မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်

စတီဖင် ဒူဂျာရစ် – ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ပြည်သူများအပါအဝင် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သည်ဟု ဆိုသည့် မြန်မာစစ်တပ်၏ မကြာသေးမီက တိုက်ခိုက်မှုများကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံး ဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဆက်လက် ဖိနှိပ်မှုများသည် လူမှုအသိုက်အဝန်း အားလုံးအပေါ် အကာအကွယ်ပေးရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတွင်း နေရာ အများအပြားတွင်လည်း မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ ဤလုပ်ရပ်များအတွက် တာဝန်ရှိသူများ တာဝန်ခံမှု ရှိစေရပါမည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်ကြသော အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေး‌ရေး ဦးစားပေးဆောင်ရွက်ရန်၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အကြမ်းဖက်မှုနှင့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှု ဖြစ်ပေါ်ရန် ထပ်မံလှုံ့ဆော်မှုများကို တားဆီးရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုပါသည်။

မြန်မာနိုင်ငံတွင်း ပိုမိုဆိုးဝါးလာနေသည့် အခြေအနေကြောင့် ဒေသတွင်းမှာ နောက်ဆက်တွဲ အကျိုးဆက်များ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ ပေါင်းစည်းညီညွတ်သည့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လုပ်ဆောင်ရန်အတွက်လည်း ထပ်မံတောင်းဆိုပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နှင့် ထိတွေ့ဆက်ဆံရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ပါဝင်ပတ်သက်သူများ အားလုံးကို တိုက်တွန်းပါသည်။ ထို့ပြင် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ အိမ်နီးချင်း နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်းစဥ်တရပ်ကို တည်ဆောက်ရာမှာ ကူညီဆောင်ရွက်ကြရန်နှင့် ဆင်းရဲဒုက္ခများ လျော့နည်းပျောက်ကွယ်သွားရန် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံဖို့ အားလုံးကို တိုက်တွန်းလိုက်ပါသည်။


မူရင်းပို့စ်မှာ သွားရောက်ဖတ်ရှုရန်

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia