ရှစ်နှစ်တိုင်ခဲ့ပြီ – ရိုဟင်ဂျာများအတွက် အကာအကွယ်ပေးရေးနှင့် တရားမျှတမှုရရှိရေးသည် နှောင့်နှေးမနေသင့်ပေ

ရှစ်နှစ်တိုင်ခဲ့ပြီ – ရိုဟင်ဂျာများအတွက် အကာအကွယ်ပေးရေးနှင့် တရားမျှတမှုရရှိရေးသည် နှောင့်နှေးမနေသင့်ပေ

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့

ရှစ်နှစ်တိုင်ခဲ့ပြီ – ရိုဟင်ဂျာများအတွက် အကာအကွယ်ပေးရေးနှင့် တရားမျှတမှုရရှိရေးသည် နှောင့်နှေးမနေသင့်ပေ

ရခိုင်ပြည်နယ်ရှိ မြင့်တက်လာနေသော ငတ်မွတ်ခေါင်းပါးမှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများ အတွက် ညှိနှိုင်းဆောင်ရွက်မှုရှိသော နိုင်ငံတကာ လုပ်ဆောင်ချက်ကို ရေးတကြီးလိုအပ်နေသည်

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်အုပ်စုက ကျူးလွန်ခဲ့သော ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်မှု ရှစ်နှစ်ပြည့်သည့်ယခုအချိန်တွင် မိမိတို့ သွေးစွန်းငွေလှုပ်ရှားမှု၊ Defend Myanmar Democracy နှင့် ရှေ့ပြေးအသံအဖွဲ့တို့က ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်းကို ထပ်လောင်း အတည်ပြုပြောကြားလိုက်သည်။ မိမိတို့သည် ရိုဟင်ဂျာများနှင့် အတူတကွရပ်တည်ပြီး အကာအကွယ် ပေးရေး၊ တရားမျှတမှုရရှိရေး၊ နှင့် ဘေးကင်းလုံခြုံမှုရှိပြီး မိမိသဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိဖြင့် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အမိမြေကို နေရပ်ပြန်နိုင်ရေးအတွက် ၎င်းတို့နှင့်အတူ စည်းရုံးလှုံ့ဆော်ရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့သော နေရပ်ပြန်ရေးသည် စစ်မှန်ပြီး အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကို တည်ဆောက်နိုင်မှသာ ဖြစ်နိုင်လိမ့်မည် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာများအတွက် အထောက်အပံ့များ ပြန်လည်ပံ့ပိုးပေး ရန်နှင့် တိုးမြှင့်ပေးရန်၊ ရခိုင်ပြည်နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်အကူအညီပေးရေးကို အကောင်အထည် ဖော် လုပ်ဆောင်ရန်၊ ဆက်လက်ဖြစ်ပွားနေသော လူမျိုးသုဥ်းသတ်ဖြတ်မှုအား ရပ်တန့်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသည့် လမ်းကြောင်းများအားလုံးမှတစ်ဆင့် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး  တိုးမြင့်ဆောင်ရွက်ရန်၊ နှင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီရေး မျှော်မှန်းချက်များကို အခိုင်အမာထောက်ခံအားပေးရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court – ICC) အနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီးနိုင်ရေး ဖမ်းဝရမ်းထုတ်ပြန်ရန် မိမိတို့မှ အဓိကထားတောင်းဆိုခဲ့ပြီး  ICC ၏ တရားစွဲအရာရှိများအနေဖြင့်  အခြားသော ကျူးလွန်သူများကိုလည်း အချိန်နှောင့်နှေးမှုမရှိဘဲ  ဖမ်းဝရမ်းထုတ်ပြန်ပေးရေးလျှောက်ထားရန် အားဂျင်တီးနား၏ ဦးဆောင်မှုနှင့်အတူ မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် ပိုမိုဆိုးရွားလာနေသော အကျပ်အတည်းများ

မြန်မာစစ်အုပ်စုသည် လွန်ခဲ့သောရှစ်နှစ်ခန့်က ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် ကြိုတင်ရည်ရွယ်ချက်ရှိပြီး ကြောက်မက်ဖွယ်ကောင်းသည့် လူမျိုးသုဥ်းသတ်ဖြတ်မှုတစ်ရပ် ကျူးလွန်ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ကျယ်ပြန့်သောမုဒိမ်းမှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပုံစံများ၊ ညှဥ်းပန်းနှိပ်စက်မှုများနှင့် ရွာများကို စနစ်တကျ ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့သည်။ “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး” အမည်ခံ အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ ဦးရေ ၇၅၀,၀၀၀ ကျော်သည် စစ်တပ်၏ ဖိနှိပ်ညှဥ်းပန်းမှုများကြောင့် ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာ ဦးရေ ၃၀၀,၀၀၀ ကျော်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ယနေ့အချိန်တွင် ရိုဟင်ဂျာတစ်သန်းနီးပါးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ပြည့်ကျပ်ပြီး ဘေးကင်းလုံခြုံမှု မရှိသော ဒုက္ခသည်စခန်းများတွင် ဆိုးရွားလှသော လူမဆန်သည့်အခြေအနေများကို ရင်ဆိုင်ခံစားနေကြရသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲတွင် ငတ်မွတ်ခေါင်းပါးမှုကို ၎င်း၏ လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် လက်နက်သဖွယ် အသုံးချနေပြီး ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်း သတ်ဖြတ်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေလျက်ရှိသည်။ စစ်အုပ်စုသည် လွန်ခဲ့သော နှစ်များကတည်းက ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားသော အခြေခံလိုအပ်ချက်များ ပေးပို့မှုကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။ တစ်ချိန်တည်းတွင် စစ်အုပ်စုသည် ရိုဟင်ဂျာရွာများအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်း၊ ရိုဟင်ဂျာလူငယ်နှင့် အမျိုးသားများကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများအပေါ် အတင်းအကြပ်ငွေညှစ်ခြင်း များကို ဆက်လက်လုပ်ဆောင်နေသည်။

အာရက္ခတပ်တော် (Arakan Army – AA) ကလည်း မီးရှို့ခြင်း၊ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရစေခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ လှုပ်ရှားသွားလာခွင့်နှင့် စိုက်ပျိုးရေးတို့အပေါ် ကန့်သတ်ခြင်း၊ နှင့် အဓမ္မစစ်မှုထမ်းခိုင်းခြင်းတို့  အပါအဝင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် ဆိုးရွားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်။ မကြာသေးမီက ဘူးသီးတောင်မြို့တွင် တွေ့ရှိခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် AA က ၂၀၂၄ ခုနှစ် မေလ ၂ ရက်နေ့တွင် ရာနှင့်ချီသော ရိုဟင်ဂျာများကို သတ်ဖြတ်ထားခဲ့သည့်နေရာဖြစ်ကြောင်း ဖော်ပြနေပြီး ယင်းက  ရိုဟင်ဂျာများအပေါ် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများ မဖြစ်ပေါ်စေရေး ကာကွယ်တားဆီးနိုင်ရန် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုတို့ဆီ ဦးတည်ဆောင်ရွက်ရန် လိုအပ်ကြောင်း အရေးတကြီး ဖော်ပြနေသည်။

ရခိုင်ပြည်နယ်အနှံ့ရှိ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းများသည် စစ်အုပ်စုနှင့် AA တို့၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှဥ်းပန်းမှုသံသရာထဲတွင် ပိတ်မိနေကြရကာ၊ အစာရေစာပြတ်လပ်ကာ အငတ်ဘေးဆိုက်နေသည့် ကူကယ်ရာမဲ့ ဒုက္ခတွင်းဝသို့ ရောက်နေပြီ ဖြစ်သည်။ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေများ၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ ရန်ပုံငွေများ ကြီးကြီးမားမား ဖြတ်တောက်လိုက်ခြင်းက ရိုဟင်ဂျာများ ခံစားနေရသည့် အတိဒုက္ခကို သိသိသာသာ ပိုမိုဆိုးရွားလာစေပြီး ဆာလောင်ငတ်မွတ်မှုနှင့် အာဟာရပြတ်လပ်မှုတို့ကို ဆိုးရွားစွာ မြင့်တက်လာစေသည်။ ၂၀၂၅ ခုနှစ် ဧပြီလနှောင်းပိုင်းထိ Burmese Rohingya Organisation UK အဖွဲ့၏ ပြောကြားချက်အရ “[ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ] ၇၀ ရာခိုင်နှုန်းလောက်အထိသည် စစ်တွေရှိ [အကျယ်ချုပ်ကျခံနေရသည့်] စခန်းအချို့တွင် စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရကြောင်း ထုတ်ဖော်တင်ပြထားပြီး” အဆိုပါစခန်းများတွင် ရိုဟင်ဂျာ ဦးရေ ၁၁၂,၀၀၀ နီးပါးသည် နိုင်ငံတကာ အထောက်အပံ့ကိုသာ အပြည့်အဝ မှီခိုနေကြရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည့် အခြေအနေတွင်ရှိနေပြီး လူဦးရေ တစ်သန်းကျော်သည် အလွန်အမင်းဆိုးရွားလှသော စားနပ်ရိက္ခာ ပြတ်တောက်မှု၊ အကြမ်းဖက်မှု၊ အင်တာနက်ဖြတ်တောက်မှုများ၊ နှင့် လှုပ်ရှားသွားလာခွင့်အပေါ် ကြီးမားသော ကန့်သတ်မှုများကို ရင်ဆိုင်ခံစားနေကြရသည်။ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အတွက် ရန်ပုံငွေများ ဖြတ်တောက်ခံလိုက်ရသည့် အညှာအတာကင်းမဲ့သော အကူအညီ ထောက်ပံ့မှုများ ဖြတ်တောက်မှုက ကြီးမားလှသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို အရှိန်မြင့်တက်လာစေကာ၊ ဒုက္ခသည်များ၏ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားနေမှုကို ပိုမို၍ပင် ဆိုးရွားလာစေခဲ့သည်။ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ထောင်နှင့်ချီသော သင်ကြားရေးစင်တာများ ပိတ်လိုက်ခြင်းက ကျောင်းနေအရွယ် ရိုဟင်ဂျာကလေး ၄၃၇,၀၀၀ ဦးအတွက် ဆိုးရွားနေပြီးသား အခြေအနေတွင် ရှိနေသည့်ပညာရေးအကျပ်အတည်းကို ပို၍ပင်ကျပ်တည်းလာစေကာ၊ ကလေးသူငယ် များအား ကျောင်းမှစွန့်ခွာသွားစေခြင်း၊ နှင့် လက်နက်ကိုင်အုပ်စုများနှင့် လူကုန်ကူးသူများလက်ထဲသို့ ရောက်ရှိသွားစေရန် တွန်းပို့နေသည်။ အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ပြိုကျသွားခြင်းကြောင့် ဒုက္ခသည်ပေါင်းများစွာအတွက် အသက်ကယ်ဆေးကုသမှုပေးရန် သို့မဟုတ် အခြေခံဆေးဝါးများ လက်လှမ်းမီရရှိနိုင်ရေး ကင်းမဲ့သွားချိန်သည့်တစ်ချိန်တည်းတွင် ဒုက္ခသည်လူ ဦးရေ၏ ၇၅ ရာခိုင်နှုန်းရှိသည့် အမျိုးသမီးနှင့် ကလေးသူငယ်များအတွက်မူ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် အခြားဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှု အန္တရာယ်များကျရောက်နိုင်ခြေ မြင့်မားလျက် ရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂ အနေဖြင့် ရိုဟင်ဂျာများကို ကာကွယ် ပေးရန်အတွက် ယခုချက်ချင်း ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအပါအဝင် ရိုဟင်ဂျာများအတွက် အထောက်အပံ့များကို ချက်ချင်းပြန်လည်ပံ့ပိုးပေးရန်နှင့် တိုးမြှင့်ပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆို လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်းသို့ နယ်စပ်ဖြတ်ကျော်အကူအညီများကို ချက်ချင်း အကောင်အထည်ဖော် ပို့ဆောင်ရမည်ဖြစ်ပြီး၊ ယင်းနိုင်ငံတကာအထောက်အပံ့များသည် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာလူမှုအသိုင်း အဝိုင်းများထံ ရောက်ရှိစေရေး သေချာစွာ ဆောင်ရွက်ရမည် ဖြစ်သည်။

နိုင်ငံတကာတရားမျှတမှု၊ ရိုဟင်ဂျာများကို တရားဝင် အသိအမှတ်ပြုမှု

ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာဖြင့် မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ မြန်မာနိုင်ငံအတွင်း နေရပ်ပြန်နိုင်ရန်အတွက် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေးသည် အလွန်ပင် အရေးကြီးသည်။ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှု ကျူးလွန်သူများကို ဖြစ်နိုင်ခြေရှိသည့် လမ်းကြောင်းအားလုံးမှ နှောင့်နှေးကြန့် ကြာမှုမရှိဘဲ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအတွက် တရားစီရင်ရေးမဏ္ဍိုင်က စုံစမ်းနေဆဲဖြစ်စဥ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာစစ်ဘက်ခေါင်းဆောင်များနှင့် အရပ်သားအစိုးရတာဝန်ရှိသူ ၂၅ ဦးတို့ကို အာဂျင်တီးနားတရားရေးစီရင်းရေးက ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းကို မိမိတို့မှ ကြိုဆိုသည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာစစ်အုပ်စုအပေါ် ပထမဆုံးအကြိမ်ထုတ်ပြန်သော ဖမ်းဝရမ်းဖြစ်သည်။ အလားတူပင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့စွဲဖြင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ပြန်ပေးရန် ICC ၏ တရားစွဲအရာရှိရုံးက သမိုင်းဝင် လျှောက်ထားမှုကိုလည်း မိမိတို့မှ ချီးကျူးထောက်ခံသည်။ ထိုလုပ်ဆောင်မှုများသည် ရိုဟင်ဂျာများ တရားမျှတမှုရရှိရန်အတွက် အလွန်အရေးကြီးပြီး ထိရောက် အားကောင်းသော ခြေလှမ်းများ ဖြစ်သည်။

ICC တရားသူကြီးများအနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရေး တရားစွဲအရာရှိ၏ လျှောက်ထားချက်ကို အမြန်ဆုံးခွင့်ပြုပေးရန်နှင့် ဖမ်းဝရမ်းထုတ်ပြန်ပေးရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ ထို့အပြင် တရားစွဲအရာရှိများအနေဖြင့် နောက်ထပ်ကျူးလွန်သူများကိုလည်း ဖမ်းဝရမ်းထုတ်ပြန်ပေးရေး လျှောက်ထားရန် မိမိတို့မှ တောင်းဆိုလိုက်သည်။ အလားတူ မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်ခဲ့သူများမှ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး အရေးယူဆောင်ရွက်ရန်  မြန်မာပြည်သူများ၏ နိုင်ငံတကာ၏ အားထုတ်ကြိုးပမ်းနေမှုကို ထောက်ပံ့ကူညီပြီး အမြန်ဆုံးဖြစ်လာစေရေး ဆောင်ရွက်ပေးရန် မိမိတို့မှ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုသည်။ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးအတွက် ခိုင်မာအားကောင်းသည့် ထပ်တိုးလုပ်ဆောင်ချက်များ၊ အမည်တပ်ပြောရလျှင် ရောမစာချုပ် ပုဒ်မ ၁၄ အရ သဘောတူညီထားသော စာချုပ်အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ICC သို့ လွှဲပြောင်းပေးခြင်းကို လုပ်ဆောင်ရမည်ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီမှတစ်ဆင့် ဘေးကင်းလုံခြုံသော နေရပ်ပြန်ခြင်း၊ တန်းတူညီမျှသော ရပိုင်ခွင့်

ရိုဟင်ဂျာများ နေရပ်မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေးသည် မြန်မာပြည်သူများ၏ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး စုပေါင်းရည်မှန်းချက်ပန်းတိုင်နှင့်လည်း ခွဲထုတ်၍မရအောင် ချိတ်ဆက်နေသည်။ ရိုဟင်ဂျာများအတွက် တန်းတူရပိုင်ခွင့်၊ တရားမျှတမှုနှင့် နိုင်ငံသားပြန်လည်ရရှိခွင့်တို့ကို အာမခံချက်ပေးနိုင်သည့် ဒီမိုကရေစီစနစ်က သာလျှင် ရိုဟင်ဂျာများ ၎င်းတို့၏ ဇာတိမြေသို့ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ မြန်မာစစ်အုပ်စုကို ဖြုတ်ချရေးအပါအဝင် ယင်းကဲ့သို့သော စနစ်ပိုင်းအပြောင်းအလဲမရှိလျှင် ဖိနှိပ်ညှဥ်းဆဲမှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ဖြစ်ပွားစေသည့် အဆောက်အအုံများနှင့် အင်စတီကျူးရှင်းများမှာ ဆက်လက်ရှိနေမည်ဖြစ်ပြီး ရိုဟင်ဂျာများအတွက် အကြမ်းဖက်မှုများနှင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများကို ထပ်မံတလဲလဲ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားစေလိမ့်မည် ဖြစ်သည်။ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို အောက်ခြေမှအထက်သို့ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူ များ၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီထောက်ပံ့ပေးမည့် ခိုင်မာသော လုပ်ဆောင်ချက်များ ဆောင်ရွက်ပေးရန် မိမိတို့မှ တိုက်တွန်းတောင်းဆို လိုက်သည်။

မိမိတို့သည် ဆက်လက်၍ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်းနှင့် သွေးစည်းညီညွတ်စွာ ရပ်တည်ပြီး မိမိတို့၏ စုံလင်ကွဲပြားမှုနှင့် ဘုံလူသားဖြစ်တည်မှုတို့ကို ဂုဏ်ပြုခြင်း၊ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း၊ ထောက်ခံအားပေးခြင်းနှင့် တန်းတူညီသော ဂုဏ်သိက္ခာနှင့် ရပိုင်ခွင့်ကို အသိအမှတ်ပြုခြင်းတို့ကို အခြေခံသည့် အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် ကတိကဝတ်ပြုသည်။

ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်


PDF ဖိုင်ကိုရယူရန် မြန်မာဘာသာEnglish.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia