အရေးပေါ် နှိုးဆော်ချက်

အရေးပေါ် နှိုးဆော်ချက်

အရေးပေါ် နှိုးဆော်ချက်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်

အာဏာသိမ်းစစ်အုပ်စုက အသက်သွင်းပြဌာန်းလိုက်‌သော အရွယ်ရောက်သူ နိုင်ငံသားအားလုံး စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးအတွက် အလွန်တရာ ဒုက္ခရောက်စေနိုင်သည့် ကိစ္စရပ်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်‌ပေါ်နေသည်ကို တွေ့ရှိရသည်။ ဤအခြေအနေကို နိုင်ငံ‌ရေးဦးဆောင်အဖွဲ့အစည်းများနှင့် အစုအဖွဲ့အသီးသီးအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး မဟာဗျူဟာမြောက် စုပေါင်းတုံ့ပြန်ခြင်းဖြင့်သာ ကျော်လွှားနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်။ မိမိတို့ အစုအဖွဲ့များအနေဖြင့် အခြားအင်အားစုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင် ညှိနှိုင်းမှုများတွင် ပါဝင်လုပ်ဆောင်လျက်ရှိပြီး ကနဦးအနေဖြင့် အောက်ဖော်ပြပါ အကြံပြုနှိုးဆော်ချက်များကို ထုတ်ပြန်အပ်ပါသည်။
  • အာဏာသိမ်းစစ်အုပ်စုက အဓမ္မ စစ်သားစုဆောင်းခြင်းသည် လူမျိုးပေါင်းစုံ ပြည်သူလူထု သိရှိပြီးဖြစ်သည့်အတိုင်း စစ်မျက်နှာအသီးသီးတွင် ၄င်းတို့ ကျရှုံးနေပြီဖြစ်ကြောင်းကို မဖြစ်မနေ ဝန်ခံရခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ ယိုယွင်းနေသည့် ထိုအခြေအနေကို အခွင့်ကောင်းအဖြစ် မှတ်ယူလျက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲကို လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးက တညီတညွတ်တည်း အပြီးသတ် ဆောင်ရွက်ရမည် ဖြစ်သည်။
  • အာဏာသိမ်းစစ်အုပ်စုက ဤအစီအစဥ်ကို အသုံးချလျက် များစွာသော လူငယ်၊ လူလတ်၊ အရပ်သား ပြည်သူများကို ဒုက္ခပေးနိုင်သည့်အတွက် စိုးရိမ်ဖွယ်ဖြစ်သော်လည်း အလွန်အမင်း စိုးရိမ်မှု ဖြစ်ပေါ်ကာ အလျင်စလို တုံ့ပြန်ဆောင်ရွက်ခြင်း မပြုဘဲ အခြေအနေကိုလိုက်၍ စုပေါင်းမဟာဗျူဟာနှင့် တုံ့ပြန်ရန် အ‌ရေးကြီးပါသည်။
  • ၄င်းတို့ ဥပဒေပါ ကင်းလွတ်ခွင့်နှင့် ဟာကွက်များကို အသုံးပြုလျက် တကိုယ်ရည်လွတ်မြောက်ရေး ကြိုးပမ်းမှုများက အဖြေမဟုတ်ပါ။ အာဏာသိမ်းစစ်အုပ်သည် ၄င်းတို့ကိုယ်တိုင် ထုတ်ပြန် ပြဌာန်းသော ဥပဒေ၊ စည်းမျဥ်းစည်းကမ်းများကိုပင် လိုက်နာလုပ်ဆောင်တတ်သည့် အဖွဲ့အစည်းမဟုတ်သည်ကို သိရှိကြပြီး ဖြစ်ပါသည်။
  • ဖြစ်ပေါ်လာမည့် အမျိုးမျိုးသော အခြေအနေများကို တုံ့ပြန်နိုင်ရန် မိမိကိုယ်တိုင်၊ မိသားစု၊ မိတ်ဆွေအသိုင်းအဝိုင်းနှင့် ရပ်ရွာ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဘက်ပေါင်းစုံမှ မြှင့်တင်ထားရန် အရေးကြီးပါသည်။
စစ်အာဏာသိမ်းမှုကို လက်မခံသောလူငယ်များ၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်း သတ်ဖြတ်နေသည့် ဖက်ဆစ်စစ်တပ်ထံသို့ မဝင်ရောက်လိုသည့်လူငယ်များအနေဖြင့်
  • အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းခြင်းအတွက် အချက်အလက်ကောက်ယူမှုများကို တတ်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် လုပ်ဆောင်သင့်ပါသည်။
  • အာဏာသိမ်းစစ်အုပ်စုသည် ၄င်းတို့ဥပဒေပါအတိုင်း စနစ်တကျ လုပ်ဆောင်သည်ထက် ကျပန်းစနစ်ဖြင့် အဓမ္မဖမ်းဆီးခေါ်ဆောင်မှုများကို လုပ်ဆောင်နိုင်ချေရှိသည့်အတွက် လူငယ်လူရွယ်များအနေဖြင့် အပြင်ထွက် လှုပ်ရှားသွားလာမှုများတွင် အတတ်နိုင်ဆုံး သတိပြုရန်လည်း အရေးကြီးပါသည်။
  • လက်နက်ကိုင်တော်လှန်ရေးသည် အလွန်ခိုင်မာသည့် ပိုင်းဖြတ်မှုနှင့် စည်းမျဥ်းစည်းကမ်းလိုက်နာမှုတို့ လိုအပ်ပြီး လူတိုင်းနှင့် ကိုက်ညီနိုင်မည် မဟုတ်ဘဲ မိမိတို့ အားသန်သည့် ပုံစံအမျိုးမျိုးဖြင့်သာ တော်လှန်ရေးတွင် ပါဝင်သင့်ပါသည်။ မိမိကိုယ်တိုင် ခံယူချက်နှင့် ပိုင်းဖြတ်မှု မရှိပါက စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းခြင်းကို ရှောင်ရှားရန် ရည်ရွယ်ချက်တခုတည်းဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများထံ ဝင်ရောက်ခြင်းကို မလုပ်ဆောင်သင့်ပါ။
  • အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းခံခဲ့ရပါက တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ အမြန်ဆုံးလာရောက်နိုင်ရန် ကြိုးပမ်းသင့်ပါသည်။
လက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အဖွဲ့အစည်းများအနေဖြင့်
  • လူထုကို စည်းရုံးရေးဆန်ဆန် ချဥ်းကပ်ရန်လိုအပ်ပြီး တဦးတယောက်ချင်းစီက အဖွဲ့အစည်း၏ မူဝါဒနှင့် လျော်ညီမှုမရှိသည့် လှောင်ပြောင်သရော်မှုများအပါအဝင် မူမဲ့ ပြောဆိုခြင်းများကို ထိန်းကွပ်ရန် အရေးကြီးပါသည်။
  • တချိန်တည်းတွင် လက်နက်ကိုင်လှုပ်ရှားမှုတွင် ခိုင်ခိုင်မာမာပါဝင်လာမည့်သူများကိုလည်း ကြိုဆိုကာ လုံခြုံစွာ ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ကြရန် လိုအပ်ပါသည်။ (ထိုလူငယ်များနှင့်အတူ ရောပါလာနိုင်သည့် အသွင်ယူ သူ့လူကိုယ့်ဘက်သားများကိုလည်း အထူး သတိထားပြီး စီစစ်သင့်ပါသည်။)
နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်
  • အာဏာသိမ်းစစ်အုပ်စု ပြဌာန်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအား အကောင်အထည်‌ မဖော်နိုင်သေးခင် ယခုလက်ရှိအချိန်၌ပင် ပြည်သူလူထု၏ မြင့်တက်လာသော နိုင်ငံရေးရေချိန်အလိုက် အချိန်မှီ စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျရန် စစ်ရေးနည်းလမ်း၊ လူထုတိုက်ပွဲနည်းလမ်း မျိုးစုံဖြင့် တိုက်ပွဲဖော် လှုံ့ဆော်ရန် လိုအပ်ပါသည်။
  • မိမိတို့ အင်အားစုများအကြား စုစည်းချိတ်ဆက်မှုကို အမြင့်မားဆုံး တိုးမြှင့်၍ ညှိနှိုင်းလုပ်ဆောင်ရန် တိုက်တွန်းပြီး မိမိတို့ သပိတ်ကော်မတီ သုံးဖွဲ့အနေဖြင့်လည်း အခြားအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းကို တတ်နိုင်သမျှ တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
နိုင်ငံတကာ(အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ)အနေဖြင့်
  • အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ဖိနှိပ်မှုအောက်မှ ရှောင်ပြေးလာရသည့် လူငယ်များအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်သလို ပံ့ပိုးကူညီသင့်ပါသည်။
  • ထိုဥပဒေ၏သက်ရောက်မှုကြောင့် ရှောင်ပြေးလာမည့်လူဦးရေမှာ အဆမတန် များပြားနိုင်သည့်အတွက် ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်သောကြောင့် ထိုဥပဒေအား အတည်ပြုပြဌာန်းသည့် အာဏာသိမ်းစစ်အုပ်စုအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု မိမိတို့မှ တိုက်တွန်းလိုက်သည်။

နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ၊ စုစည်းရုန်းကန် အပြီးသတ်တွန်းလှန်

စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှု / Anti-Junta Mass Movement – AJMM

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ – General Strike Committee – GSC

လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ – General Strike Committee of Nationalities – GSCN


Download Statement

View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia