(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ချက်

(၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ချက်

၁။   ၂၀၂၅ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့၌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် “အားလုံး ပါဝင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သော (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် မြန်မာ့အရေးအပေါ် ဆက်လက်အလေးထားသည့်ဖော်ပြချက်များ ထည့်သွင်းပါဝင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။

၂။  မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက်တွင် ငလျင်ဘေးသင့်မြန်မာပြည်သူများထံသို့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တပြေးညီ ရောက်ရှိစေရေး တို့အတွက် AHA Centre မှတဆင့် အာဆီယံ၏ စုပေါင်းတုံ့ပြန်မှုနှင့် လျင်မြန်စွာ ကူညီဆောင်ရွက် ပေးမှုများကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါသည်။ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ဆောင်မှုကို ပြန်လည်သုံးသပ်ပြီး၊ (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ အကြံပြုချက်များ တင်ပြရန်နှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍ စဉ်ဆက်မပြတ်ရှိနေစေရန်အတွက် ဗျူဟာအသစ်များ ရှာဖွေရန် တာဝန်ပေးအပ်ခဲ့မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုပါသည်။

၃။ အဆိုပါပူးတွဲကြေညာချက်တွင် အာဆီယံ၏ မြန်မာနိုင်ငံတွင်းပဋိပက္ခများ ပိုမိုမြင့်တက်လာမှု နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန် ကြောင်းဖော်ပြချက်၊ အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ရှုတ်ချချက်နှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်အတွက် တိကျခိုင်မာသော ဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းချက်များ ပါဝင်သော်လည်း၊ အာဆီယံအနေဖြင့် ကြီးလေးသည့် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနှင့် ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိ သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာစိတ်ပျက်ရပါသည်။

၄။  အာဆီယံက ဘုံသဘောတူညီချက် (၅) ရပ်အား အာဆီယံ၏ အဓိကရည်ညွှန်းချက်အတွက် အတည်ပြုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်အသိပေးခဲ့သော်လည်း၊ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်ရက်စက်မှုများကို ဆိုးရွားကျယ်ပြန့်စွာ ဆက်လက်ကျူးလွန်လျက်ရှိပြီး၊ အဆိုပါပူးတွဲကြညာချက်ထုတ်ပြန်သည့်နေ့ရက်၌ပင် စစ်ကိုင်း ဖက်ဒရယ်ယူနစ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား (၃၀) ကျော် သေဆုံးခဲ့ရပါသည်။

၅။  ဤကဲ့သို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအားကြံစည်နေမှုမှာ အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုများ အဆုံးသတ် ရေးဟူသော အချက်ကို ဆန့်ကျင်နေသည်မှာ ထင်ရှားပါသည်။ သို့သော်လည်း အာဆီယံအနေဖြင့် ယင်းတရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိသည့် အတွက် အကြမ်းဖက်စစ်အုပ်စုအား သွယ်ဝိုက်၍ အကာအကွယ်ပေးနေသည့် သဘောသက်ရောက် နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ရှုမြင်ပါသည်။

၆။ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် စတင်တာဝန်ယူခဲ့သည့်အချိန်မှစတင်၍ H.E. Tan Sri Othman Hashim သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံများ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူများနှင့် တတ်သိပညာရှင်များနှင့် ထိတွေ့ချိတ်ဆက် ဆောင်ရွက်လျက်ရှိသော်လည်း၊ မြန်မာနိုင်ငံသို့ သွားရောက်၍ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံ၏ တရားဝင် ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအပေါ် စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေသည့်အချက်က အာဆီယံ၏ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတွင် အကန့်အသတ်များစွာ ရှိနေကြောင်းကို ဖော်ပြရာရောက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ရှုမြင်ပါသည်။

၇။  သို့ဖြစ်ပါ၍ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ပဋိပက္ခအား အမှန်တကယ် ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရာ၌ မြန်မာပြည်သူများ၏ ပြင်းပြသော စိတ်ဆန္ဒနှင့် နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်များကို အပြည့်အဝ နားလည်စာနာရန်၊ အကြမ်းဖက်စစ်အုပ်စု၏ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အကြမ်းဖက်မှုများကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည်ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနှင့် လူထုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေး တို့ကို အဟန့်အတား ဖြစ်စေခဲ့ရသည့် အခြေအနေကို ကောင်းစွာလက်ခံကာ၊ အကြမ်းဖက်စစ်အုပ်စုအား ဖိအားပေး အရေးယူမှုနှင့်  လက်တွေ့ကျသင့်လျော်သည့် ဆောင်ရွက်မှုများ အပါအဝင် လိုအပ်သည့် မဟာဗျုဟာ များ ချမှတ်ဆောင်ရွက်သွားပါရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် တိုက်တွန်းအပ် ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


pdf ဖိုင် ရယူရန် in English | Myanmar

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia