13 May 2023
တရုတ်နိုင်ငံသူနိုင်ငံသားများနှင့် နိုင်ငံတကာရှိတရုတ်လူမျိုးများသို့ အိတ်ဖွင့်ပေးစာ
စာအမှတ်။ ။ ၆/ပပ/၂၀၂၃
ရက်စွဲ။ ။ ၁၃၊ ၅၊ ၂၀၂၃
(၁) ကျွန်ုပ်တို့သည် မိတ်ဆွေတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သော မြန်မာနိုင်ငံရှိ ငြိမ်းချမ်းစွာ အာဏာဖီဆန်လျက် ရှိသည့် လူထုကြားမှ ပေါက်ဖွားလာသော သပိတ်တပ်ပေါင်းစုအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။
(၂) ကျွန်ုပ်တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နောက်ပိုင်း အကြမ်းဖက်စစ်တပ်မှ နိုင်ငံ့အာဏာအရပ်ရပ်ကို မတရားသိမ်းယူ အုပ်ချုပ်ခဲ့ချိန်မှစပြီး ငြိမ်းချမ်းသောနည်းလမ်းပေါင်းစုံ ဖြင့် ဆန့်ကျင်ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ထို့အတူ အကြမ်းဖက် စစ်တပ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများစွာကို မတရား ဖိနှိပ်ဖြိုခွင်းပြီး ရက်စက်စွာ သတ်ဖြတ် ဖမ်းဆီးလျက် ရှိသည်မှာလည်း ယနေ့အချိန်အထိပင်ဖြစ်သည်။
(၃) အကြမ်းဖက်စစ် ခေါင်းဆောင်မင်းအောင်လှိုင်နှင့်် အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ပြည်သူများ အပေါ် ယုတ်မာရက်စက်သည့် လုပ်ရပ်များကို AAPP(Assistance Association for Political Prisoners Burma) ၏ ထုတ်ပြန်ချက်များကို ကိုးကားဖော်ပြလိုပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို တခဲနက်ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၉၀) ဦးရှိသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၂၀၃) ဦးရှိပြီး ထိုအထဲမှ (၁၇၉၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၅၈၈၉) ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်း ခံထားရသည်။ မေလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦးအပါအဝင် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦး ရှိပြီ ဖြစ်သည်။
(၄) ကျွန်ုပ်တို့နိုင်ငံသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုများကြောင့် နှစ်ပေါင်း (၇၀) ကျော်ကြာသည်အထိ လူတစ်ဦးချင်း၏ လွတ်လပ်မှုနှင့် မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနေရသလို လူနည်းစု တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူညီမျှမှုနှင့် လွတ်လပ်မှုများပါ ပျောက်ဆုံးခဲ့ရသည်။ ခေတ်အဆက်ဆက် အာဏာရှင်များထဲတွင် မင်းအောင်လှိုင်သည် အယုတ်မာဆုံး၊ အရက်စက်ဆုံးသူ ဖြစ်ကြောင်း ၎င်း၏လုပ်ရပ်များက သက်သေတည်လျက် ရှိပါသည်။
(၅) ထိုအရက်စက်ဆုံး စစ်အာဏာရှင်သည် ကိုဗစ် ၁၉ ကပ်ရောဂါကိုပင် လူသတ်လက်နက်သဖွယ် အသုံးပြု၍ ကပ်ရောဂါနှင့် ပတ်သက်သော ကာကွယ်ကုသမှု လုပ်ငန်းအရပ်ရပ်ကို ပိတ်ပင်တားဆီးပြီး ကျန်းမာရေးဝန်ထမ်းများအပါအဝင် ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ရန် ကြိုးစားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ဖိနှိပ်ဖမ်းဆီးခြင်းကြောင့် မလိုအပ်ဘဲ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြ ရပါသည်။
(၆) ထိုအရက်စက်ဆုံး စစ်အာဏာရှင်သည် စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေး အဆောက်အဦးများပါမကျန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးပြီး အရပ်သားပြည်သူလူထုအပေါ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးဖြင့် ကျေးရွာများစွာကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများအပေါ် မုဒိန်းကျင့်ခြင်း နှင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်းများကို ရက်စက်စွာ ကျူးလွန်လျက်ရှိသည်။
(၇) ထိုအရက်စက်ဆုံးစစ်အာဏာရှင်၏ ချုပ်ကိုင်မှုအောက်တွင် ကလေးသူငယ်နှင့် လူငယ်ထုကြီး၏ မွေးရာပါ အခွင့်အရေးဖြစ်သော အခြေခံပညာသင်ယူခွင့်နှင့် အခြေခံကျန်းမာရေးစောင့်ရှာက်မှုများ ခံစားခွင့်မရကြပါ။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ပညာသင်ယူခွင့် လက်လှမ်းမမီသော ကလေးနှင့် လူငယ်များမှာ (၅)သန်းကျော် ရှိနေသည်။ ထို့ပြင် ကလေးသူငယ်ပေါင်းများစွာသည် အမျိုးသားကာကွယ်ဆေးထိုးရန် အခွင့်အရေးမရကြပါ။
(၈) ထိုအရက်စက်ဆုံးစစ်အာဏာရှင်၏ လက်အောက်တွင် နိုင်ငံ၏စီးပွါးရေးနှင့် လူမှုရေးအခြေအနေမှာ များစွာခက်ခဲဆိုးရွားလျက် ရှိသည်။ ငွေကြေးဖောင်းပွခြင်း၊ စားသောက် ကုန်များနှင့် ဆေးဝါးပစ္စည်းများ မတန်တဆ စျေးကြီးမြင့်ခြင်း၊ လောင်စာဆီစျေးကြီးမှုနှင့်အတူ လူမှုဘဝလုံခြုံမှု ကင်းမဲ့ခြင်းတို့၏ ဒဏ်ကို မြန်မာလူထုသည် ခါးစည်းခံနေကြရသည်။
(၉) ထိုအရက်စက်ဆုံးစစ်အာဏာရှင်သည် ဖက်ဆစ်ထက်ဆိုးရွားစွာပင် လူ့အခွင့်အရေးများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ပြီး ပြည်သူတို့ပိုင်ဆိုင်သည့် အိမ်အတွင်းသို့ အကြမ်းဖက် ဝင်ရောက်ရှာဖွေခြင်း၊ မတရားစွပ်စွဲဖမ်းဆီးခြင်း၊ အဖိုးတန်ပစ္စည်များ သိမ်းယူခြင်းနှင့် ဖျက်ဆီး မီးရှို့ခြင်းများကို ကျူးလွန်လျက် ရှိသည်။
(၁၀) ထိုအရက်စက်ဆုံးစစ်အာဏာရှင်သည် လူထု၏လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စုဝေးခွင့်၊ စီတန်းလမ်းလျှောက်ခွင့်များကို လုံးဝပိတ်ပင်ထားသည်။ ၎င်းတို့အား ဆန့်ကျင်သူများကို မတရား ဖမ်းဆီးနှိပ်စက်ပြီး သေဆုံးသည်အထိ စစ်ကြောမေးမြန်းသည်။ ဆိုရှယ်မီဒီယာတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ပရိုဖိုင်းအနက်ရောင်ပြောင်းမိသူများကိုပင် ပုဒ်မကြီးများတပ်ကာ ဖမ်းဆီးသည်။
(၁၁) ထိုအရက်စက်ဆုံးစစ်အာဏာရှင်၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်တွင်းနှင့်ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေသူများသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့ စာရင်းအရ (၁၈၂၇၀၀၀) သန်းခန့် ရှိနေပြီး အခြေခံလူ့အခွင့်အရေးနှင့် အနာဂတ်များဆုံးရှုံးကာ နိုင်ငံမဲ့သူပမာ နီးစပ်ရာနယ်စပ်ဒေသများတွင် ဒုက္ခသည်များအဖြစ် နေထိုင်နေကြရပါသည်။
(၁၂) အချိန်သုံးနှစ်နီးပါးကာလအတွင်း ကျွန်ုပ်တို့နိုင်ငံရှိ အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက် ခံနေရမှုများကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရှိ ခေါင်းဆောင်များ သိရှိပြီးဖြစ်သည် ဖြစ်ပါသည်။ လူပေါင်းများစွာ ထိခိုက်ဖမ်းဆီး သတ်ဖြတ်ခံနေရသော်လည်း ယခုအချိန်ထိ လုံလောက် ထိရောက်သော ကူညီထောက်ပံ့ မှုများနှင့် နိုင်ငံရေးအရ ဖြေရှင်းရေးအတွက် ဆုံးဖြတ်ချက်များမှာ ပြတ်သားမှုမရှိဘဲ အထူးနှောင့်နှေး ကြန့်ကြာလျက် ရှိသည့်အပေါ် ကျွန်ုပ်တို့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် ဖိနှိပ်ခံပြည်သူများမှ များစွာ စိတ်ပျက်စွာဖြင့် မေးခွန်းထုတ်လိုပါသည်။
(၁၃) ကမ္ဘာ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာခေါင်းဆောင်များသည် မြန်မာပြည်တွင်းရေးအပေါ် မသိကျိုးကျွံပြု မျက်နှာလွဲနေသည့်တိုင် တရုတ်ခေါင်းဆောင်များနှင့် အစိုးရသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပါဝင် ပတ်သက်လိုသည့် လုပ်ရပ်များစွာကို တွေ့မြင်ရချိန်တွင် မြန်မာလူထုက တရားမျှတမှုနှင့် အပြုသဘော ဆောင်ရန် မျှော်လင့်ပြီး ကြိုဆိုခဲ့ကြသော်လည်း တရုတ်အစိုးရ၏ လုပ်ရပ်များသည် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွါးများကာကွယ်ရေးနှင့် ဒေသတွင်း ဩဇာအာဏာကြီးမားကြောင်း ပြသရေးတို့ကိုသာ ရည်ရွယ်ပြီး ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကွဲလွဲကာ စစ်အကြမ်းဖက်အုပ်စုဖက်မှ ရပ်တည်ပြီး စစ်အာဏာရှင်စနစ် အောက် ပြန်လည်ရောက်ရှိစေမည့် လမ်းကြောင်းပေါ်သို့ အတင်းအကျပ် တွန်းပို့နေသည်ဟု ကျွန်ုပ်တို့ ခံစား တွေ့မြင်မိပါသည်။
(၁၄) စစ်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့်စစ်အုပ်စုနှင့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွါးရေးစသည့် မည့်သည်အရေးကိစ္စတွင်မှ အတူတကွ လက်တွဲသွားနိုင်စရာ အကြောင်းမရှိပါ။ မြန်မာပြည်သူလူထု၏ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက် တရားမျှတမှု ရှာဖွေရေးနှင့် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ လုံးဝပပျောက်ရေးသည်သာ ကျွန်ုပ်တို့လူထုလှုပ်ရှားမှု၏ အန္တိမရည်မှန်း ချက် ဖြစ်သည်။
(၁၅) နိုင်ငံတကာနှင့်ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံများရှိ ခေါင်းဆောင်အသီးသီးတို့သည် အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်ရေး အလုံးစုံရပ်ဆိုင်းသွားပြီး နိုင်ငံတကာအသိအမှတ်ပြုသော ပြည်သူ့အစိုးရ တစ်ရပ် အလျင်အမြန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန် အထူးလိုအပ် နေပါသည်။
(၁၆) ထို့အတူ တရုတ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏အကျိုးစီးပွါးများ နိုင်ငံတကာ ဥပဒေနှင့်အညီ တည်ငြိမ်စွာ ရှင်သန်လည်ပတ်နိုင်ရေးသည် ပြည်သူလူထုကရွေးကောက် တင်မြှောက်သော အစိုးရလက်ထက်တွင်သာ တွေ့မြင်နိုင်မည်ဖြစ်ကြောင်း အသိပေးလိုပါသည်။ တော်လှန်ရေးအင်အားစုများနှင့် အဖိနှိပ်ခံပြည်သူလူထုဖက်မှ ရပ်တည်စဉ်းစားကာ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလက်လွှတ်ရေးနှင့် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးတွင် ဆက်လက် မပါဝင်ရေးအတွက် ဖိအားပေး ညှိနှိုင်းဆောင်ရွက်ပေးရန်လိုပါသည်။
(၁၇) ဤကိစ္စသည် နိုင်ငံတွင်းဖြစ်ပျက်နေသော ပြည်တွင်းရေးကိစ္စတခုဟု ထင်မြင်ယူဆစရာ ဖြစ်သော်လည်း ကမ္ဘာသူကမ္ဘာသားများဖြစ်ကြသော အပြစ်မဲ့မြန်မာ့လူထုအပေါ် မတရား လူ့အခွင့်အရေးချိုးဖေါက်ကာ ရက်စက်သတ်ဖြတ်ခံနေရသည့် လုပ်ရပ်သည် ကမ္ဘာ့အရေးကိစ္စတခု ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများကိုယ်တိုင် ကာကွယ်ဆန့်ကျင်ပေးရန် တာဝန်ရှိနေပါသည်။
(၁၈) ကျွန်ုပ်တို့မျှော်လင့်နေသည်မှာ နိုင်ငံတကာရှိပြည်သူလူထု၏ ကိုယ်ချင်းစာတရားနှင့် ထောက်ခံအားပေးမှု ဖြစ်သည်။ ကျွန်ုပ်တို့ပြည်သူလူထု၏ ခံစားမှုနှင့် အခက်အခဲကို နိုင်ငံတကာ ခေါင်းဆောင်များထက် နိုင်ငံတကာလူထုက ပို၍နားလည် ကိုယ်ချင်းစာနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်တို့နိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ပြည်သူလူထုနှင့် နိုင်ငံတကာရှိ တရုတ်လူမျိုးများကို ဖြစ်သည်။
(၁၉) ကျွန်ုပ်တို့သည် တရုတ်ပြည်သူလူထုနှင့် နိုင်ငံတကာရှိ တရုတ်လူမျိုးများအား အမှန်တရားနှင့် တရားမျှတမှုကို မြတ်နိုးတန်ဖိုးထားသူ၊ လူ့အခွင့်အရေးများကို တန်ဖိုးထားသူ၊ ဖိနှိပ်မှုဟူသမျှကို ဆန့်ကျင် တွန်းလှန်လိုသူများဟု ယုံကြည်ပါသည်။ ထို့ပြင် မည်သည့်နည်း၊ မည်သည့် အခြေအနေတွင်မဆို တရုတ်အစိုးရ၏ အကြမ်းဖက်စစ်အုပ်စုနှင့် နိုင်ငံရေးစီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု အားလုံးသည် ကျွန်ုပ်တို့ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်ကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သိမြင်စေချင်ပါသည်။ ထိုသို့သောလုပ်ရပ်များ မလုပ်ဆောင်နိုင်ရန် တရုတ်လူမျိုးအားလုံးက တရုတ်အစိုးရအပေါ် အကြံပြု တိုက်တွန်းပေးကြပါရန် လေးနက်စွာ တောင်းဆိုအပ်ပါသည်။
(၂၀) နိုင်ငံတကာနှင့် တရုတ်ပြည်ရှိ တရုတ်လူမျိုးများအားလုံး ကျွန်ုပ်တို့ပြည်သူလူထုကဲ့သို့ ဖိနှိပ်ချုပ်ချုယ် ခံရမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကိုလည်း ကင်းဝေး၊ လွတ်မြှောက်နိုင် ပါစေဟု ဆန္ဒပြုလိုက် ပါသည်။
လုံးဝအုပ်ချုပ်ခွင့်မရစေရ။
သွေးကြွေးမှာဆွေးနွေးစရာမရှိ။
ဖက်ဒရယ်ပြည်ထောင်စုမုချတည်ဆောက်နိုင်ရမည်။
သွေးစည်းညီညွတ်မှုဖြင့်
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု
View the original
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.