APF မှ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ထုတ်ပယ်လိုက် ခြင်းသည် မူအပေါ်ကို အခြေခံသောခြေတစ်လှမ်းကို တိုးတက်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး SEANF အနေဖြင့် အလားတူဆောင်ရွက်မှုကို လုပ်ဆောင်သင့်သည်

APF မှ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ထုတ်ပယ်လိုက် ခြင်းသည် မူအပေါ်ကို အခြေခံသောခြေတစ်လှမ်းကို တိုးတက်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး SEANF အနေဖြင့် အလားတူဆောင်ရွက်မှုကို လုပ်ဆောင်သင့်သည်

သတင်းထုတ်ပြန်ချက်

APF မှ စစ်အုပ်စုထိန်းချုပ်ထားသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ထုတ်ပယ်လိုက် ခြင်းသည် မူအပေါ်ကို အခြေခံသောခြေတစ်လှမ်းကို တိုးတက်ဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး SEANF အနေဖြင့် အလားတူဆောင်ရွက်မှုကို လုပ်ဆောင်သင့်သည်

[၂၀၂၅ ခုနှစ်၊ သြဂုတ်လ၊ ၇ ရက်] နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အာရှ-ဖစိဖိတ်ဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) က စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကောင်မရှင် (Myanmar National Human Rights Commission – MNHRC) အား ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းကို လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများအလုပ်အဖွဲ့ (မြန်မာ) (အလုပ်အဖွဲ့) နှင့် အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) တို့မှ အသိအမှတ်ပြုသည်။

APF ၏ ဆုံးဖြတ်ချက်သည် မူအပေါ်ကိုအခြေခံပြီး မှန်ကန်သောလားရာသို့ ဦးတည်သော ခြေလှမ်းတစ်ရပ် ဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) အနေဖြင့်လည်း အလားတူလုပ်ဆောင်၍ MNHRC ကို ၎င်းတို့၏ ကွန်ရက်မှ ချက်ချင်းဖယ်ရှားရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

ဖြစ်စဥ်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (Global Alliance of National Human Rights Institutions – GANHRI) ၏ MNHRC အပေါ် အရည်အသွေးသတ်မှတ်မှုကို ဖယ်ရှားလိုက်ခြင်းနှင့် ယင်း၏နောက်ဆက်တွဲအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ တွင် GANHRI ၏ အဖွဲ့ဝင်အဖြစ်မှပါ ထုတ်ပယ်လိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီးနောက် APF ကလည်း ၂၀၂၅ ခုနှစ် မေလတွင် MNHRC ကို ၎င်းတို့ ဒေသတွင်းလူ့အခွင့်အရေးကွန်ရက်မှ တရားဝင် ဖယ်ရှားခဲ့သည်။

APF ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဖွဲ့ဝင် အပြည့်အဝဖြစ်သည့် NHRI များသည် နိုင်ငံတကာစံနှုန်းဖြစ်သည့် ထိရောက်မှုရှိပြီး၊ ယုံကြည်စိတ်ချရမှုရှိကာ အမှီအခိုကင်းသော NHRI များအဖြစ် ပါရီအခြေခံမူများကို အပြည့်အဝ လိုက်နာမှုရှိကြောင်း ဖော်ပြသည့် “A” အဆင့်သတ်မှတ်ချက်ကို GANHRI ထံမှ ရရှိထားကြသည်။ “B” အဆင့် သတ်မှတ်ချက်ရရှိသော အဖွဲ့ဝင်များမှာမူ ပါရီအခြေခံမူများကို တစ်စိတ်တစ်ပိုင်း လိုက်နာမှုရှိသည့်အတွက်  တွဲဘက်အဖွဲ့ဝင် သာ ဖြစ်ခွင့်ရှိသည်။

APF သည် ၎င်းတို့၏ကွန်ရက်အတွင်း အဖွဲ့ဝင်အဆင့်ကို သတ်မှတ်ပိုင်းဖြတ်ရာတွင် GANHRI ၏ အရည်အသွေး သတ်မှတ်ချက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို အသုံးပြုသည်ဖြစ်ရာ GANHRI က MNHRC ၏ အရည်အသွေးသတ်မှတ်ချက်ကို ဖယ်ရှားလိုက်ပြီးနောက် APF ကလည်း MNHRC ကို ထုတ်ပယ်လိုက် ခြင်းသည် အရေးကြီးပြီး အမှန်တကယ် လိုအပ်သော လုပ်ဆောင်ချက် ဖြစ်သည်။

MNHRC ၏ အရည်အသွေးသတ်မှတ်ချက်ကို GANHRI က ဖယ်ရှားလိုက်ပြီး ငါးလကြာပြီးနောက် APF က ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးဆုံးဖြတ်ချက်ကို အဆုံးသတ် ချမှတ်ခဲ့သည်။ အချိန်အတော်နောက်ကျပြီးမှ ဖြစ်လာသော်လည်း မူအပေါ်ကို အခြေခံသော ယင်းဆုံးဖြတ်ချက်သည် အလုပ်အဖွဲ့နှင့် ANNI တို့၏ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ လေးနှစ်ကျော်ကြာ စဥ်ဆက်မပြတ် စည်ရုံးလှုံ့ဆော်ကြိုးပမ်းမှုများနှင့် ထပ်မံတလဲလဲ တောင်းဆိုမှုများ၏ ရလဒ်ဖြစ်သည်။

MNHRC က စစ်အုပ်စုကို မည်သို့ ပံ့ပိုးပေးနေသနည်း

မြန်မာစစ်အုပ်စုသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းရန်ကြိုးပမ်းချိန်ကတည်းက မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေလျက်ရှိရာ လူပေါင်း ၇၀၀၀ ကျော်အား သတ်ဖြတ်ခဲ့ခြင်း၊ နေအိမ်ပေါင်း ၁၁၀,၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅,၀၀၀ ကျော်ကို လုပ်ဆောင်ခဲ့ပြီး ယင်းတို့အနက် အများစုမှာ အရပ်သားပြည်သူများကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

MNHRC သည် အဆိုပါရာဇဝတ်မှုများတွင် အလိုတူအလိုပါ ဖြစ်ကာ စစ်အုပ်စု၏ မှားယွင်းသော ထုတ်ဖော်ပြောဆိုမှုများကို သံယောင်လိုက်ခြင်းအားဖြင့် ထိုရာဇဝတ်မှုများကို ဖုံးကွယ်ပေးနေခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသည့် ကျူးလွန်သူများကို မှားယွင်းသော တရားဝင်မှု ပေးနေသည်။

MNHRC သည် လေးနှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ ဆိုးရွားပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အစဥ်တစိုက် ရေငုံနှုတ်ပိတ်နေခဲ့ပြီး တစ်စုံတရာကိုင်တွယ်ဆောင်ရွက်မှု မရှိခြင်းအားဖြင့် ပါရီအခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာခဲ့သည်။ ထို့အပြင် စစ်အုပ်စုကို ထောက်ခံကြောင်းလည်း ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြသခဲ့သည်။

ရှေ့ပြေးအသံအဖွဲ့၏ ဥက္ကဋ္ဌ၊ အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ  ဒေါ်ခင်ဥမ္မာက “စစ်အုပ်စုက ခန့်အပ်ထားတဲ့ MNHRC ကို ဖယ်ရှားဖို့အတွက် ကျမတို့ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ APF ရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးတော့ မူအပေါ်ကိုအခြေခံတဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို ပြသလိုက်ပြီးပဲ ဖြစ်ပါတယ်။ APF ဟာ MNHRC ရဲ့ ပါရီအခြေခံမူတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖုံးကွယ်ပေးနေတဲ့ လုပ်ရပ်တွေအပေါ် ဆက်လက်သည်းမခံတော့ဘဲ ကွန်ရက်ရဲ့ ဂုဏ်သိက္ခာအပေါ် ရပ်တည်လိုက်နာကြောင်းကို ဒီဆုံးဖြတ်ချက်ကနေတစ်ဆင့် မြန်မာပြည်သူတွေကို ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာပဲ ဖြစ်တယ်။”

“ဒီလုပ်ဆောင်မှုဟာ အချိန်နောက်ကျပြီးမှ ဖြစ်လာတယ်ဆိုပေမယ့် လူ့အခွင့်အရေးနဲ့ တာဝန်ယူမှု တာဝန်ခံမှုအပေါ် ထားရှိတဲ့ APF ရဲ့ ကတိကဝတ်ကိုဖော်ပြတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ MNHRC ဟာ ပြန်ပြင်လို့ မရတော့တဲ့ မြန်မာစစ်အုပ်စုရဲ့ ကြိုးဆွဲရာအဖွဲ့ဖြစ်တယ်။ ဒေသတွင်း NHRI တွေနဲ့ ကွန်ရက်အားလုံးဟာ MNHRC အပေါ် ဘယ်လိုထောက်ခံမှု၊ ဘယ်လိုထိတွေ့ဆက်ဆံမှုမျိုးမဆို ရပ်တန့်ရပါမယ်။ အကယ်လို့ အရင်လို ဆက်ပြီး ဆက်ဆံနေမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့  ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ်နဲ့ ကျရောက်သွားစေမယ့် အန္တရာယ်ရှိနေပြီး သူတို့ရဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေမှာ ဖြစ်တယ်။” ဟု ပြောကြားသည်။

ANNI ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် FORUM-ASIA အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Mary Aileen Diez-Bacalso က “တစ်ကမ္ဘာလုံးနဲ့ ဒေသတွင်းက NHRI တွေက စစ်အုပ်စုထိန်းချုပ်ထားတဲ့ MNHRC ဟာ လက်မခံနိုင်စရာဖြစ်တယ်၊ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ အသိအမှတ်ပြုတာဟာ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုကို မြှင့်တင်ရေးမှာ အလွန်အရေးပါ ပါတယ်။ တခြားသော နိုင်ငံတကာနဲ့ ဒေသတွင်း အစုအဖွဲ့တွေ၊ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ SEANF တို့ကိုလည်း ယုံကြည်စိတ်ချရမှုနဲ့ ပြည်သူလူထုယုံကြည်မှုကို ထိန်းသိမ်းဖို့အတွက် ဂုဏ်သိက္ခာပျက်ပြားနေတဲ့ MNHRC နဲ့ ထိတွေ့ဆက်ဆံမှု မလုပ်ရေး ခြေလှမ်းတွေ ချက်ချင်းချမှတ်ဆောင်ရွက်ဖို့ ကျမတို့က တောင်းဆိုပါတယ်။” ဟု ပြောကြားသည်။

မျိုးဆက်လှိုင်းအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ၊ အလုပ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ ကိုဘိုဘိုကလည်း “အချိန် နောက်ကျပြီးမှ ဖြစ်ပေါ်လာတဲ့ APF ရဲ့ ဆုံးဖြတ်ချက်ဟာ SEANF အတွက် တူညီတဲ့မူအပေါ်မှာ ရပ်တည်ပြီး MNHRC ကို သူတို့ရဲ့ လူ့အခွင့်အရေးကွန်ရက်ကနေ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ဖယ်ရှားဖို့ အရေးကြီးတဲ့ တွန်းအားတစ်ရပ် ဖြစ်သင့်တယ်။ လူ့အခွင့်အရေးကွန်ရက်တစ်ခုဖြစ်တဲ့  SEANF ဟာ ယုံကြည်စိတ်ချရမှုနဲ့ ဂုဏ်သိက္ခာတို့အတွက် ဒါကို လုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ APF ကနေ MNHRC ကို ဖယ်ရှားလိုက်တာဟာ MNHRC ရဲ့ ပါရီအခြေခံမူတွေအပေါ် လိုက်နာမှုမရှိခြင်း၊ အန္တရာယ်ရှိတဲ့ လူသတ်စစ်အုပ်စုနဲ့ ပူးပေါင်းနေမှုအပေါ်  တစိုက်မတ်မတ် ထုတ်ဖော်ရှုတ်ချလာခဲ့တဲ့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေရဲ့ အသံကို ပဲ့တင်ထပ်ပေးလိုက်တာပဲ ဖြစ်တယ်။”

“SEANF နဲ့ ဒေသတွင်း NHRI တွေဟာ ဒီအသံတွေကို ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ တရားမဝင်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုစစ်ဆင်ရေးကို ဆက်လက်ခံစားနေကြရချိန်မှာတောင် ပါရီအခြေခံမူ တွေအပေါ် အခြေခံတဲ့ အမှန်တကယ် လွတ်လပ်အမှီအခိုကင်းပြီ ယုံကြည်စိတ်ချရတဲ့ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနတစ်ရပ်ကို တည်ဆောက်ဖို့ လုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် ဒေသတွင်း NHRI ကွန်ရက်တွေအနေနဲ့ မြန်မာနိုင်ငံက အရပ်ဘက်လူထုအဖွဲ့အစည်းတွေနဲ့ အတူတကွရပ်တည်ဖို့ ပိုပြီး အရေးတကြီးလိုအပ်နေသလို မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်ဝတ္တရားလည်း ရှိတယ်။” ဟု ပြောကြားသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (အလုပ်အဖွဲ့) – WG_NHRI@protonmail.com
  • ANNI Secretariat, FORUM-ASIA; anni@forum-asia.org

ANNI အကြောင်း

အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းများကွန်ရက် ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) များနှင့် ဆက်စပ်သည့် ကိစ္စအရေးများကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်၌ ANNI တွင် နိုင်ငံ သို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ဖွဲ့ ရှိသည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ်မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအားကောင်း လာစေရေးကို အလေးထားလုပ်ဆောင်နေသူများ ဖြစ်ကြသကဲ့သို့ ထို NHRI များမှ ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHRI-SCA ၏ အထွေထွေလေ့လာဆန်းစစ်ချက်အပါအဝင် နိုင်ငံတကာစံနှုန်းများကို ပို၍ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ဆော်လျက် ရှိသည်။ ANNI ကွန်ရက်ကို ၎င်း တည် ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးထားသည်။

ပိုမိုသိရှိလိုပါက http://l.forum-asia.org/ANNI

အလုပ်အဖွဲ့ အကြောင်း

လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (အလုပ်အဖွဲ့) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနအသစ်တစ်ခုဖြင့် အစားထိုး တည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခု ဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထု အဖွဲ့အစည်းများ အလုပ်အဖွဲ့ဟု သိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏ တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်ဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သော ကော်မရှင်ဖြစ်လာစေရန် တစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သည်။

ပိုမိုသိရှိလိုပါက https://www.facebook.com/WGonNHRIBurma


PDF ဖိုင်ရယူရန် မြန်မာဘာသာEnglish.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia