ပြီး သတင်းဆောင်းပါးနှင့် ရေဒီယိုအင်တာဗျူး တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

တိုင်ကြားချက်တွင် တယ်လီနောအနေဖြင့် အောက်ဖော်ပြပါပုံစံများဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားသည်။

(က) ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ တယ်လီနောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်  စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားသည့် မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနှင့် ဆက်နွှယ်သည့် ဒဏ်ခတ်ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် ပါဝင်ကူညီ ပေးခဲ့သည်။

(ခ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တယ်လီနောသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ၎င်းတို့၏ မြန်မာနိုင်ငံလုပ်ငန်းအား ရောင်းချမှု၏ အစိတ်အပိုင်းအနေဖြင့် M1 Group ၏ ကုမ္ပဏီခွဲတစ်ခုထံ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

(ဂ) တယ်လီနောသည် သုံးစွဲသူများ၏ အန္တရာယ်ကျရောက်လွယ်သည့် အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ICJ Norway ၏ ဘုတ်အဖွဲ့အကြီးအကဲ Terje Einarsen က “နော်ဝေနဲ့ အခြား အနောက်နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဥပဒေတွေအပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုမြှင့််တင်ဖို့၊ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာကို တိုက်ဖျက်ဖို့ အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ နယ်ပယ်အလိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးမြှင့်အသုံးပြုနေချိန်မှာ အခုတိုင်ကြားချက်က အများပြည်သူအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ မြန်မာဒဏ်ခတ်ပိတ်ဆို့မှုတွေကို တယ်လီနောအုပ်စု ချိုးဖောက်မှုရှိမရှိ စုံစမ်းဖော်ထုတ်ရမှာ  ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နော်ဝေရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ထားသည့် များပြားလှသော သက်သေအထောက်အထား များက တိုင်ကြားချက်ကို ပံပိုးထောက်ပံ့ပေးထားသည်။ ယင်းတို့တွင် တယ်လီနောထံမှ စာရွက်စာတမ်းများ၊ မြန်မာ့ဆက်သွယ်ရေးအာဏာပိုင်များနှင့် အပြန်အလှန်ပေးစာများ ပါဝင်သည်။ တိုင်ကြားချက်တွင် ဟွာဝေး၏ အကျိုးဆောင်မှုဖြင့် ဂျာမဏီကုမ္ပဏီ Utimaco GmbH ထံမှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် တရားဝင်ကြားဖြတ်စောင့်ကြည့်ဂိတ်ဝေး “Lawful Interception Gateway (‘LIG’)” ကို ဝယ်ယူခဲ့မှုအပါအဝင် အသေးစိတ် အချိန်ကာလဖော်ပြချက်များ ပါဝင်သည်။ ယင်းစက်ပစ္စည်းများကို ရိုဟင်ဂျာများအပေါ် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော “နယ်မြေရှင်းလင်းရေး” အပြီး များမကြာမီ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။

“တယ်လီနောဟာ စစ်အုပ်စုကို အသက်အန္တရာယ်အထိကျရောက်နိုင်တဲ့ သုံးစွဲသူရဲ့ကွန်ရက် အချက်အလက်ဒေတာတွေ မျှဝေတာအပြင် ကုမ္ပဏီရဲ့ တယ်လီဖုန်းကွန်ရက်တွေကို အချိန်နဲ့အမျှ စောင့်ကြည့်ထောက်လှမ်းနိုင်အောင် မြန်မာစစ်အုပ်စုနဲ့ချိတ်ဆက်ပြီး တရားဝင်ကြားဖြတ် ကိရိယာတွေ တပ်ဆင်ခွင့်ပေးခဲ့တဲ့ တာဝန်မဲ့လုပ်ရပ်ကို သေသေချာချာ ခရေစေ့တွင်းကျ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်” ဟု Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ “နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းက နော်ဝေကုမ္ပဏီ ဒါမှမဟုတ် နိုင်ငံသားတွေကို မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေမှာ ဘယ်လိုနည်းနဲ့မှ ကူညီနေတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုဆီ ဒီစက်ပစ္စည်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေ ရောက်နေတာက မြန်မာနိုင်ငံဆိုင်ရာစည်းမျဥ်းကို ထင်ထင်ရှားရှား ချိုးဖောက် နေတာဖြစ်ပြီး ဒါတွေကို မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ်။ တယ်လီနောဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င်အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့လုပ်ရပ်တွေအပါအဝင် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့လိုပါတယ် ” ဟု ထပ်မံပြောကြားခဲ့ပါသည်။

တယ်လီနော၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခြေအနေ

တယ်လီနော မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ချိန် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီကပင် စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သည့် ကာလရှည်သမိုင်းကြောင်းရှိခြင်း၊ စစ်အုပ်စုနှင့် ရဲတပ်ဖွဲ့တို့သည် အရပ်သားထိန်းချုပ်မှုအောက်တွင်မရှိခြင်း၊ နိုင်ငံသားများအား အီလက်ထရွန်းနစ် စောင့်ကြည့်ထောက်လှမ်းရေးမှ ကာကွယ်ပေးနိုင်သည့် ဥပဒေနှင့် ပြဌာန်းချက်များ ရှိမနေခြင်းတို့သည် အများသိရှိပြီးဖြစ်သည့် အချက်အလက်များ ဖြစ်သည်။ မြန်မာနိုင်ငံသို့ တယ်လီနော မဝင်ရောက်မီကပင် တရားဝင်ကြားဖြတ်ထောက်လှမ်းစောင့်ကြည့်ခြင်း (lawful interception) ဆိုင်ရာလိုအပ်မှုနှင့်ပတ်သက်၍ တယ်လီနောအပေါ် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ တယ်လီနောအနေဖြင့် တင်ကြိုစိစစ်မှုများ ကောင်းစွာပြုလုပ်ခဲ့ပါက ဆက်သွယ်ရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းများသည် အရပ်သားဒီမိုကရေစီ ထိန်းချုပ်မှုမှာ အစစ်အမှန်မဟုတ်ပဲ စစ်အုပ်စုက အာဏာသိမ်းနိုင်သည့် နောက်ဆက်တွဲ အန္တရာယ်များကို သိရှိခဲ့မည် ဖြစ်သည်။ မြန်မာစစ်အုပ်စုသည် အစိုးရဌာနဆိုင်ရာအများအပြားကို အာဏာသိမ်းကြိုးပမ်းမှု မတိုင်မီကပင် ထိန်းချုပ်ထားပြီး ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်နိုင်မှုနှင့်ပတ်သက်၍ ICJ နှင့် ICC တို့တွင် ဆက်လက်အမှု ရင်ဆိုင်နေရဆဲဖြစ်သည်။ တယ်လီနောအနေဖြင့် မည်သည့် ဆက်သွယ်ရေးသုံးစက်ပစ္စည်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် သုံးစွဲသူအချက်အလက်များကိုမဆို စစ်အုပ်စုမှ တောင်းယူနိုင်ကြောင်း သိရှိထားခဲ့သင့်သည်။

ကင်းလွတ်ခွင့်လိုင်စင်ရှိထားခြင်းသည် ဖြစ်နိုင်ဖွယ်ဒဏ်ခတ်ချိုးဖောက်မှုများအတွက် ကာကွယ်မှု ဖြစ်နိုင်ပါသည်။ Justice For Myanmar နှင့် ICJ Norway တို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ စည်းမျဥ်းမှ ကင်းလွတ်ခွင့်အတွက် တယ်လီနောအုပ်စုထံ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနမှ မည်သည့်လိုင်စင် ပေးအပ်ထားကြောင်း မသိရှိရပါ။ ICJ Norway သည် ထိုအကြောင်းနှင့် ပတ်သက်၍ တယ်လီနောထံ မေးမြန်းခဲ့သော်လည်း တယ်လီနောက အဆိုပါလိုင်စင်မျိုး ပေးအပ်ထားကြောင်း ဖော်ပြခြင်း မရှိခဲ့ပေ။ ICJ Norway နှင့် Justice For Myanmar တို့သည် ယခု တိုင်ကြားချက်နှင့် ပတ်သက်၍ နောက်ဆုံးရသတင်းများအရ ဝန်ကြီးဌာနမှ မည်သည့် လိုင်စင် သို့မဟုတ် ကင်းလွတ်ခွင့် မရှိခြင်း သို့မဟုတ် ပေးအပ်ထားခြင်း မရှိဟု ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေပါသည်။

တယ်လီနောအနေဖြင့် နော်ဝေ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ချိုးဖောက်ခဲ့ပါက တရားရုံးရှေ့မှောက်တွင် တာဝန်ခံရမည် ဖြစ်သည်။


pdf ဖိုင် ရယူရန် in English | Myanmar

မူရင်းပို့စ်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia