25 May 2023
နိဒါန်း
အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု(Civil Disobedience Movement – CDM) သည် မြန်မာ့နွေဦး တော်လှန်ရေး၏ အဓိကမဏ္ဍိုင်များအနက်မှ တစ်ခုဖြစ်သည်။ CDM သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ်မှ အာဏာလုယူရန် ကြိုးပမ်းခဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေး၏ အစောပိုင်းနေ့ရက်များမှ ယနေ့အချိန်ထိ ဆင့်ကဲပြောင်းလဲလာနေသော အရပ်ဘက် ခုခံတော်လှန်ရေး လှုပ်ရှားမှုဖြစ်သကဲ့သို့ အာဏာလုယူမှု ကျရှုံးခဲ့ရသည့် အကြောင်းရင်းများအနက်မှ တစ်ခုလည်း ဖြစ်သည်။ ထိုလှုပ်ရှားမှု၏ အစောပိုင်းပုံစံများအရ CDM ကို စစ်အုပ်စုအတွက် တာဝန် မထမ်းဆောင်ပေးသည့်၊ စစ်အုပ်စု၏ မည်သည့်အမိန့်ကိုမျှ မနာခံတော့သည့် ကျန်းမာရေး၊ ပညာရေး၊ ဘဏ်ဝန်ထမ်းများ၊ မီးရထားလုပ်သားများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်သားများ၊ အင်ဂျင်နီယာများ၊ ရှေ့နေနှင့် တရားသူကြီးများ၊ ပြည်သူ့ဝန်ထမ်းများနှင့် လုံခြုံရေးကဏ္ဍမှ ဝန်ထမ်းများ အပါအဝင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အောက်ခြေအဆင့်မှ ထိပ်ပိုင်းအဆင့်ရှိ နိုင်ငံ့ဝန်ထမ်းများ၏ ကြီးမားသော လူထုသပိတ်တိုက်ပွဲများအဖြစ် အဓိပ္ပာယ်ဖွင့်နိုင်သည်။ ထို့နောက် CDM သည် ပုဂ္ဂလိကကဏ္ဍမှ ဝန်ထမ်းများပါ လုပ်ငန်းခွင်မဝင်သော၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကလည်း စစ်အုပ်စုနှင့် မပူးပေါင်းမဆောင်ရွက်သော၊ စျေးဝယ်ယူသူများကလည်း စစ်တပ်ဆက်နွှယ်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို သပိတ်မှောက်သော ပြည်လုံးကျွတ်လှုပ်ရှားမှု တစ်ရပ်အဖြစ် အလျင်အမြန် အသွင်ပြောင်းလဲလာခဲ့သည်။ CDM သည် ဂန္ဒီ၏ အကြမ်းမဖက် အဟိံသလမ်းစဥ်မှ ဂန္ထဝင်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။ လုပ်အားများ ရုပ်သိမ်းရသည့် ရည်ရွယ်ချက်မှာ စစ်အုပ်စုအတွက် မည်သည့်တရားဝင်မှုကိုမျှ မပေးရန်နှင့် အုပ်ချုပ်၍ ရစေမည့် မည်သည့်အနေအထားကိုမျှ မပေးရန်ဖြစ်ပြီး ဤသည်မှာ မြန်မာပြည်သူများက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံကြောင်း ခိုင်မာသည့် သတင်းစကားကိုလည်း ပေးနေခြင်းပင် ဖြစ်သည်။ စစ်အုပ်စုလက်အောက်၌ လုပ်ငန်းခွင်မဝင်ကြသော်လည်း CDM တွင်ပါဝင်သူများသည် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (Ethnic Revolutionary Organizations – EROs) သို့မဟုတ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် မရှိမဖြစ် အခြေခံ ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးနေကြဆဲ ဖြစ်သည်။ ထို့အပြင် CDM သည် ကျယ်ပြန့်သော နွေဦးတော်လှန်ရေးကဲ့သို့ပင် အနယ်နယ်အရပ်ရပ်မှ မတူကွဲပြားသည့် အလွှာလွှာသော ပြည်သူများ၏ စုံလင်သောပါဝင်မှုဖြင့် စုဖွဲ့တည်ဆောက်ထားခြင်း ဖြစ်သည်။
CDM သည် ကနဦးတွင် စစ်အုပ်စု၏ လုပ်ရပ်အပေါ် တုံ့ပြန်ခြင်း သို့မဟုတ် တာဝန်မထမ်းဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ခြင်းတို့မှနေ၍ မြန်မာနိုင်ငံတွင် ယခင်က ရှိခဲ့ဖူးသည့် လူထုလှုပ်ရှားမှုများထက် ပို၍ခိုင်မာအားကောင်းပြီး မတူကွဲပြားသော ပါဝင်မှု ပိုမိုစုံလင်သည့် လူထုအင်အားမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် တည်ဆောက်ရေး လှုပ်ရှားမှုတစ်ရပ်အဖြစ်သို့ ဆင့်ကဲပြောင်းလဲ လာသည်ကို ဤအစီရင်ခံစာ ဆွေးနွေးတင်ပြထားသည်။ CDM သည် စစ်အုပ်စုကို တုံ့ပြန်နေရုံ ခုခံတွန်းလှန်နေရုံသာမက နိုင်ငံအသစ်တစ်ခုကိုလည်း ဖန်တီးဖော်ဆောင်နေသည်။ ဤစာတမ်းတွင် CDM ၏ အဆိုပါ ဆင့်ကဲပြောင်းလဲလာမှုနှင့် CDM တွင်ပါဝင်သူများ အဓိကကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုများနှင့် အန္တရာယ်အချို့ အထူးသဖြင့် လုံခြုံရေးနှင့် အသက်အိုးအိမ်ဆိုင်ရာ ဖိအားများနှင့်ဆိုင်သော ကိစ္စရပ်များကို မီးမောင်းထိုး တင်ပြထားသည်။ CDM တွင်ပါဝင်သူများသည် ကြီးမားသောဖိအားများနှင့် ရင်ဆိုင်နေရပြီး အချို့မှာ စစ်အုပ်စုထိန်းချုပ်မှု အောက်ရှိ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် လိုအပ်သည့် အနေအထားတွင် ရှိနေကြသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် လွတ်လပ်သော ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်ပေါ်လာရေးအတွက် မယုံနိုင်ဖွယ် ၎င်းတို့၏ဘဝများနှင့် ၎င်းတို့သားသမီးများ၏ ဘဝများကိုပင် စတေးခဲ့ကြသူများ ဖြစ်သည်။ အချို့က မြန်မာနိုင်ငံအတွင်းရှိ လွတ်မြောက်ဒေသများတွင် ရောက်ရှိနေကြပြီး အချို့မှာ ပြည်တွင်း သို့မဟုတ် မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၏ရလဒ်ကို အခြေခံဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) တို့အပြင် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူထုအဖွဲ့အစည်း (Civil Society Organization – CSO) များ၊ ရန်ပုံငွေရှာဖွေပေးနေသော နာမည်ကျော်ကြားသူများနှင့် နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာပြည်သူများမှ CDM များကို ကူညီပေးနိုင်ရေးအတွက် အားထုတ်မှုများ ရှိနေသော်လည်း လိုအပ်ချက်များမှာ ကြီးကြီးမားမား ရှိနေဆဲဖြစ်သည်။ ထို့အပြင် နွေဦးတော်လှန်ရေး၌ အခြားသောအစိတ်အပိုင်းများ တိတိပပပြောရလျှင် လက်နက်ကိုင်ခုခံတော်လှန်ရေးဆင်နွဲသည့် အမျုိးမိျုးသော ပြည်သူ့ကာကွယ်ရေးတပ် (People Defence Force – PDF) များနှင့် NUG တို့ရှိနေသော်လည်း CDM သည် စစ်အုပ်စုမှ အုပ်ချုပ်ရေးအာဏာကို လည်ပတ်နိုင်စွမ်းမရှိစေရန် ဟန့်တားပေးနေသည့် အခရာကျသော အကြမ်းမဖက် လှုပ်ရှားမှုအစိတ်အပိုင်း ဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီ၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး တို့အတွက် လှုပ်ရှားမှုများကို ခိုင်မာအားကောင်းစေရန် လုပ်ဆောင်နေကြသည့် မြန်မာ့နွေဦး တော်လှန်ရေး၏ နိုင်ငံတကာ မဟာမိတ်များအနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူ (Human Rights Defender – HRD) များဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ CDM တွင် ပါဝင်သူများကို HRD များအဖြစ် အသိအမှတ်ပြုပြီး ကူညီထောက်ပံ့ပေးရန် ဤစာတမ်းက ဆွေးနွေးတင်ပြထားသည်။
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.