25 March 2025

Thai PBS ၏သတင်းဖော်ပြချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (BIMSTEC) ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားထားသည်ဟုဆိုသော ထိုင်းအစိုးရ၏ဆုံးဖြတ်ချက်အပေါ် Defend Myanmar Democracy (DMD) အဖွဲ့က အပြင်းအထန် ရှုတ်ချလိုက်သည်။
ယင်းသည် မြန်မာပြည်သူများ ဆန့်ကျင်နေသည့် အာဏာသိမ်းကြိုးပမ်းမှုနှင့် ကမ္ဘာ့အသိုင်းအဝိုင်းက စစ်အုပ်စုအား ပြစ်တင်ရှုတ်ချနေမှု များရှိနေသည့်ကြားက၊ စစ်ရာဇဝတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် မြန်မာ့ဒီမိုကရေစီစနစ်ကို ဖျက်ဆီးမှု များအတွက် အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်အား ထိုင်းအစိုးရက တရားဝင် အသိအမှတ်ပြု ဆက်ဆံလိုက်ခြင်းလည်း ဖြစ်သည်။
BIMSTEC အဖွဲ့သည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်းရှိ ၎င်း၏အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းရေး၊ စီးပွားရေးတိုးတက်မှုနှင့်လူနေမှုအဆင့်အတန်းမြှင့်တင်ရေးတို့ကိုအားပေးကူညီဆောင်ရွက်ပေးသည့်အဖွဲ့ဖြစ်သည်။
ASEAN က မင်းအောင်လှိုင်အား ထိပ်သီးအစည်းအဝေးများမှ ဖယ်ရှားထားသော်လည်း၊ BIMSTEC သည် တရားမဝင်စစ်အုပ်စုအား တရားဝင်အသိအမှတ်ပြု ဆက်ဆံနေသည့်အပြင်၊ ၂၀၂၂ ခုနှစ်အတွင်း အဖွဲ့၏ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးရန်အတွက် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းပင် ပြုလုပ်ခဲ့သေးသည်။
စစ်ရာဇ၀တ်ကောင်အတွက် ကော်ဇောနီခင်း ဖိတ်ခေါ်ကြိုဆိုရန် ထိုင်းနိုင်ငံ၏ လက်ရှိ ဆုံးဖြတ်ချက်သည် သံခင်းတမန်ခင်း လုပ်ဆောင်ခြင်းမဟုတ်၊ ရာဇဝတ်မှုများတွင် ကြံရာပါဖြစ်ခြင်းသာဖြစ်သည်။ ၄င်းသည် မြန်မာပြည်သူများအပေါ် သစ္စာဖောက်ရာ ရောက်စေသလို၊ ဒေသတွင်း တရားမျှတမှုနဲ့ ဒီမိုကရေစီ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကိုလည်း ဖျက်ဆီးရာရောက်စေသည်။
Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်မှ
” ထိုင်းနိုင်ငံဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် မဖိတ်သင့်ပါဘူး။ သူက အစိုးရခေါင်းဆောင်မဟုတ်ဘူး၊ ရာဇဝတ် စစ်အုပ်စုဂိုဏ်းခေါင်းဆောင်ပါ။ သူ့ကို ကော်ဇောနီခင်း ဖိတ်ခေါ်ဂုဏ်ပြုရမယ့်အစား ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုက သူ့အခန်းကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အတိုင်း အာဂျင်တီးနားတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာပြီး သူ့ကိုဖမ်းဆီးသင့်ပါတယ်” ဟုမှတ်ချက်ပြုသည်။
BIMSTEC နှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာရာဇ၀တ် စစ်အုပ်စုအား အသိအမှတ် မပြုရန်၊ မင်းအောင်လှိုင်နှင့် ၄င်း၏ကိုယ်စားလှယ်များအား ထိပ်သီးအစည်းအဝေးမှ တားမြစ်ရန်တို့ကို ကျွန်ုပ်တို့ Defend Myanmar Democracy အဖွဲ့မှ တိုက်တွန်းလိုက်သည်။
19 May 2026

19 June 2026