31 May 2023
၂၀၂၃ ခုနှစ် မေလ ၃၁ ရက်
လက်ရှိအချိန်တွင် Yohei Sasakawa မှ တာဝန်ယူထားသော မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်ရာထူးသည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်း မြင်သာမှုတို့ လုံးဝဥဿုံ ကင်းမဲ့နေကြောင်း ရှေ့ပြေးအသံအဖွဲ့နှင့် Mekong Watch တို့မှ ယနေ့တွင် ပြောလိုက်သည်။
အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာအသေးစိတ်နှင့် သတ်မှတ်ပြဌာန်းထားသော တာဝန်များ ရှင်းရှင်းလင်းလင်း မရှိနေခြင်းက အထူးသံတမန်ရာထူး၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ အထူးသဖြင့် မြန်မာစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဥ်နေသည့် အခြေအနေတွင် စိုးရိမ်ပူပန်မှုများကို ပို၍မြင့်တက်စေသည်။
Nippon Foundation ၏ ဥက္ကဌဖြစ်သူ Yohei Sasakawa ကို ဂျပန်နိုင်ငံအစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန် (နောက်ပိုင်းတွင်း “အထူးသံတမန်” ဟု သုံးစွဲသွားမည်ဖြစ်သည်) အဖြစ် ခန့်အပ်ခေါ်ဆိုခဲ့သည်။ သတင်းမီဒီယာဖော်ပြချက်များနှင့် အထူးသံတမန်၏ ဘလော့ပေါ်မှ ဖော်ပြချက်များအရ ခန့်အပ်ပြီးချိန်မှစ၍ အထူးသံတမန်သည် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး အထူးသံတမန်အနေဖြင့် “အရာရှိသူများ”နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု ဖော်ပြထားသည်။ သို့သော် အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာအသေးစိတ်ကိုမူ မည်သည့် အခါကမျှ အများပြည်သူသိရှိစေရန် ထုတ်ပြန်ခြင်း မရှိသကဲ့သို့ တိကျသေချာသော ရည်ရွယ်ချက်နှင့် အထူးသံတမန်၏ လုပ်ဆောင်ချက်အခြေအနေအတိုင်းအတာလည်း မသိရှိရပေ။
မြန်မာစစ်အုပ်စုသည် အာဏာသိမ်းရန်ကြိုးပမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ပြည်သူပေါင်း ၃,၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၂၂,၅၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည့် တစ်ချိန်တည်းတွင် တရားမဝင်နေသော ၎င်းတို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို တရားဝင်စေရန် ကြိုးပမ်းသည့်အနေဖြင့် အတုအယောင် “ရွေးကောက်ပွဲ” ကိုလည်း ပြုလုပ်ရန် စီစဥ်နေလျက်ရှိသည်။ မြန်မာပြည်သူများက စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောကြားချိန်တွင် Sasakawa သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အုပ်စုက ပြုလုပ်မည့် “ရွေးကောက်ပွဲ” အပေါ် “ဒီမိုကရေစီဖော်ဆောင်ရေးမှာ ရွေးကောက်ပွဲဟာ ပထမအဆင့်ခြေလှမ်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲ ပြုလုပ်ရပါမယ်။” ဟု ၎င်း၏ထောက်ခံမှုကို မီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလတွင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့မှ “ရွေးကောက်ပွဲ” ထောက်ခံကြောင်း Sasakawa ၏ ထုတ်ဖော်ပြောကြားမှုသည် အထူးသံတမန်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း ပြောကြားခဲ့ခြင်း ဟုတ်၊ မဟုတ် နှင့် အထူးသံတမန်၏ လုပ်ဆောင်ချက်များအတွက် မည်ကဲ့သို့ ဘဏ္ဍာရေး ထောက်ပံ့မှုများ ရရှိနေခြင်း၊ နှင့် ဂျပန်အစိုးရအဖွဲ့အတွင်းမှ မည်သည့်ဌာနကို အထူးသံတမန်က ပြန်လည် အစီရင်ခံတင်ပြရသည် ဆိုသည့်အချက်များပါသော အထူးသံတမန်၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရှင်းလင်းပေးရန် တောင်းဆိုထားသော စာတစ်စောင်ကို Sasakawa ထံသို့ ပေးပို့ခဲ့သည် (နောက်ဆက်တွဲ ၁ ကို ကြည့်ပါ)။ သို့သော် Sasakawa ထံမှ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါ။
အလားတူ ဧပြီလ၌ပင် Mekong Watch ကလည်း အထူးသံတမန်၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံတွင်း အပါအဝင် ဂျပန်နိုင်ငံပြင်ပရှိ အထူးသံတမန်၏ လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေ့စွဲ၊ ကြာချိန်၊ ရည်ရွယ်ချက်၊ သွားရောက်ခဲ့သည့်နေရာများနှင့် သွားရောက်တွေ့ဆုံခဲ့သည့် လူပုဂ္ဂိုလ်များ၏ အမည်များ၊ နှင့် အစည်းအဝေးကို ကိုယ်စားပြု တက်ရောက်ခဲ့သူများ၏ အမည်များအား ထုတ်ပြန်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပန်ကြားချက် တစ်စောင်ကို ပေးပို့ခဲ့သေးသည်။ ဝန်ကြီးဌာနက အဆိုပါအချက်အလက်များနှင့် ပတ်သက်သည့် မည်သည့် စာရွက်စာတမ်းအထောက်အထားမျှ မရှိကြောင်း တုံ့ပြန်ခဲ့ပြီး မည်သည့်အချက်အလက်မျှလည်း ထုတ်ပြန် မျှဝေခဲ့ခြင်း မရှိပေ။ Mekong Watch သည် ယင်းကဲ့သို့ ထုတ်ပြန်ပေးခြင်း မရှိသည့်အပေါ် ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုထားသကဲ့သို့ အစိုးရအဖွဲ့အတွင်းရေးမှူးရုံးကိုလည်း အချက်အလက်များ ထုတ်ပြန်ပေးပါရန် ထပ်မံပန်ကြားခဲ့သည်။
မေလတွင် အထက်ပါ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့ကပင် ဂျပန်အစိုးရထံ စာပေးပို့၍ (နောက်ဆက်တွဲ ၂ ကို ကြည့်ပါ) အထူးသံတမန်၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြား ပေးပါရန် ထပ်မံတောင်းဆိုခဲ့သည်။ သို့သော် ယနေ့အချိန်ထိ ဂျပန်အစိုးရမှ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါ။
မကြာသေးမီကပင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံသော အထူးသံတမန်၏ ပြောကြားချက်နှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး ကိုယ်စားလှယ်က စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့သည်။
ဂျပန်အစိုးရအနေဖြင့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ၎င်း၏သဘောထားကို လူသိရှင်ကြား ထုတ်ပြန်ချက် တစ်စုံတရာ မရှိသေးပေ။ Yohei Sasakawa ၏ စစ်အုပ်စုရွေးကောက်ပွဲအပေါ် ထောက်ခံသည့်မှတ်ချက်စကား၏ တိုက်ရိုက်သက်ရောက်မှုခံရသော ရာနှင့်ချီသည့် အရပ်ဘက်လူထု အဖွဲ့အစည်းများ၏ စိုးရိမ်ပူပန်မှုများကို ဂျပန်အစိုးရအနေနှင့် ဆက်လက်မျက်ကွယ်ပြုနေခြင်းက ၎င်းမှတ်ချက်ကို ထောက်ခံအားပေးရာ ရောက်မည် ဖြစ်သည်။ ယင်းသည် အာရှတိုက်အတွင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် ထိပ်တန်းဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်သည်။
ရှေ့ပြေးအသံအဖွဲ့နှင့် Mekong Watch တို့မှ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့၏ တောင်းဆိုချက်ကို ထပ်လောင်းတောင်းဆိုလိုက်ပြီး ဂျပန်အစိုးရအနေဖြင့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်း၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဆောင်ရွက်နေသော Sasakawa ၏ အခန်းကဏ္ဍကို လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားပေးပါရန် တိုက်တွန်းတောင်းဆိုလိုက်သည်။
ရှေ့ပြေးအသံအဖွဲ့၏ တည်ထောင်သူနှင့် ဥက္ကဌ ဒေါ်ခင်ဥမ္မာက “လူမျိုးသုဥ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားဝင်မှု ရရှိလာစေဖို့ စီစဥ်လုပ်ဆောင်ထားမှန်း သိသာနေတဲ့အရာအပေါ် ထောက်ခံတယ် ဆိုတာကို ဘယ်သူကပဲ ပြောပြော တော်တော်ဆိုးတဲ့ကိစ္စပါ။ ဒါပေမယ့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးသံတမန်က ဒီလိုမျိုး ထောက်ခံကြောင်း ပြောဆိုတာက အင်မတန် စိတ်ပျက်စရာ ကောင်းပြီး စိုးရိမ်စရာလည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေမှာ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရှိနေပါလျက်နဲ့ အခုလိုပြောတာဟာ မြန်မာပြည်သူတွေကို စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။” ဟု ပြောသည်။
Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာကီဂူချီကလည်း “ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရှင်းရှင်း လင်းလင်း သတ်မှတ်ရပါမယ်။ အထူးသံတမန်အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့ အပါအဝင် ပါဝင်ပတ်သက်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် အခြေခံပြီးတော့မှပဲ လုပ်ဆောင်သင့်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းမြင်သာ စွာနဲ့ ရှင်းလင်းထုတ်ပြန်တာမျိုး မရှိဘဲ အထူးသံတမန်ကို ဆောင်ရွက်ခွင့်ပြုနေတာဟာ မြန်မာပြည်သူတွေကို သံသယပွားများစေပါတယ်။ ဒီအခြေအနေက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာတယ် ဆိုတဲ့ ဂျပန်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့လည်း သဟဇာတ မရှိဘူး။” ဟု ပြောသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
နောက်ထပ်အချက်အလက်များ
နောက်ဆက်တွဲ ၁ – ၂၀၂၃ ခုနှစ် ဧပြီလတွင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့မှ Yohei Sasakawa ထံသို့ ပေးပို့ခဲ့သော မေးခွန်းများ
၁။ “ဘာပဲဖြစ်ဖြစ် [ရွေးကောက်ပွဲ] လုပ်ကို လုပ်ရပါမယ်” ဟု လူကြီးမင်းမှဆိုခဲ့သော စကားက မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်အနေဖြင့် ပြောကြားခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ကျေးဇူးပြု၍ ဖြေကြားပေးပါ။
၂။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးသံတမန်၏ လုပ်ပိုင်ခွင့်၊ အာဏာ တို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဖော်ပြပေးသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာလုယူရေး ကြိုးပမ်းမှု နောက်ပိုင်းတွင် ထိုလုပ်ပိုင်ခွင့်နှင့် အာဏာအပေါ် ပြင်ဆင်ပြောင်းလဲချက် သို့မဟုတ် ဖြည့်စွက်ချက်များ ရှိ၊ မရှိ ကိုလည်း ကျေးဇူးပြု၍ ဖြေကြားပေးပါ။
၃။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်အနေဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာနလက်အောက်ရှိ မည်သည့်ဌာနသို့ အစီရင်ခံတင်ပြရသည်ကိုလည်း ကျေးဇူးပြု၍ ဖြေကြား ပေးပါ။
၄။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်အနေဖြင့် လက်ခံရရှိ သော ရသုံးမှန်းခြေငွေနှင့် အကျိုးခံစားခွင့်ကို ကျေးဇူးပြု၍ ဖြေကြားပေးပါ။
၅။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ အပါအဝင် ဂျပန်နိုင်ငံပြင်ပရှိ လူကြီးမင်း၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်သည့် နေ့စွဲ၊ ကြာချိန်၊ ရည်ရွယ်ချက်၊ သွားရောက်ခဲ့သော နေရာများနှင့် တွေ့ဆုံခဲ့သည့် လူပုဂ္ဂိုလ်များ၏ အမည်များ၊ နှင့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်သူများ၏ အမည်များ ကဲ့သို့သော အသေးစိတ် အချက်အလက်ကို ကျေးဇူးပြု၍ ဖော်ပြပေးပါ။
နောက်ဆက်တွဲ ၂ – ၂၀၂၃ ခုနှစ်၊ မေလတွင် မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၆ ဖွဲ့မှ ဂျပန်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ထံ ပေးပို့ခဲ့သော မေးခွန်းများ
၁။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးသံတမန်၏ လုပ်ပိုင်ခွင့်၊ အာဏာ တို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဖော်ပြပေးသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းတွင် ထိုလုပ်ပိုင်ခွင့်နှင့် အာဏာအပေါ် ပြင်ဆင်ပြောင်းလဲချက် သို့မဟုတ် ဖြည့်စွက်ချက်များရှိ၊ မရှိ ကိုလည်း ကျေးဇူးပြု၍ ဖြေကြားပေးပါ။
၂။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်မှ နိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်ရှိ မည်သည့်ဌာနသို့ အစီရင်ခံတင်ပြရသည်ကိုလည်း ကျေးဇူးပြု၍ ဖြေကြား ပေးပါ။
၃။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်မှ လက်ခံရရှိသော ရသုံးမှန်းခြေငွေနှင့် အကျိုးခံစားခွင့်ကို ကျေးဇူးပြု၍ ဖြေကြားပေးပါ။
၄။ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန်၏ မြန်မာနိုင်ငံ အပါ အဝင် ဂျပန်နိုင်ငံပြင်ပရှိ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်သည့် နေ့စွဲ၊ ကြာချိန်၊ ရည်ရွယ်ချက်၊ သွား ရောက်ခဲ့သော နေရာများနှင့် တွေ့ဆုံခဲ့သည့် လူပုဂ္ဂိုလ်များ၏ အမည်များ၊နှင့် အစည်းအဝေးများတွင် ပါဝင် တက်ရောက်သူများ၏အမည်များကဲ့သို့သော အသေးစိတ်အချက်အလက်ကို ကျေးဇူးပြု၍ ဖော်ပြပေးပါ။
PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ | ဂျပန်ဘာသာ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.