09 October 2024
သတင်းထုတ်ပြန်ချက်
ကရင်နီပြည်သူတို့၏ အခြေခံမှအဆင့်ဆင့်တည်ဆောက်သော အုပ်ချုပ်ရေးမဏ္ဍိုင်များကို အသိအမှတ်ပြုပြီး တိုက်ရိုက် ပံ့ပိုးကူညီပါ
ယခုအချိန်သည် မြန်မာပြည်သူများဦးဆောင်သည့် အုပ်ချုပ်ရေးစနစ်များနှင့် အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ၎င်းတို့၏ အရေးကြီးသော သက်ရောက်မှုများကို ကမ္ဘာကြီးက တရားဝင် အသိအမှတ်ပြုပြီး ခြွင်းချက်မရှိ ထောက်ခံရန် အချိန်တန်နေပြီဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုအားလုံးကိုရပ်တန့်ပြီး ကရင်နီပြည်ကြားကာလအစိုးရကို ကရင်နီပြည် လူထုများ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ချက်ချင်းအသိအမှတ်ပြု ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။
ယနေ့တွင် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၊ ကရင်နီအမျိုးသမီးအစည်းအရုံး၊ ကရင်နီပြည်လူ ငယ်များသမဂ္ဂ၊ ရှေ့ပြေးအသံအဖွဲ့နှင့် နောက်ထပ်အမည်မဖော်လိုသော အဖွဲ့တစ်ဖွဲ့တို့မှ မကြာခင်အချိန်တွင် ၎င်းတို့ပူးတွဲရေးသားထားသည့် “အခြေခံမှ အဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ်စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံ စံနမူနာ” ဟုအမည်ရသော စာတမ်းအသစ်တစ်စောင်ကို ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
ဤစာတမ်းသည် မြန်မာစစ်အုပ်စု၏ အရှိန်မြှင့်လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ဆင်ရေးများ ကာလတွင်ပင် တည်ဆောက်၊ ပေါ်ပေါက်လာသည့် ပြည်သူဦးဆောင်သော ကရင်နီပြည်ကြားကာလ အစိုးရ၏ ရှေ့ဆောင်စံနမူနာ အုပ်ချုပ်ရေးဗိသုကာပုံစံကို လေ့လာသုံးသပ်ထားသည်။ အလွှာစုံပြီး အားလုံးပါဝင်မှုရှိသည့် ဤအုပ်ချုပ်ရေးစနစ်သည် မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအတွက် နိုင်ငံရေးနှင့် စီမံအုပ်ချုပ်ရေး ဌာနများ အပါအဝင် ဖက်ဒရယ်ယူနစ်များ တည်ဆောက်ရေးအတွက် စမ်းသပ်စံနမူနာတစ်ခုအဖြစ် တည်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ပြည်သူဦးဆောင်သော အုပ်ချုပ်ရေးစနစ်များကို မည်သို့ထောက်ပံ့ ကူညီနိုင်ကြောင်းကိုလည်း ယခုစာတမ်းက အကြံပြုတိုက်တွန်းထားသည်။
စစ်အုပ်စု၏ ကျရှုံးနေသောအာဏာသိမ်းရေးကြိုးပမ်းမှု စတင်ချိန်ကတည်းက မြန်မာနိုင်ငံ တစ်ဝန်းတွင် ဒီမိုကရေစီခုခံတော်လှန်ရေးလူထုလှုပ်ရှားမှုနှင့် ERO များသည် ကရင်နီပြည် အပါအဝင် ၎င်းတို့၏နယ်မြေများကို စစ်အုပ်စု၏လက်မှ ပြန်လည်သိမ်းပိုက်ရယူပြီး လွတ်မြောက်နယ်မြေများစွာကို ဖော်ဆောင်လာခဲ့သည်။ တစ်ချိန်တည်းတွင် အောက်ခြေမှအထက်သို့စီးဆင်းသော ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းများသည် ERO များ၏ နဂိုရှိပြီးသား အုပ်ချုပ်ရေးစနစ်များနှင့်အတူ ဖက်ဒရယ်အုပ်ချုပ်ရေး ပုံစံများအဖြစ် ပေါ်ထွက်လာပြီး စစ်အုပ်စု၏ ဆိုးရွားသော တိုက်ခိုက်မှုများရှိနေသည့်ကြားက လူသားချင်း စာနာထောက်ထားမှုအကူအညီများ အပါအဝင် များစွာလိုအပ်နေသည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးဖြည့်ဆည်းပေးနေကြသည်။
၂၀၂၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ကရင်နီပြည်ကြားကာလအစိုးရသည် ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီ ဦးဆောင်သည့် ကရင်နီပြည်အတွင်း တော်လှန်ရေးတွင် ပါဝင်ပတ်သက်သူအုပ်စုများစွာအကြား နှစ်ချီညှိနှိုင်းဆွေးနွေးမှုနှင့် တွေ့ဆုံလာခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။ ကရင်နီပြည်ကြားကာလအစိုးရသည် လက်ရှိတွင် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များမှတစ်ဆင့် ဒေသခံလူထုကို အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးဖြည့်ဆည်းပေးနေသည်သာမက ကရင်နီပြည်ကို မြန်မာနိုင်ငံ၏ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပုံဖော်နေသည်။
ကရင်နီပြည်အုပ်ချုပ်ရေးစံနမူနာပုံစံ၏ ချဥ်းကပ်မှုသည် တရားဝင်မှု၊ အားလုံးစုံလင်ပါဝင်မှု၊ ပေါင်းစပ်မှုနှင့် ရေရှည်တည်တံ့မှုတို့ကို သေချာစေရန် ဆောင်ရွက်ထားသည်။ ၎င်းသည် နဂိုရှိနှင့်ပြီးသား ERO များ၏ အုပ်ချုပ်ရေးပုံစံများကို အသစ်ဖွဲ့စည်းထားသော အဖွဲ့များနှင့်ပေါင်းစပ်ပြီး ဒေသခံလူထု အသိုင်းအဝိုင်းများကို စီမံအုပ်ချုပ်သည့်စနစ် ပိုမိုအားကောင်းခိုင်မာစေမည့် ပေါင်းစပ်စနစ်တစ်ခုကို ဖန်တီးနေသည်။ ထို့အပြင် ထိုအုပ်ချုပ်ရေးစနစ်သည် ဒေသခံကိုယ်စားလှယ်များကို လူထုနှင့်နှီးနှောတိုင်ပင်မှု များမှတစ်ဆင့် ရွေးကောက်တင်မြှောက်ပြီး အားလုံးပါဝင်သော ဆုံးဖြတ်ချက်ချမှတ်မှု လုပ်ငန်းစဉ်ဖြစ်ရန် စုံလင်ကွဲပြားသောအုပ်စုများအား ပုံမှန်တွေ့ဆုံဆက်ဆံခြင်းများဖြင့် ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရန် အားပေးသကဲ့သို့ ပါဝင်လာစေရန်လည်း သေချာစွာ လုပ်ဆောင်နေသည်။
ဤပြည်သူဦးဆောင်သည့် အုပ်ချုပ်ရေးစံနမူနာပုံစံသည် ပိုမိုကျယ်ပြန့်သော မြန်မာနိုင်ငံဖက်ဒရယ် ဒီမိုကရေစီ လိုလားချက်များ၏ အခင်းအကျင်းတွင် မဖြစ်မနေလိုအပ်သည်သာမက ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို မြန်မာပြည်သူများမှ အခြေခံမှစ၍ အဆင့်ဆင့်မည်သို့တည်ဆောက်နေကြောင်းကို ပြင်ပကမ္ဘာအား သာဓကတစ်ခုအဖြစ်လည်း ပြသနေသည်။ ကရင်နီပြည်အုပ်ချုပ်ရေးစနစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ သမိုင်းနောက်ခံအခြေအနေများနှင့် စိန်ခေါ်မှုများနှင့်ကိုက်ညီစေရန် ဖော်ဆောင်ထားသည့် ပြည်တွင်းမှပေါက်ဖွားဦးဆောင်သော အုပ်ချုပ်ရေးပုံစံတစ်ရပ်ဖြစ်သည်။ ကရင်နီပြည်သူ့တော်လှန်ရေး၏ ဤအုပ်ချုပ်ရေးဆိုင်ရာအောင်မြင်မှုသည် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းကျ အနာဂတ်တစ်ခုဆီသို့ ရှေးရှုနေသည့် အရေးကြီးခြေလှမ်းတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံတစ်ဝန်း အောက်မှအထက်သို့စီးဆင်းသည့် ပြည်သူဦးဆောင်သော အုပ်ချုပ်ရေးအတွက် လက်တွေ့ကျသော သာဓကတစ်ခုကိုလည်း ဖော်ဆောင်ပေးနေသည်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ တာဝန်ခံ ကိုနီက “ကရင်နီပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ကြီးမားတဲ့ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပါဝင်တဲ့ စစ်အုပ်စုရဲ့ တစ်နိုင်ငံလုံးပစ်မှတ်ထား အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်ရင်ဆိုင်နေကြရပါတယ်။ တရားမဝင် စစ်အုပ်စုရဲ့ အလွန်ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ကျနော်တို့ရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းဟာ ဆက်သွားနေဆဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ကရင်နီပြည် ကြားကာလအစိုးရရဲ့ ပြောင်မြောက်တဲ့ အုပ်ချုပ်ရေးဗိသုကာပုံစံက ပြသနေပါတယ်။ စစ်အုပ်စုက ကျရှုံးနေတဲ့ သူတို့ရဲ့အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တုံ့ပြန်နေတာဖြစ်ပေမယ့် ပြည်သူလူထုရဲ့ ခုခံတွန်းလှန်မှုနဲ့ ကြံ့ကြံ့ခံနိုင်မှုတို့ရဲ့ ငြင်းမရနိုင်တဲ့ခွန်အားကို ကျနော်တို့ရဲ့ ပြည်သူဦးဆောင်တဲ့ အုပ်ချုပ်မှုစံနမူနာပုံစံက ရှင်းရှင်းလင်းလင်းပြသနေတာပဲ ဖြစ်ပါတယ်။” ဟု က ပြောကြားခဲ့သည်။
ကရင်နီအမျိုးသမီးအစည်းအရုံး၏ ဥက္ကဌ မော်ဖရေမြာက “အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်ဖို့အတွက် ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာ အမျိုးသမီးတွေဟာ စစ်စစ်မှန်မှန်နဲ့ အဓိပ္ပာယ် ပြည့်ပြည့်ဝဝ ပါဝင်မှုရရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကရင်နီပြည်ကြားကာလ အစိုးရဟာ အစိုးရအဖွဲ့ရဲ့ရာထူးအားလုံးမှာ အနည်းဆုံးအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရမယ်ဆိုပြီး ဂျန်ဒါတန်းတူညီမျှရေးကို ဦးတည်တဲ့ အရေးကြီးခြေလှမ်းတွေကို လုပ်ဆောင်ခဲ့တယ်။ ရှေ့ဆက်သွားတဲ့ အခါမှာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အမျိုးသမီးတွေ အပါအဝင် တခြားဖယ်ကြဉ်ခံထားရတဲ့ လူထုအသိုင်းအဝိုင်းအားလုံးရဲ့ စစ်မှန်တဲ့ပါဝင်မှု ရှိလာနိုင်ရေးအတွက်ကို ကြိုးပမ်းအားထုတ်ရာမှာ ကရင်နီပြည်တင်မက မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ အားကောင်းကောင်းနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။
ကရင်နီပြည်လူငယ်များသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူး မူအဲလ်မာရီက “ဒီနေ့ကာလမှာ ကရင်နီပြည်မှာရှိတဲ့ ပြည်သူတွေဟာ အခြေခံကစပြီး အားလုံးပါဝင်မှုရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နေသလို ဒေသခံပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှုတွေလည်း ပံ့ပိုးဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေထဲမှာ မျိုးဆက်သစ်လူငယ်တွေ အပါအဝင် လူထုရဲ့ တက်တက်ကြွကြွ ပါဝင်မှုကြောင့် သီးပွင့်လာတဲ့ အခြေခံလူတန်းစား ဒီမိုကရေစီမျိုးစေ့တွေကို ကြဲချနေကြတာ ဖြစ်ပါတယ်။ ကရင်နီပြည်ကြားကာလအစီအမံ မူကြမ်းရေးဆွဲတဲ့အချိန်ကစပြီး လူငယ်တွေဟာ ကရင်နီပြည်ရဲ့ ကြားကာလအုပ်ချုပ်ရေးစနစ်ကို ပုံဖော်တဲ့စားပွဲဝိုင်းမှာ အရေးကြီးတဲ့နေရာတစ်ခုကို ရရှိထားပြီး အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေးနဲ့ လူငယ်ဆိုင်ရာမူဝါဒတွေကို ထိန်းကျောင်းမောင်းနှင်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌ ခင်ဥမ္မာက “ကရင်နီပြည်သူတွေရဲ့ အုပ်ချုပ်မှုပုံစံဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီအတွက် နမူနာကောင်း တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန်းကရပ်တန့်ပြီး ကရင်နီပြည်က ကရင်နီပြည်သူတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်းက လူမှုအသိုင်းအဝိုင်းတွေရဲ့ အောက်ခြေကနေအထက်ကို စီးဆင်းတဲ့ နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြု ထောက်ခံအားပေးရပါမယ်။ မြန်မာနိုင်ငံကို အားလုံးပါဝင်တဲ့၊ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီရှိတဲ့ အနာဂတ် ဖြစ်လာစေဖို့အတွက် ကရင်နီပြည်ကြားကာလအစိုးရနဲ့ မြန်မာနိုင်ငံရဲ့အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ တော်လှန်ရေးအင်အားစု တွေရဲ့ ကြိုးပမ်းအားထုတ်တွေကို ဘဏ္ဍာရေး၊ နည်းပညာနဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးမှုတွေ တိုက်ရိုက်ပေးအပ်ရမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
ဤစာတမ်းကို ၂၀၂၄ ခုနှစ် မတ်လမှ မေလအစောပိုင်းကာလအတွင်း ကရင်နီပြည်အတွင်းနှင့် ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက်တွင် လုပ်ဆောင်ခဲ့သော တစ်ချို့တစ်ဝက်ပုံစံချထားသည့် တွေ့ဆုံမေးမြန်းမှုနှင့် ဦးတည်အစုအဖွဲ့ဆွေးနွေးမှုပေါင်း ၁၄ ခုတို့မှရရှိထားသော တွေ့ရှိချက်များ အပါအဝင် အရည်အသွေး အဓိကထားပြုလုပ်သော ကွင်းဆင်းသုတေသနအပြင် နဂိုရှိနှင့်ပြီးသော အချက်အလက်များကို သုတေသန ပြုမှုမှ ရရှိသောအချက်အလက်များကို အခြေခံ၍ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။
စာတမ်းအင်္ဂလိပ်ဘာသာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေသွားပါမည်။ စာတမ်းမြန်မာဘာသာကိုမူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် ဖြန့်ဝေသွားမည်ဖြစ်သည်။
“အခြေခံမှအဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ်စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံ စံနမူနာ” စာတမ်းအနှစ်ချုပ် အင်္ဂလိပ်ဘာသာကို ယခုလင့်တွင် ရယူနိုင်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.