28 June 2025

စစ်လက်နက်ထုတ်လုပ်ရေးဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေး
အစီရင်ခံစာ အပိုင်း – ၁
မြန်မာစစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုတစ်ခု လုပ်ဆောင်ခဲ့ခြင်း လေးနှစ်ကျော် ကြာမြင့်လာသည့် အချိန်တွင် ဘယ်လာရုစ်နိုင်ငံသည် စစ်လက်နက်များ၊ စစ်သုံးပစ္စည်းများ၊ စစ်အုပ်စု၏ နည်းပညာဆိုင်ရာ စွမ်းရည်များနှင့် ပြည်တွင်းစစ်လက်နက်လုပ်ငန်းများစွမ်းရည်များ တိုးမြှင့်နိုင်မည့် လေ့ကျင့်သင်ကြားမှုများ ပေးအပ်ကာ စစ်အုပ်စုနှင့် ဆက်ဆံရေးကို ပို၍နက်ရှိုင်းစွာ တည်ဆောက် လာခဲ့သည်။
Justice For Myanmar ၏ သုတေသနတွင် စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် စစ်ဆင်ရေးဆင်နွှဲပြီး၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူခံရခြင်းစိုးစဥ်းမရှိ ကျူးလွန်လျက်ရှိစဉ် မြန်မာစစ်အုပ်စုနှင့် ဘယ်လာရုစ်အစိုးရတို့အကြား အရေးပါသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေသည့် အထောက်အထားသစ်များကို ဖော်ထုတ်ထားသည်။ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုသည် ယင်းတို့၏ ထိရောက်သည့်ထိန်းချုပ်မှုများကို တော်လှန်ရေးအင်အားစုများထံ တောက်လျှောက် ဆုံးရှုံးလာရပြီး၊ အရပ်သားပြည်သူများအား သတ်ဖြတ်၊ ဆေးရုံဆေးခန်းနှင့် စာသင်ကျောင်းများအား ဖျက်ဆီးကာ လူပေါင်းများစွာ နေရပ်စွန့်ခွာတိမ်းရှောင်စေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို အကြီးအကျယ် မှီခိုလာရသည်။ ဘယ်လာရုစ်အစိုးရ၏ စစ်လက်နက်များနှင့် မြန်မာနိုင်ငံတွင်း စစ်လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် အကျိုးဖြစ်စေမည့် ပညာရေးများ ပေးအပ်ခြင်းသည် နိုင်ငံတကာရာဇဝတ်မှုများတွင် ၎င်းတို့အား ကြံရာပါ ပတ်သက်စေပါသည်။
လျှို့ဝှက်ပေါက်ကြားလာသည့် မြန်မာစစ်အုပ်စု၏ လေကြောင်းရန်ကာကွယ်ရေးဌာနချုပ်နှင့် ဘယ်လာရုစ်နိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးတာဝန်ရှိသူနှစ်ဦးအကြား ပေးစာအရ သီးသန့်ဒီဇိုင်းရေးဆွဲထားသည့် လေကြောင်းရန်ကာကွယ်ရေးအမိန့်ပေးစနစ်တစ်ရပ်ကို ဘယ်လာရုစ်နိုင်ငံမှ မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရသည်။ နေပြည်တော် အခြေစိုက် စစ်အုပ်စု၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် မြန်မာကြည်းတပ်၏ ကွပ်ကဲမှုအောက်တွင် တည်ရှိပြီး၊ လေတပ်နှင့် နီးကပ်စွာ အလုပ်လုပ်ဆောင်ရသည်။ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို နိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများက အများအပြား အသုံးပြုလာသည့် ဒရုန်းများအား ဖျက်ချရန်အတွက် အသုံးပြုလာခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နေ့စွဲဖြင့် ဘယ်လာရုစ်နိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေး နိုင်ငံတော် အာဏာပိုင်အဖွဲ့ (SAMI) ၏ ဒုတိယဝန်ကြီး (၁) ဖြစ်သူ အီဂေါဒီမီဒန်ကိုမှ မြန်မာ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းထံ ပေးစာအရ တင်မောင်ဝင်းသည် ၂၀၂၀ ခုနှစ် အတွင်း ဘယ်လာရုစ်နိုင်ငံသို့ ခရီးစဉ်တစ်ခုသွားရောက်ခဲ့ကြောင်း တွေ့ရသည်။ SAMI သည် စစ်လက်နက်ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးအတွက် တာဝန်ရှိသည့် ဘယ်လာရုစ်နိုင်ငံ အာဏာပိုင်အဖွဲ့ဖြစ်သည်။ SAMI အဖွဲ့အား ဘယ်လာရုစ်နိုင်ငံကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးတွင် တာဝန်ရှိသည့် အခန်းကဏ္ဍအတွက် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ယူကရိန်းနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ မင့်စ်မြို့တော်သို့ တင်မောင်ဝင်း၏ ခရီးစဉ်ကို “MADOC System” ၏ လေကြောင်းရန်ကာကွယ်ရေးနှင့် လေတပ်ဗဟိုကွပ်ကဲမှုဌာန တိုက်ရိုက်သရုပ်ပြပွဲသို့ ခရီးစဉ်” အဖြစ် ခေါင်းစဉ်တပ်ထားသည်။
မင့်စ်မြို့တော်သို့ တင်မောင်ဝင်း၏ ခရီးစဉ်အကြောင်း သတင်းဖော်ပြရာတွင် ဘယ်လာရုစ်နိုင်ငံပိုင် သတင်းမီဒီယာက မြန်မာကိုယ်စားလှယ်တော်၏ ခရီးစဉ်၏ ရည်ရွယ်ချက်သည် “မြန်မာ့လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာစွမ်းရည်များ တိုးမြှင့်ရန်အတွက် အခွင့်အလမ်းများရှာဖွေရန်” ဖြစ်သည်ဟု ဖော်ပြ ခဲ့ကြသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လာရုစ်ကာကွယ်ရေးကုမ္ပဏီများစွာသို့ သွားရောက် လည်ပတ်၍ “လေကြောင်းရန်ကာကွယ်ရေး”ဆိုင်ရာ အမျိုးမျိုးသော တီထွင်ထုတ်လုပ်မှုများ၊ ပြုပြင် ထိန်းသိမ်းမှုများနှင့် အဆင့်မြှင့်တင်မှုများကို လေ့လာကြည့်ရှုခဲ့သည်။ တင်မောင်ဝင်းသည် မင့်စ်မြို့တော်တွင်ရှိစဉ် SAMI ၏ ဥက္ကဌဖြစ်သူ ရိုမန်ဂိုလော့ချန်ကိုနှင့်လည်း တွေ့ဆုံကာ လေကြောင်းရန် ကာကွယ်ရေး ပူးတွဲစီမံကိန်းများနှင့် နောက်ထပ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအကြောင်း ဆွေးနွေးခဲ့သည်။ တင်မောင်ဝင်းသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဘယ်လာရုစ်နိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များအား သရုပ်ပြပွဲများသို့ တက်ရောက်ခဲ့ကြောင်း Justice For Myanmar က ကြည့်ရှုခဲ့ရသည့် လျှို့ဝှက်ပေါက်ကြားလာသော ပေးစာအရ သိရသည်။
ဘယ်လာရုစ်နိုင်ငံ၏ နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီကြီး Belspetsvneshtechnika, BSVT မှ အီးယူဒဏ်ခတ်ပိတ်ဆို့မှုများခံထားရသည့် ထိုစဉ်က မြန်မာစစ်အုပ်စုဒုတိယကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်အောင်လင်းထွန်းဖြစ်သူထံ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၀ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သည့် ဒုတိယ ပေးစာအရ ဘယ်လာရုစ်နှင့် မြန်မာအကြား အနည်းဆုံး သဘောတူစာချုပ်သုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုနိုင်သည်။ BSVT သည် “သိပ္ပံနည်းပညာ၊ ထုတ်လုပ်ရေး၊ စစ်ဘက်ကုန်စည်များနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးထုတ်ကုန်များနှင့် သက်ဆိုင်သည့် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ (ကြားခံဆက်သွယ်ရေးဝန်ဆောင်မှု ငှားရမ်းခြင်းများ အပါအဝင်)၊ စကားဝှက်ကုတ်လုပ်ငန်းများ (အလုပ်များ၊ ဝန်ဆောင်မှုများ)၊ ရရှိသည့် လျှို့ဝှက်သတင်း အချက်အလက်များနှင့် အခြားထုတ်ကုန်များ” စသည်တို့တွင် လုပ်ကိုင်သည်။ SAMI ၏ ထိန်းချုပ်မှု အောက်တွင် လုပ်ငန်းလည်ပတ်သည့် BSVT အား လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ယူကရိန်းတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
SAMI/BSVT နှင့် မြန်မာစစ်အုပ်စုတို့အကြား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလရက်စွဲဖြင့် အပြန်အလှန် စာရေးသား ပေးပို့မှုများသည် မြန်မာစစ်အုပ်စု၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိနေကြောင်း အတည်ပြုနိုင်သည်။ ဥပမာအားဖြင့် လျှို့ဝှက်ပေါက်ကြားလာသည့် ပေးစာများတွင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လရက်စွဲနှင့် ၂၀၂၁ ခု နှစ်၊ ဇွန်လရက်စွဲတို့ဖြင့် ချုပ်ဆိုထားသည့် စာချုပ်များကို ရည်ညွှန်းထားပြီး၊ ယင်းစာချုပ်များအရ နောက်ထပ်သီးခြား ရောင်းချထောက်ပံ့မှု သုံးခုဖြစ်သည့် MADOC/ADF၊ V3D/ADF နှင့် GMS-II/ADF တို့အကြောင်း အသေးစိတ်ကိုလည်း ပါရှိသည်။
MADOC သည် Myanmar Air Defence Operational Command (မြန်မာ့လေကြောင်းရန် ကာကွယ်ရေးစစ်ဆင်မှုဆိုင်ရာ ကွပ်ကဲရေးဌာန) ကို ရည်ညွှန်းကြောင်း Justice For Myanmar က နားလည်ထားပြီး၊ BSVT သည် မြန်မာ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအတွက် သီးသန့်ဒီဇိုင်း ရေးဆွဲထားသည့် စစ်ဆင်ရေးကွပ်ကဲမှုစနစ်တစ်ရပ်ကို ထုတ်လုပ်၊ ရောင်းချပေးအပ်ခဲ့သည်မှာ အလွန်သေချာကြောင်း ယူဆပါသည်။ BSVT ၏ ထုတ်ကုန်စာရင်းတွင် လေတပ်နှင့် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့များအတွက် ဗဟိုထိန်းချုပ်ရေးစခန်းတွင် အသုံးပြုသည့် “မြင်ကွင်းကျယ်” အလိုအလျောက်စနစ် ပါဝင်ပြီး၊ စစ်ဆင်ရေးနှင့် နည်းဗျူဟာအဆင့် အသုံးပြုရန် ရည်ရွယ်သည်။
V3D သည် “Vostok” 3D radar system (သုံးဘက်မြင်ရေဒါစနစ်) ကို ရည်ညွှန်းဟန်ရှိပြီး၊ ယင်းရေဒါသည် “ဝေဟင်အရာဝတ္တုတို့အား ရှာဖွေရန်၊ အကွာအဝေး၊ အဇီးမတ်စက်ဝိုင်းဖြတ်၊ ပင်လယ်ရေမျက်နှာပြင်အမြင့်၊ ရောင်ခြည်မြန်နှုန်းတို့အား တိုင်းတာရန်၊ ပစ်မှတ်များအား အလိုအလျောက်ခြေရာခံရန်နှင့် ရေဒါ အချက်အလက်များအား ထိန်းချုပ်ရေးစနစ်သို့ ပေးပို့ရန်” အထူး ဒီဇိုင်းရေးဆွဲထားကြောင်း BSVT ကုမ္ပဏီက ဈေးကွက်ကြော်ငြားထားသည်။ ယင်းစနစ်အား မင့်စ်မြို့တော်အခြေစိုက် Radar Systems Holding ၏ မန်းနေးဂျင်းကုမ္ပဏီ JSC KB Radar က ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားသည်။ Radar Systems Holding က ၎င်းတို့ကုမ္ပဏီသည် “ရေဒါနစ်စနစ်များနှင့် အီလက်ထရောနစ်စစ်ဆင်ရေးပစ္စည်းများ” ထုတ်လုပ်ခြင်းနှင့် မိတ်ဆက်ခြင်း” တို့ ပူးတွဲဆောင်ရွက်သည့်ကုမ္ပဏီဖြစ်ကြောင်း ဆိုထားသည်။ ယင်းကုမ္ပဏီသည် “နိုင်ငံခြားတိုင်းပြည် များနှင့် ဘယ်လာရုစ်နိုင်ငံအကြား စစ်ဘက်-နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပြီး၊ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ယူကရိန်း၊ ဆွစ်ဇာလန်၊ နယူးဇီလန်၊ ဩစတြေးလျ၊ အီးယူနှင့် ဂျပန်နိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။
GMS-II/ADF စီမံကိန်းသည် Ground-based missile system (မြေပြင်အခြေစိုက်ဒုံးကျည်စနစ်) ကို ရည်ညွှန်းဖွယ်ဖြစ်ပြီး၊ ဘယ်လာရုစ်နိုင်ငံက မြန်မာနိုင်ငံသို့ ယခင်ရောင်းချထားသည့် Kvadrat-M မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် (SAM) နှင့် ဆက်စပ်သည်ဟု ဆိုနိုင်သည်။ ဘယ်လာရုစ်ကုမ္ပဏီ Alevkurp JSC ထုတ်လုပ်သည့် အဆိုပါ Kvadrat-M SAM စနစ်နှင့် ဆက်စပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (3M3) ၁၀၀ ကို မြန်မာနိုင်ငံက ၂၀၁၆ ခုနှစ်တွင် ဝယ်ယူရရှိခဲ့ကြောင်း Stockholm international peace research institute ၏ အချက်အလက်များအရ သိရသည်။ Kvadrat-M Sam စနစ်ကို မြန်မာစစ်အုပ်စုက ၂၀၁၆ ခုနှစ်၊ မတ်လတွင် ၎င်းတို့၏ တပ်မတော်နေ့အခမ်းအနား၌ ပြသခဲ့သည်။
လျှို့ဝှက်ပေါက်ကြားလာသည့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ထံမှ ပေးစာတွင် ယင်းအချိန်က မြန်မာ့လေတပ်၏ ဒုတိယစစ်ဦးစီးအရာရှိချုပ်ဖြစ်သူ အောင်မျိုးထွန်းနှင့် BSVT ကိုယ်စားလှယ်များအကြား အစည်းအဝေးတစ်ရပ်ရှိခဲ့ပြီး၊ Kvadrat-M system နှင့် Vostok-E & Marker-M.” တို့အတွက် အပိုပစ္စည်းများ ရောင်းချပေးအပ်ရေး စာချုပ်တစ်ရပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့ ကြသည်။ Vostok 3D နှင့်အလားတူပုံစံ ဖြစ်သည့် Vostok-E သည် မိုဘိုင်းဒီဂျစ်တယ် ကြိမ်နှုန်းမြင့်ရေဒါဖြစ်ပြီး၊ Marker-M သည် လေကြောင်းစခန်းများစွာမှ အချက်အလက်များအား အသုံးပြု၍ လေယာဉ်တည်နေရာရှာဖွေရေးစနစ်တစ်ခု ဖြစ်ပြီး၊ V3D ရေဒါစနစ်ကို ထုတ်လုပ်သည့် JSC KB Radar ကပင် ဒီဇိုင်းဆွဲ၊ ထုတ်လုပ်သည်။ Marker-M သည် ရန်သူ သို့မဟုတ် မိတ်ဆွေများထံမှ အချက်အလက်များ၊ ဝေဟင်အရာဝတ္တုတည်နေရာရှာဖွေရေးထိန်းချုပ်စင်တာများမှ အချက်အလက်များ၊ လေကြောင်းအတွက် အလိုအလျောက်ထိန်းချုပ်စနစ်များမှ အချက်အလက်များအား အသုံးပြု၍ ဝေဟင်ပစ်မှတ်များအား တိတ်တဆိတ် ခြေရာခံသည်။
အစီရင်ခံစာ အပိုင်း – ၂
လက်နက်အတွက် ငွေသယ်လေယာဉ်များ
လျှို့ဝှက်ပေါက်ကြားလာသော မြန်မာစစ်အုပ်စုနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား မကြာသေးမီက သဘောတူညီချက်များနှင့် ပတ်သက်သည့် ပေးစာအရ စစ်အုပ်စုသည် နိုင်ငံတကာမှ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရေးအတွက် ငွေပေးချေရန် ခက်ခက်ခဲခဲ ရုန်းကန်နေရကြောင်း တွေ့ရသည်။ လျှို့ဝှက်ပေါက်ကြားလာသော ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီရက်စွဲပါ ပေးစာတစ်စောင်တွင် ဘယ်လာရုစ်နိုင်ငံမှ ဝယ်ယူမှုများအတွက် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ်မှတဆင့် လွှဲပေးရမည့် ငွေပေးချေမှုများကို BSVT အနေဖြင့် ရရန်ကျန်ရှိနေသေးကြောင်းတွေ့ရပြီး၊ အဆိုပါငွေများကို “ယခင်ပေးချေမှု ထုံးစံအတိုင်း” ငွေသားဖြင့် အမြန်လွှဲပေးရန် မြန်မာစစ်အုပ်စု၏ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားမှုဌာနသို့ တိုက်ရိုက်တောင်းဆိုထားသည်ကိုလည်း တွေ့ရသည်။ အဆိုပါတောင်းဆိုစာတွင် ဘယ်လာရုစ်အစိုးရအနေဖြင့် ငွေသားရယူရန် နေပြည်တော်သို့ လေယာဉ်တစ်စင်း စေလွှတ်နိုင်ကြောင်း ကိုလည်း ပြောဆိုထားပြီး၊ ယခင်ကလည်း ထိုသို့လုပ်ဆောင်ကြောင်း ညွှန်းဆိုထားသည်။ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် မြန်မာစစ်အုပ်စုသည် နိုင်ငံခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် MFTB ဘဏ်အပေါ် အကြီးအကျယ်မှီခိုနေရကြောင်း အတည်ပြုခဲ့သည်။ MFTB သည် ဩစတြေးလျ၊ အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည်။
Justice For Myanmar က ကြည့်ရှုခဲ့ရသည့် လျှို့ဝှက်ပေါက်ကြားလာသော ပေးစာများတွင် ဘယ်လာရုစ်-မြန်မာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ နှစ်ခု၏ အခန်းကဏ္ဍကိုလည်း တွေ့ရသည်။ ယင်းကုမ္ပဏီနှစ်ခုမှာ Dynasty Group of Companies နှင့် Global Top Link Technologies တို့ ဖြစ်သည်။ ဝယ်ယူထားသောကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ငွေပေးချေရန် ဘယ်လာရုစ်၏ အကြောင်းကြားစာအား ပြန်ကြားရာတွင် Dynasty Group ၏ ဥက္ကဌနှင့် စီအီးအိုဖြစ်သူ အောင်မိုးမြင့်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် SAMI နှင့် BSVT တို့၏ ကိုယ်စားလှယ် များထံ စာရေးသားကာ ပေးချေရန်ကျန်ရှိနေသည့်ငွေများအတွက် ဆွေးနွေးဖြေရှင်းရန် MFTB မှ ကိုယ်စားလှယ်များနှင့် Belarusbank သို့မဟုတ် “ဘယ်လာရုစ်ဘဏ္ဍာရေးကျွမ်းကျင်သူတစ်ဦး” တို့အကြား အစည်းအဝေးတစ်ရပ်စီစဉ်ရန် အဆိုပြုခဲ့သည်။ ယင်းပေးစာတွင်ပင် အောင်မိုးမြင့်က ၎င်းနှင့် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Top Link Technologies ၏ စီအီးအို ဒေါက်တာစိန်ထူးတို့အကြား ပြိုင်ဆိုင်မှုကိုလည်းဖော်ပြထားသည်။ ဒေါက်တာစိန်ထူးသည် ဘယ်လာရုစ် စစ်လက်နက်ကုမ္ပဏီ Kidma Tech ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်ပြီး၊ အောင်မိုးမြင့်က BSVT အနေဖြင့် “ဒေါက်တာစိန်ထူးသည် မြန်မာစစ်တပ်ကျောင်းသားများ ဘယ်လာရုစ်နိုင်ငံသို့ ပညာသင်ယူရေး အစီအစဉ်များကို ကူညီဆောင်ရွက်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာရှိသူမဟုတ်ကြောင်း “မြန်မာဘက်ခြမ်း” သို့ ရှင်းလင်းစွာ ပြောကြားထားစေလိုကြောင်း တောင်းဆိုထားသည်။ Justice For Myanmar က ယခင်ဖော်ထုတ်ထားပြီးဖြစ်သည့် Dynasty Group of Companies (Dynasty International ဟုလည်း သိကြသည့်) သည် ဘယ်လာရုစ်အစိုးရနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး၊ ဘယ်လာရုစ်ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ တရားဝင်ကိုယ်စားလှယ်အဖွဲ့အဖြစ် ပါရှိနေပြီး၊ အောင်မိုးမြင့်သည်လည်း မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ထမ်းဆောင်နေသည်။
Justice For Myanmar က ယခင်ဖော်ထုတ်ထားသည့်အတိုင်း ယင်းကုမ္ပဏီသည် စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရုရှား၊ ဘယ်လာရုစ်နှင့် ဂျာမဏီနိုင်ငံတို့မှ စစ်လက်နက်နှင့် ဆက်စပ် ပစ္စည်းများဝယ်ယူရာတွင် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းကုမ္ပဏီအား အီးယူ၊ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ BVST ၏ မြန်မာနိုင်ငံဆိုင်ရာ ဒေသကိုယ်စားလှယ်ဖြစ်သူ အောင်မိုးမြင့်သည် ဘယ်လာရုစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ စစ်လက်နက်နှင့် စစ်သုံးပစ္စည်းများ ဆက်လက်ရောင်းချမှုများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ Distributed Denial of Secrets မှ ဖွင့်ချထားသည့် Dynasty Group နှင့် ဘယ်လာရုစ်ကုမ္ပဏီ Unitary Enterprise Tetraedr (Tetraedr UE) ၏ “ဦးဆောင်ပညာရှင်” တို့အကြား ပေးစာတွင် Dynasty Group စစ်လက်နက်ရောင်းချမှုများအတွက် ညှိနှိုင်းဆောင်ရွက်ပေးမှု “ဝန်ဆောင်ခ” ရရှိမည့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်နှင့် ပတ်သက်သည့် ကနဦးအစောပိုင်း ညှိနှိုင်းမှုများကို တွေ့ရသည်။ Tetraedr ကုမ္ပဏီသည် စစ်လက်နက်များနှင့် ရေဒီယိုအီလက်ထရောနစ်ပစ္စည်းများ၊ စနစ်များကို သုတေသနပြုလုပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ဈေးကွက်ရှာဖွေရောင်းချခြင်းတို့ လုပ်ကိုင်သည်။
အစီရင်ခံစာ အပိုင်း – ၃
မင့်စ်မြို့တော်တွင် လေ့ကျင့်သင်ကြားလျက်ရှိသည့် မြန်မာ့စစ်အုပ်စုဝန်ထမ်းများ
Justice For Myanmar က ကြည့်ရှုခဲ့ရသည့် ဓါတ်ပုံနှင့် စာအထောက်အထားများအရ မြန်မာစစ်အုပ်စု ကျောင်းသားများစွာတို့သည် Belarusian State University of Informatics and Radioelectronics (BSUIR) တွင် လေ့လာသင်ကြားရန် မင့်စ်မြို့တော်သို့ ၂၀၂၃ ခုနှစ်၊ မတ်လတွင် ရောက်ရှိခဲ့ကြောင်း တွေ့ရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် မြန်မာစစ်အုပ်စုကျောင်းသားများစွာသည် မင့်စ်မြို့တော်တွင် ရှိနေသေးကြောင်း Justice For Myanmar သို့ ပေးပို့လာသည့် အထောက်အထားများအရ သိရသည်။ ယင်းကျောင်းသားများ မင့်စ်မြို့တော်သို့ မလာရောက်မီကလည်း မြန်မာ့စစ်လက်နက်ထုတ်လုပ်ရေး ကဏ္ဍမှ စစ်အုပ်စုဝန်ထမ်းများသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် သင်တန်းအပတ်စဉ် တစ်ခုကို တက်ရောက်ခဲ့ကြသည်။ BSUIR (အထူးသဖြင့် ယင်း၏ စစ်ဘက်သုတေသနဌာနကြီးမှတဆင့်) သည် စစ်ဘက်ဆိုင်ရာပညာရပ်နယ်ပယ်တွင်လည်း တက်ကြွစွာ ပါဝင်သည်။ ယင်းဌာနကြီးကို ဆက်သွယ်ရေး၊ နည်းဗျူဟာနှင့် အထွေထွေစစ်ဘက်ရေးရာသင်တန်း၊ ဘယ်လာရုစ် လေတပ်အတွက် ရေဒီယိုအီလက်ထရောနစ် အင်ဂျင်နီယာပညာရပ်များ အပါအဝင် အထူးပြုဌာနများစွာဖြင့် ဖွဲ့စည်းထားသည်။
လက်ရှိတွင် BSUIR ၌ တက်ရောက်နေကြသည့် မြန်မာစစ်အုပ်စုကျောင်းသားများသည် BSUIR ၏ စစ်ဘက်ဌာနကြီးမှ အဓိကသုတေသနနယ်ပယ်ဖြစ်သော ရေဒီယိုအီလက်ထရောနစ်အင်ဂျင်နီယာ ပညာရပ်တွင် သုတေသနဆောင်ရွက်နေကြောင်း ယုံကြည်ထိုက်သည့်သတင်းရင်းမြစ်က Justice For Myanmar သို့ အတည်ပြုပြောကြားခဲ့သည်။ ယင်းကျောင်းသားများသည် နေပြည်တော်၊ တပ်ကုန်းရှိ အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ငဖဲရှိ အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ မန္တလေးတိုင်း၊ မိတ္ထီလာရှိ အမှတ် (၁၀) မြန်မာ့အကြီးစားစက်ရုံတို့အပါအဝင် မြန်မာနိုင်ငံရှိ စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံများမှ ဖြစ်ကြောင်း အတည်ပြုနိုင်သည့် သတင်းအချက်အလက်များကို Justice For Myanmar က ရရှိခဲ့သည်။ ကပစ (၄) သည် မြန်မာနိုင်ငံတွင် ထုတ်လုပ်မည့်စစ်လက်နက်သစ်များကို သုတေသနပြု၊ ဒီဇိုင်းရေးဆွဲရသည့်အတွက် စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံ ၂၅ ရုံတွင် အဓိကဗဟိုချက် စက်ရုံဖြစ်သည်။ ကပစ (၄) သည် မြန်မာပြည်တွင်း စစ်လက်နက်ထုတ်လုပ်ရေးတွင် အသုံးပြုသည့် ကွန်ပျူတာကိန်းဂဏန်း ထိန်းချုပ်ရေးစက်များအတွက် အတိုင်းအထွာနှင့် ကိရိယာများကို ထုတ်လုပ်ပြီး၊ စစ်လက်နက်ပစ္စည်းစက်ရုံများတွင် အသုံးပြုသည့် စက်ယန္တရားများအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးသည်။ စစ်တပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်များအရ ကပစ ၂၀ သည် အမြောက်များအပါအဝင် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထုတ်လုပ်သည်ဟု သိရပြီး၊ China North Industries Group Corporation (NORINCO) မှ နည်းပညာအကူအညီများ ရရှိသည်ဟု သတင်းများက ဆိုသည်။ အမှတ် (၁၀) မြန်မာ့အကြီးစားစက်မှုလုပ်ငန်းသည် လေယာဉ်နှင့် မောင်းသူမဲ့ဝေဟင်ယာဉ် (ယူအေဗွီ) များအတွက် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည်။ BSUIR တွင် တက်ရောက်နေသည့် မြန်မာ့စစ်လက်နက်ထုတ်လုပ်ရေး ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များအရ ၎င်းတို့၏ သုတေသနများသည် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ရေဒါစနစ်များ တည်ဆောက်ရာတွင် အသုံးပြုဖွယ်ရှိသည်။
BSUIR အပါအဝင် ဘယ်လာရုစ်နိုင်ငံရှိ တက္ကသိုလ်များစွာတို့တွင် နောက်ထပ် မြန်မာစစ်အုပ်စုဆက်နွှယ် ကျောင်းသားများ တက်ရောက်နေဖွယ်ရှိသည်ဟု Justice For Myanmar က ယူဆသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် BSUIR ၏ ဒုတိယပါမောက္ခချုပ် (၁) သည် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး M.V. Ryzhenkov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့မှ ကိုယ်စားလှယ်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။ ဘယ်လာရုစ်သတင်းရင်းမြစ်များအရ ယင်းအစည်းအဝေးများတွင် BSUIR ၏ သုတေသနဌာနများစွာမှ “မြန်မာတက္ကသိုလ်များ၏ စာသင်ခန်းများနှင့် ဓါတ်ခွဲခန်းများတွင် မိုက်ခရိုဝေ့နည်းပညာနှင့် စက်ပစ္စည်းများတပ်ဆင်ရေး” အဆိုပြုလွှာကို ဆွေးနွေးနိုင်ခဲ့သည်။ မိုက်ခရိုဝေ့နည်းပညာကို ရေဒါစနစ်များတည်ဆောက်ရာတွင် အသုံးပြုပြီး၊ ယင်းနည်းပညာသည် မိုက်ခရိုဝေ့ဖမ်းယူနိုင်သည့် အကွာအဝေးအတွင်း အီလက်ထရို မက္ကနက်တစ်လှိုင်းများ ထုတ်လွှင့်၊ ဆန်းစစ်ခြင်းဖြင့် အရာဝတ္ထုများကို ရှာဖွေနိုင်ပြီး၊ ယင်းတို့၏ တည်နေရာများကိုလည်း ရှာဖွေနိုင်သည်။
၂၀၂၅ ခုနှစ်၊ မေလနှောင်းပိုင်းတွင် Belarusian State Technological University (BSTU) ၏ ကျောင်းအုပ်ကြီးဖြစ်သူ Ihar Voitau သည်လည်း မြန်မာစစ်အုပ်စုမှ ဗိုလ်ချုပ်ကိုလေး၊ ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့နှင့် တွေ့ဆုံခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်စိုးဦးသည် ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံများဆိုင်ရာ မြန်မာသံရုံး၏ ကြည်း၊ ရေ၊ လေ စစ်သံမှူး ဖြစ်သည်။ ယင်းတွေ့ဆုံမှုတွင် BSTU တွင် မြန်မာ ကျောင်းသားများ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး၊ BSTU အပါအဝင် ဘယ်လာရုစ်တက္ကသိုလ်များမှ အဆင့်မြင့်လေ့လာမှုများကို မကြာမီက ပြီးမြောက်ထားသည့် မြန်မာနိုင်ငံမှ ကျောင်းသား ၃၄ ဦးတို့နှင့် တွေ့ဆုံခဲ့သည်။ BSTU တွင် စစ်ဘက်လေ့ကျင့်ရေးဌာနတစ်ခု ရှိပြီး၊ စက်တပ်ရိုင်ဖယ်တပ်စုများနှင့် စစ်လက်နက်ထောက်ပို့လုပ်ငန်းများ၏ မြေပြင်လုပ်ငန်းများနှင့် ပတ်သက်သော အထူးပြုသတင်တန်းများ ပေးအပ်လျက်ရှိသည်။ အများပြည်သူလက်လှမ်းမီသော သတင်းများအရ ၂၀၂၃ ခုနှစ်အတွင်း Belarusian State Technological University (BSTU) ၌ မြန်မာ ကျောင်းသားများ ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဘယ်လာရုစ်မီဒီယာသတင်းများအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် မင်းအောင်လှိုင်၏ မင့်စ်မြို့တော်သို့ တရားဝင်ခရီးစဉ်တွင်လည်း Belarusian State University (BSU)၊ BSUIR တို့နှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် BSUIR နှင့် ရန်ကုန်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Belarusian State University (BSU) သို့ သွားရောက်ခဲ့ပြီး၊ ပူးပေါင်းဆောင်ရွက်ရေး၊ မိတ်ဖက်ဆောင်ရွက်ရေးနှင့် BSU သို့ နိုင်ငံခြားကျောင်းသားများ လျှောက်ထားတက်ရောက်မှုဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြသည်။ BSU သည် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးခဲ့ကြပြီး၊ လက်ရှိတွင် မြန်မာကျောင်းသားဆယ်ဦးအား လက်ခံထားသည်။ BSU တွင် စစ်ဘက်ရေးရာဌာနကြီးတစ်ခုရှိပြီး၊ ယင်းဌာနကြီးသည် ဥပဒေ၊ စစ်ဘက်နယ်ပယ်နိုင်ငံတကာ ဆက်ဆံရေးများ၊ စစ်ဘက်ရေးရာ ပထဝီ-သတင်းအချက်အလက်စနစ်များ အပါအဝင် စစ်ဘက်ရေးရာ ပညာရပ်နယ်ပယ်တွင် လေ့လာရေး အစီအစဉ်များစွာ သင်ကြားပေးလျက်ရှိသည်။ (ဆက်ရန်)